နိုဝင်ဘာ ၇ ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြမည့် မောင်ဝံသ ပြောချင်လွန်းလို ဆောင်းပါး။့
ယခင်အပတ် ပြည်သူ့ခေတ်ဂျာနယ်ပါ ကျွန်တော့်ရဲ့
]]ပြည်ထောင်စုစစ်စစ် မူကို လက်ခံကြပြီဆိုလျှင် ရွှေပြည်တော် မျှော်တိုင်း
မဝေးတော့ပါပြီ}}ဆောင်းပါး ကိုဖတ်ပြီး သဘောတူသူအတော်များများက စာတတန်
ဖုန်းတထောက် ဆက်သွယ် ပြောဆိုကြပါတယ်။ အဲဒီပုဂိုလ်များထဲမှာ
အငြိမ်းစားနိုင်ငံ့ဝန်ထမ်း တစ်ဦးအမည်နဲ့ ပြည်သူ့ခေတ်မှာ
ဆောင်းပါးတွေရေးနေတဲ့ ကျွန်တော့် မိတ်ဆွေရင်း အန်ကယ်ကြီးက ရှေ့ဆုံးက
ပါပါတယ်။
အခြေခံဥပဒေပြန်လည်ပြင်ဆင်ရေးကော်မတီ
အန်ကယ်ကြီးက ကျွန်တော်ရေးတဲ့
အကြောင်းအရာနဲ့ တိုက်ရိုက် သက်ဆိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။ ၁၉၆၁ခုနှစ်လောက်က
ဝန်ကြီးချုပ် ဦးနုလက်ထက် ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးကော်မတီမှာ ထိုစဉ်က တရားရေးဌာနရဲ့ အတွင်းဝန်
ကလေးဘ၀နဲ့ အတွင်းရေးမှူး အဖြစ်တာဝန်ယူခဲ့သူ ဖြစ်လို့ပါ။ ဥက္ကဌက ထိုစဉ်က
တရားရေးဝန်ကြီး ဒေါက်တာ အေးမောင် ဖြစ်ပါတယ်။ အန်ကယ်ကြီးက ခုဆို
အဲဒီကော်မတီမှာ ပါဝင်ခဲ့တဲ့ ၃၃ဦးအနက် သူတစ်ယောက်ပဲ ကျန်စစ်သား ဖြစ်နေပြီ
ထင်တယ်လို့ ပြောပါတယ်။ ကော်မတီမှာ ဦးတီပီဝမ်း၊ ဦးဘညိမ်း၊ ဦးထွန်းဝင်း၊
ဦးခင်မောင်လတ် စသဖြင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် နှစ်ယောက်စီနဲ့
ရှေ့နေချုပ် ဦးရန်အောင်လို ပုဂိုလ်တွေပါတယ်။ အတွင်းရေးမှူးလုပ်ခဲ့တဲ့
အန်ကယ်ကြီး ကိုယ်တိုင်က ယခု အသက် ၈၀ ကျော်ပါပြီ။ ဒါပေမယ့် ကျွန်တော့်ဆီ
ပုံမှန်ဖုန်းဆက်၊ ရံဖန်ရံခါ ကိုယ်တိုင်လာလည်တယ်၊ ကျန်းမာရေးလေ့ကျင့်ခန်း
ပုံမှန်လုပ်တယ်။ စာဖတ်တယ်၊ ရေဒီယို နားထောင်တယ်၊ ခေတ်ကို မျက်ခြေမပြတ်ဘူး။
ခွဲထွက်ဖို့ စိတ်ကူးမရှိခဲ့ပါ
သူက သူတို့ကော်မတီက
အထူးဖိတ်ကြားတွေ့ဆုံခဲ့သူတွေထဲမှာ ပထမဆုံး နိုင်ငံတော် သမ္မတကြီး
စပ်ရွှေသိုက် ပါဝင်ပုံ၊ စပ်ရွှေသိုက်က သူတို့အနေနဲ့ ပြည်ထောင်စုက
ခွဲထွက်မယ်ဆိုတဲ့ စိတ်ကူး လုံးဝမရှိတဲ့ အကြောင်း၊ ပြည်နယ်တွေမှာ
အာဏာခွဲဝေမှု ဘာမှ မရှိသလောက် ဖြစ်နေလို့ ပြုပြင်စေချင်တဲ့အကြောင်း
(သစ်ခုတ်တာ၊ သတ္တုတွင်းတူးဖော်တာကအစ ဗဟိုအစိုးရဆီက ခွင့်ပြုမှ လုပ်နိုင်တဲ့)
အထောက်အထားတွေနဲ့ ပြောပြပုံတွေကို ကျွန်တော့်ကို ပြောပါတယ်။
ကျွန်တော်က အန်ကယ်ကြီး ကျွန်တော့်ကို အခုပြောပြတာတွေကိုပဲ ဆောင်းပါး
ပြန်ရေးစမ်းပါ၊ ဒီနေ့ခေတ်လူတွေ သိဖို့ကောင်းတယ်လို့ ပြောလိုက်ပါတယ်။
အန်ကယ်ကြီး က ရေးမယ် ရေးမယ် လို့သာ ပြောသွားတယ်၊ ဒီနေ့ထိ ဆောင်းပါးက
ဖြစ်မလာပါဘူး။ ကျွန်တော်ကတော့ အပျော်ထမ်းစာရေးသူတွေအကြောင်း သိနေလို့
ထပ်မံတိုက်တွန်းဖို့ပဲ ကြိုးစားရပါမယ်။ သူတို့သဘာဝက စာဖတ်မယ်၊ ပြောမယ်၊
ဆွေးနွေးမယ်၊ ချရေးဖို့ကျတော့ အလွန်ဇီဇာကြောင်ကြပါတယ်။ အဲဒါ ကျုပ်တို့
ဗျူရိုကရက်တွေရဲ့ အကျင့်ပဲလို့ သူကိုယ်တိုင်က ၀န်ခံဖူးပါတယ်။
ရေးတော့လည်း တစ် နှစ် သုံး နံပါတ်စဉ်တွေထိုးပြီး အစီရင်ခံစာသဖွယ်
ရေးလာတတ်ပါတယ်။ မည်သို့ရှိစေ၊ အန်ကယ်ကြီးဆီက အဖိုးတန်
သမိုင်းအချက်အလက်တွေကို စောင့်မျှော်ကြပါစို့။
ကျန်းမာရေးအာမခံ
နောက်တစ်ချက် ဒီအပတ်ပြောချင်တာက
ကျန်းမာရေးအာမခံ အကြောင်း ဖြစ်ပါတယ်။ ကျွန်တော် အဆုတ်ကင်ဆာဖြစ်လို့
ဆေးကုနေရတဲ့သတင်းကြားတော့ အမေရိကန်နဲ့ ဥရောပက မြန်မာ မိတ်ဆွေတွေက
ကျွန်တော်တို့ဆီမှာ ကျန်းမာရေးအာမခံရှိတယ်မဟုတ်လား၊ မလုပ်ထား ဘူးလား၊
အဲသလို ကျန်းမာရေးအာမခံလုပ်ထားရင် အာမခံဌာနက ဆေးကုသစရိတ်အများစုကို
တာဝန်ယူပေးချေရတာပဲ စသည်ဖြင့် ပြောကြပါတယ်။
နောက် မိတ်ဆွေ တချို့က
ကျန်းမာရေးဆေးကုစရိတ် အတွက် ဘဏ်တွေက ငွေချေးတဲ့စနစ် မရှိဘူးလား လို့
မေးပါတယ်။ အမှန်အတိုင်း ပြောရရင် အဲဒီတော့မှ ကျွန်တော်လည်း ကျန်းမာရေးအာမခံ
အကြောင်း သတိရပါတယ်ဗျာ။
နိုင်ငံပိုင်သတင်းစာ တိုက်တွေမှာ အယ်ဒီတာ လုပ်ခဲ့တုန်းကတော့
လူမှုဖူလုံရေးကတ်ပြားလည်း ရှိတယ်၊ ရန်ကုန်က အလုပ်သမားဆေးရုံကြီးမှာ
ဆေးကုသမှုလည်းခံယူဖူး ပါတယ်။ ကျန်းမာရေးအာမခံရဲ့ သဘောသဘာဝက အဲဒီသဘောပါပဲ။
ကျွန်တော့်လခ ထဲက လွန်ခဲ့တဲ့ နှစ် ၃-၄၀ လောက်က တစ်လကို ၁၄-၅ကျပ်လောက်
လူမှုဖူလုံရေးအတွက် ငွေဖြတ်တယ်။
ကျန်းမာရေးကောင်းနေရင် နှစ်ပေါင်းများစွာ ကျွန်တော့် ထည့်ဝင်ငွေဟာ အခြား
အလုပ်သမားတွေ ဆေးကုစရိတ်ထဲ ပါမယ်။ ကျွန်တော် ကုသိုလ်ရတာပေါ့။ ကျွန်တော်
ကျန်းမာရေး ချွတ်ယွင်းလို့ ဆေးကုရပြီဆိုရင်လည်း ကျွန်တော် သွင်းထား
တဲ့ငွေပမာဏနဲ့ မဆိုင်ဘူး၊ ရောဂါအခြေအနေအလျောက် ကုန်ကျစရိတ်ကို
လူမှုဖူလုံရေးက တာဝန်ယူပေးတာပဲ။ အင်မတန်ကောင်း တဲ့စနစ်ပါ။
အမေရိကန်က အာမခံ
သို့ပေမယ့် ၀န်ထမ်းမဟုတ်တော့ချိန်ကစလို့
ကျွန်တော်လည်း ကျန်းမာရေးအာမခံထားဖို့ဆိုတာ သတိတောင်မရတော့ပါဘူး။ ၂၀၁၀
တုန်းက အမေရိကန်ပြည်ကို ဖဲလိုးရှစ်တစ်ခုနဲ့ သွားတော့ အဲဒီမှာ
ကျန်းမာရေးအာမခံဖောင်တွေဖြည့်ပြီး လုပ်ရသေးတယ်။ ဘာရယ်မဟုတ်ဘူး၊
ဖြည့်ဆိုလို့ ဖြည့်လိုက်တာပါပဲ။ နောက်တော့ ကျွန်တော် ပြန်လာပြီးတဲ့အခါ
ပြန်အမ်းငွေတွေဘာတောင် ရပါသေးတယ်။
အဲဒီတုန်းက ဗဟုသုတအဖြစ် တစ်ခုတော့
မေးမိလို့ သိလိုက်တယ်။ တကယ်လို့ ကျွန်တော် အမေရိကန်မှာ ရှိနေတုန်း
ရောဂါတစ်ခုခုစွဲကပ်လို့ ကုသရရင် ဘယ်လို တာဝန်ယူမှာလဲ ဆိုတော့
ကုန်ကျစရိတ်အားလုံးအနက် အာမခံဌာနက ၈၀ ရာခိုင်နှုန်း၊ ကျွန်တော့်အလုပ်ရှင်
(ဖိတ်ကြားတဲ့အဖွဲ့အစည်း) သို့မဟုတ် ကျွန်တော်က ၂၀
ရာခိုင်နှုန်းကျခံရမယ်လို့ သိရပါတယ်။
သမ္မတအိုဘားမားက ဆင်းရဲသားတွေ
ကျန်းမာရေးဆေးကုသ စရိတ်အတွက် အစိုးရက များများသုံးနိုင်အောင်
လူချမ်းသာတွေဆီက အခွန်ပိုကောက်ဖို့ စီစဉ်တဲ့ ၂၀၀၉ခုနှစ်လောက်က
ကျန်းမာရေးအာမခံ စီမံကိန်းအကြောင်းလည်း လေ့လာဖူးပါတယ်။ အတော်
စိတ်ဝင်စားဖို့ ကောင်းပါတယ်။
ပုဂလိက အာမခံလုပ်ငန်းတွေ
ကျွန်တော်တို့ဆီမှာ အာမခံဌာနက ၀ါရင့်
သဘာရင့် ဆရာကြီး ဒေါက်တာမောင်မောင်သိမ်း ဒုတိယ၀န်ကြီး ဖြစ်သွားပြီဆိုတော့
ကျန်းမာရေး အာမခံကိစ္စတွေဘက်မှာ တစ်နည်းတစ်ဖုံ ထူးခြားတိုးတက်လာမယ်လို့
မျှော်လင့်မိပါတယ်။ အထူးသဖြင့် ပြည်တွင်း ပြည်ပ ပုဂလိက လုပ်ငန်းရှင်တွေကို
အာမခံလုပ်ငန်း (အထူးသဖြင့် ကျန်းမာရေးအာမခံ) တွေ ကျယ်ကျယ် ပြန့်ပြန့်
လုပ်ကိုင်ခွင့်ပေးလာရင် အစိုးရလည်း ၀န်ပေါ့သွားမယ်၊
ကြိုးနီစနစ်ကင်းရှင်းတဲ့ ကမ္ဘာ့အဆင့်မီ အာမခံလုပ်ငန်းတွေလည်း ပေါ်လာ မယ်လို့
ယုံကြည်ပါတယ်။
တစ်ခုတော့ရှိပါတယ်။
ပုဂလိကလုပ်ငန်းရှင်တွေကို အာမခံလုပ်ငန်း လုပ်ချင်ကိုင်ချင်စိတ်
မရှိတော့လောက်အောင် စိတ်ပျက် သွားစေမယ့် စည်းမျဉ်းစည်းကမ်းတွေ၊
ငွေပမာဏသတ်မှတ်ချက်တွေနဲ့ ရင်ဘတ် ဆီးမတွန်းဖို့တော့ လိုမယ် ထင်တယ်ဗျာ။
လူတစ်ဦးချင်းစီဟာ တစ်လကို
ငွေထောင်ဂဏန်းလောက် ပုံမှန်သွင်းထားရုံနဲ့ အရေးဟယ် အကြောင်းဟယ်
ကျန်းမာရေးကိစဖြစ်လာရင် သိန်းချီကုန်ကျမယ့် စရိတ်တွေကို အာမခံဌာနက
တာဝန်ယူပေးတဲ့စနစ်မျိုး မှန်မှန်ကန်ကန် ပေါ်ပေါက်လာရင်
ဆင်းရဲသားပြည်သူများအတွက် ကြီးစွာ အကျိုးရှိမည်မှာ သေချာပါတယ်။
တစ်ခုတော့ ရှိပေသပေါ့ခင်ဗျာ။
ကုသရေးပိုင်းမှာ ပြီးစလွယ် မဟုတ်ဘဲ မှန်မှန်ကန်ကန် ဖြစ်စေဖို့တော့ အစိုးရက
ထိန်းသင့်သလောက် ထိန်းပေး ကြပ်မတ်ပေးရပါလိမ့်မယ်။
အမေရိကန်က မိတ်ဆွေတချို့မေးတဲ့
ကျန်းမာရေး ဆေးကုစရိတ် အတွက် ဘဏ်တွေက ငွေချေးတဲ့စနစ်တော့
ကျွန်တော်တို့ဆီမှာ ရှိပြီလား မရှိသေးဘူးလား စုံစမ်းမေးမြန်းကြည့်ရပါဦးမယ်။
သည်အကြောင်းတွေ တွေးရင်း ရေးရင်း
ကျွန်တော်တို့ဆီမှာ ကမ္ဘာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ စနစ်တွေ မိတ်ဆက်ပေးဖို့
အများကြီး လိုနေပါသေးလားဆိုတာ ၀မ်းနည်းစွာ သဘောပေါက်မိကြောင်းပါဗျာ။
၎-၁၁-၂၀၁၂
maungwuntha@gmail.com
(photo credit - http://www.onthemedia.org/blogs/on-the-media/2012/jun/19/reporting-burma/ )

No comments:
Post a Comment