by Thanda Win on Saturday, November 17, 2012 at 1:48am ·
- ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ဧည့်ခန်းဆောင်ဟာ ညနေစောင်းတာနဲ့ ဆူညံနေတတ်ပါတယ်။ ဧည့်ခန်းမထဲမှာ ဥဒဟိုလှည့်ပတ်သွားနေကြတဲ့ တရုတ်လူမျိုး၊ ဂျပန်လူမျိုး၊ ဥရောပသား၊ အမေရိကန်လူမျိုးတွေဟာ အံ့အားသင့်စရာကောင်းလောက်အောင် များလှပါတယ်။ သူတို့အားလုံးဟာ မြန်မာ့စီးပွားရေး ရုတ်တရက်ဖွံ့ဖြိုးလာမှာကို ဒီနေရာက စောင့်နေကြတဲ့အတိုင်းပါပဲ။
- မြန်မာအစိုးရကဆောင်ရွက်နေတဲ့ နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို ကြိုဆိုတဲ့အနေနဲ့ အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ဖယ်ရှားလိုက်တာ မဟုတ်ပေမယ့် ရွှေ့ဆိုင်းခဲ့ပါတယ်။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိက ခရီးစဉ်မှာ အောင်ပွဲခံခဲ့ပါတယ်။ စစ်အာဏာရှင်ဘ၀မှ အသွင်ပြောင်းလာခဲ့တဲ့ သမ္မတဦးသိန်းစိန်ကိုလည်း သင့်တင့်လျောက်ပတ်စွာ ကြိုဆိုခဲ့ကြပါတယ်။
- ၁၉၈၉ ခုနှစ်ကတည်းက နေအိမ်အကျယ်ချုပ်နဲ့ ၀င်လိုက် ထွက်လိုက်ဖြစ်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နယ်ဆင်မင်ဒဲလားကို နှိုင်းယှဉ်ပြောဆိုနေကြတာ အံကိုက်ပါပဲ။ ဒါပေမယ့် မင်ဒဲလားဟာ ပြုပြင်ပြောင်းလဲရေးတွေလုပ်ပေးချင်ပေမယ့် အတွင်းကျကျပြောင်းလဲဖို့ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတဲ့ သမ္မတ ဒီကလပ်ကို တိုက်တွန်းနှိုးဆော်ဖို့ လိုအပ်ခဲ့ပါတယ်။ သတ္တိရှိပြီး တာဝန်သိတဲ့လူတွေဟာ မတရားမှုတွေကို ကမ္ဘာတလွှားမှာ တိုက်ထုတ်နေကြပါတယ်။ ဒါပေမယ့် ဒီအချိန်ကလေးကတော့ သူတို့ရဲ့စိတ်ဆန္ဒတွေနဲ့ အုပ်ချုပ်သူအာဏာရှင်တို့ရဲ့ဆန္ဒ ထပ်တူကျနေတဲ့ ရတောင့်ရခဲ ရှားရှားပါးပါး အချိန်ပါပဲ။
- မြန်မာခေါင်းဆောင်တော်တော်များများနဲ့ တွေ့ဆုံပြီးတဲ့နောက် ဦးသိန်းစိန်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်ဖို့ ခိုင်ခိုင်မာမာဆုံးဖြတ်ထားကြောင်း ကျွန်တော်တို့ သိလာပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်းမှာ အရှေ့အလယ်ပိုင်းဒေသ တိုင်းပြည်တွေမှာ တွေ့ခဲ့ရတဲ့ တော်လှန်ရေးပုံစံမျိုး မဟုတ်ပါဘူး။ ဒါဟာ သေသေချာချာတွက်ချက်ထားပြီး အနှစ်သာရရှိတဲ့ အတွင်းပိုင်းက ပြုပြင်ပြောင်းလဲရေးမျိုးဖြစ်ပါတယ်။ တဖက်မှာတော့ ဒီဖြစ်စဉ်ဟာ နှေးနှေးမှန်မှန်နဲ့ အစိုးရရဲ့ စွမ်းဆောင်ရည်ကို တည်ဆောက်ရပါမယ်။ ခေတ်နောက်ပြန်ဆွဲလိုသူတွေက မတားဆီးနိုင်အောင် လုပ်ရပါမယ်။ မြန်မာနိုင်ငံရဲ့ ကြွယ်ဝလှတဲ့ သယံဇာတတွေကို လက်ဝါးကြီးအုပ်ပြီး မထိန်းချုပ်နိုင်အောင် ဆောင်ရွက်ရပါမယ်။ အခြားတဖက်မှာလည်း လူထုက ပြုပြင်ပြောင်းလဲမှုရဲ့ အသီးအပွင့်တွေကို မြန်မြန်ဆန်ဆန် ခံစားနိုင်အောင် လုပ်ဆောင်ရပါဦးမယ်။ ဒီလိုအောင်မြင်မှုဟာ ပြည်ပရင်းနှီးမြုပ်နှံမှုတွေနဲ့ အနီးကပ်ပူးတွဲဆောင်ရွက်မှုတွေပေါ်မှာ အများကြီးတည်မှီနေပါတယ်။
- တကယ်လို့များ လူထုက ဒီမိုကရေစီနဲ့ ပြောင်းလဲရေးတွေရဲ့ အကျိုးအာနိသင်ကို မခံစားရဘူးဆိုရင် ဒီဖြစ်စဉ်ဟာ ကျဆုံးသွားမှာ ဖြစ်ပါတယ်။
- ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က တိုးတက်ပြောင်းလဲဖို့ လမ်းစကိုသာတွေ့သေးတယ်။ စိန်ခေါ်မှုတွေ အခက်အခဲတွေ အများကြီး ဖြတ်သန်းရဦးမယ်လို့ ပြောထားပါတယ်။
- ပြည်သူလူထုအများစုက အလွန်ဆင်းရဲကြပါတယ်။ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းကို မြှင့်တင်ဖို့ဆိုတာ အစိုးရ၊ အတိုက်အခံပါတီ၊ စီးပွားရေးအဖွဲ့အစည်းများ စသဖြင့်အားလုံးပါဝင်မှသာဖြစ်နိုင်ပါမယ်။ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ရေး၊ စီးပွားရေးကို မြှင့်တင်ရေးတို့ဟာ မြန်မာလူထုကော နိုင်ငံတကာအသိုင်းအ၀ိုင်းကပါ စွမ်းစွမ်းတမံခွန်အားစိုက်ထုတ်ဖို့ လိုပါလိမ့်မယ်။
- ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့သလို လယ်ယာစိုက်ပျိုးရေးနဲ့ အလုပ်အကိုင်ပေါများစေမယ့် လုပ်ငန်းများဟာ ထိပ်တန်းဦးစားပေးဖြစ်ရပါမယ်။ မြန်မာပြည်မှာ ရေအရင်းအမြစ်နဲ့ လျှပ်စစ်စွမ်းအားအတွက် အခြေခံရင်းနှီးမြှပ်နှံမှုတွေ လိုအပ်နေပါတယ်။ ဒါ့အပြင် ပြသနာတွေဖြစ်ပွားနေတဲ့ နယ်စပ်ဒေသတွေမှာလည်း ငြိမ်းချမ်းမှု၊ ပြေလည်မှုတွေကို မရှိမဖြစ်လိုအပ်ပါသေးတယ်။ တိုင်းရင်းသားလူနည်းစုတွေက ဒီအပြောင်းအလဲမှာ သူတို့ပါဝင်တယ်လို့ မခံစားရဖူးဆိုရင် ဒီပြောင်းလဲမှုတွေဟာ အလကားဖြစ်ကုန်ပါလိမ့်မယ်။
- ဒုတိယအချက်ကတော့ အစိုးရဟာ ဘယ်လိုစနစ်တကျ အုပ်ချုပ်ရမယ်ဆိုတာကို မသိပါဘူး။ အခြေခံ စွမ်းဆောင်ရည်နဲ့ ဗဟုသုတကို မရှိနေတာပါ။ အာဏာရှင်စနစ်အောက်မှာ ဆယ်စုနှစ်များစွာ နေခဲ့ပြီးတဲ့နောက် အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးအဖွဲ့တွေဟာ ပြည်သူတွေကို ၀န်ဆောင်မှုပေးဖို့ အရည်အချင်းမပြည့်တော့ပါဘူး။ ကောင်းတဲ့အချက်ကတော့ သူတို့ဟာ စံနှုန်းတွေ၊ လုပ်ပုံကိုင်ပုံတွေကို လေ့လာသင်ယူဖို့ စိတ်အားထက်သန်နေကြပါတယ်။ အခြေခံလေးတွေဖြစ်တဲ့ ဥပဒေကြမ်းဆွဲဖို့၊ ဘတ်ဂျက်ဆွဲဖို့၊ ကိုယ်စားလှယ် အဖွဲ့အစည်းတွေ ထူထောင်ဖို့၊ ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်ဖို့၊ စီးပွားရေးအဖွဲ့တွေနဲ့ ဘယ်လိုအပေးအယူဆောင်ရွက်ရမယ် ဆိုတာတွေကို သင်ယူရပါမယ်။ လုပ်ငန်းလည်ပတ်ရမယ့် အစိုးရတခုအတွက် အခြေခံလိုအပ်ချက်တွေကလည်း ရှိမနေပါဘူး။ လွှတ်တော်အဖွဲ့ဝင်တွေမှာ ၀န်ထမ်းတောင်မရှိပါ။
- အမေရိကန်နိုင်ငံက ဒီမိုကရေစီထူထောင်ရေး ပညာရှင်အဖွဲ့များဟာ အပြည့်အ၀လုပ်ငန်းစသင့်နေပါပြီ။ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး အဖွဲ့တွေအတွက်ကော နိုင်ငံရေးပါတီတွေအတွက်ပါ သင်တန်းတွေ အမြန်ဆုံးလိုအပ်နေပါတယ်။
- တတိယအချက်ကတော့ အမေရိကန်နိုင်ငံဟာ မြန်မာနိုင်ငံအတွက် အရေးပေါ်ဗျုဟာတွေ မချမှတ်ထားပါဘူး။ ဒါကြောင့် အမြန်အကောင်အထည်ဖော်ဖို့ နှောင့်နှေးနေပါတယ်။ ပိတ်ဆို့မှုတွေကို တရားဝင်ဆိုင်းငံ့လိုက်တယ်ဆိုပေမယ့်လည်း သက်ရောက်မှုတွေ အများကြီးကျန်ရှိနေပါသေးတယ်။ အီဂျစ်နဲ့တူနီးရှားတို့လိုပဲ မြန်မာဟာ အမေရိကန် အင်တာပရိုက်စ် ရန်ပုံငွေကို သုံးနိုင်ပါတယ်။ ဒါက မြန်မာပြည်သူတွေကို အမေရိကန်လုပ်ငန်းတွေရဲ့ စံနှုန်းတွေနဲ့ ရင်းနှီးစေပြီး အမေရိကန် ပုဂ္ဂလိကရင်းနှီးမြှပ်နှံမှုတွေကိုလည်း တိုးပွားစေနိုင်ပါတယ်။
- အမေရိကန်သာမရှိရင် တရုတ်ပြည်က အကုန်ယူသွားမှာပါပဲ။ ဒါဆို စီးပွားရေးအခွင့်အရေးတွေလည်းဆုံးရှူံးမယ်။ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို သွားတဲ့လမ်းကြောင်းပေါ်မှာ သြဇာသက်ရောက်မှုကိုလည်း လက်လွှတ်ရပါလိမ့်မယ်။
- ဒါအချိန်ဟာ မြန်မာနိုင်ငံအတွက် တကယ့်ကိုထူးခြားတဲ့အချိန်ကောင်းပါပဲ။ နိုင်ငံရေးအမြင်တွေမတူခဲ့ကြတဲ့ သက်တမ်းရှည်ပြိုင်ဘက်များဟာ အခုတော့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီလမ်းကို အကောင်းဆုံးသွားနိုင်ဖို့ ခြေလှမ်းတူနေကြပါပြီ။ ထောင်ကျခံခဲ့ရတဲ့သူတွေကလည်း တိုင်းပြည် ငြိမ်းချမ်းရေး၊တည်ငြိမ်ရေးနဲ့ တိုးတက်မှုတွေကို ရှေ့ရှူပြီး ထောင်ချခဲ့တဲ့လူတွေနဲ့အတူ ယုံကြည်မှုတွေတည်ဆောက်နေကြပါတယ်။ ကျွန်တော်တို့ဟာ သူတို့ပြောချင်တာတွေကို နားထောင်ပြီး သူတို့ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မြန်မြန်ဆန်ဆန် ဖက်လှဲတကင်း အားပေးဖို့သင့်ပါပြီ။
- ဒီနေရာမှာ အမေရိကန်နိုင်ငံရဲ့ ပိတ်ဆို့မှုတွေခံနေရဆဲဖြစ်တဲ့နိုင်ငံတွေ၊ အထူးသဖြင့် မြောက်ကိုရီးယားနိုင်ငံကို ပြုပြင်ပြောင်းလဲမှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေကို အမေရိကန်က ပေးစွမ်းနိုင်ကြောင်း ပြောပြစရာတွေ အများကြီးကိုရှိနေပါတယ်။ ဒီအတွက် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို စံနမူနာပြအဖြစ် ထားနိုင်ပါတယ်။
No comments:
Post a Comment