Thursday, November 8, 2012

တော်ဝင် သစ်အချောထည်စက်ရုံမှ အလုပ်သမားများ ၁၄ ရက်နေ့မြောက် ဆန္ဒပြ


ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်
သာမြို့နယ်အတွင်းရှိ တော်ဝင်မိ
သားစု(Taw Win Family CO;LTD)
သစ်အချောထည်စက်ရုံမှ
အလုပ်သမား(၂၂၀)ခန့်မှာ တောင်းဆိုထားသည့်အချက်(၅)ချက်မရရှိသဖြင့် ဆန္ဒပြမှု(၁၄) ရက်မြောက်နေ့တွင် မရမ်းကုန်းမြို့နယ်အတွင်းရှိ အလုပ်သမားဝန်ကြီးရုံးရှေ့တွင် ငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

 “အရင်နေ့တွေကတော့ စက်ရုံထဲမှာပဲဆန္ဒပြခဲ့ကြတာပါ။ အစပိုင်းကတော့ စက်ရုံပိုင်ရှင်ဘက်က ကိုယ်စားလှယ် တွေနဲ့ ညိုနှိုင်းတာတွေ လုပ်သေးတယ်။ နောက်ပိုင်း ညှိနှိုင်းမှုတောင်မလုပ်တော့လို့ ဒီထိရောက်လာပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်တာပါ”ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ အလုပ်သမားတစ်ဦးက ပြောသည်။

 ဆန္ဒပြအလုပ်သမားများ တောင်းဆိုထားသော အချက်(၅)ချက်မှာ (၁)စက်ရုံရှိ အလုပ်သမားများ၏ ဆန္ဒမပါပဲ အပြင်ဆိုဒ်သို့ မပို့ရန်၊ (၂) အလုပ်သမားများ၏ သဘောတူညီချက်မရှိပဲ စည်းကမ်းချက်များ မထုတ်ပြန်ရန်၊ (၃)စက်ရုံအတွင်း ၀င်ခွင့်မပေးသောအလုပ်သမား များအား Onduty ပေးရန် လုပ်ခပေးရန်၊ (၄)E/C စာချုပ် အမြန်ချုပ်ဆိုရန်နှင့် (၅) လူမှုဖူလုံရေးကဒ် တစ်ပတ်အတွင်း ထုတ်ပေးရန်တို့ ဖြစ်ကြောင်း သိရသည်။

 “စက်ရုံမှာက စည်းကမ်းချက်တွေအရမ်းများတယ်။ ဥပမာ စက်ရုံအတွင်းမှာ ကွမ်းမစားရဘူးလို့ စည်းကမ်းထုတ်ထားတယ်။ ဒါကိုလက်ခံတယ်။ မနက်အလုပ်လာလို့ လမ်းမှာစားပြီး အလုပ်ထဲရောက်လို့ ပါးစပ်မှာနီနေရင် ပိုက်ဆံဖြတ်တယ်။ အဲလိုမျိုးတွေရှိတယ်”ဟု အလုပ်သမားတစ်ဦးက ရှင်းပြသည်။

 ဆန္ဒပြပွဲတွင် အလုပ်သမားအင်းအား(၂၀၀)၀န်းကျင်ပါရှိပြီး အစာငတ်ခံဆန္ဒပြသော အလုပ်သမား(၁၀) ဦးလည်းပါရှိကြောင်း သိရသည်။

“အစာငတ်ခံဆန္ဒပြတဲ့သူ(၁၀)ဦးပါတယ်။ သူတို့အခုလိုပြနေတာ (၁၄)ရက်လောက်ရှိနေပြီ။ ဆေးရုံတင်ရတဲ့ သူတွေလည်းရှိပါတယ်”ဟု ဆန္ဒပြပွဲကို ပါဝင်ကူညီပေးသူတစ်ဦးကပြောသည်။


အဆိုပါဆန္ဒပြပွဲသို့ ရန်ကုန်ပြည်သူ့အကျိုးဆောင်ကွန်ယက်၊ အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများအဖွဲ့နှင့် လယ်သမားအရေးများ
 တွင် လိုက်ပါကူညီဆောင်ရွက်ပေးနေသူ ဦးဝင်းချိုတို့ လာရောက်အားပေး
 ကူညီခဲ့ကြကြောင်းလဲ သိရသည်။


မြစ်မခမီဒီယာ

No comments: