Tuesday, November 6, 2012
ခေတ်မီးတောက်တွင်းမှဖောက်ထွက်ခြင်း
  • ချုပ်တည်းမှုစိတ်
ခေတ်ဆိုးရိပ်အောက်မှာ
ခန္ဓာတံခါးပိတ်ထား
လောကတရားများစွာ
အာဏာသားဖုံးအုပ်
ဘ၀တွေစုန်းဆုပ်ခံနေရသလို
ပစ္စုပန်တိုက်အိုကြီးကြား
မှောင်မိုက်တဲ့အနာဂတ်ခရီးေ၀၀ါးရပြီ။
  • အလင်းမဲ့ရက်သစ်
ဝတ်ရုံညစ်ခြုံလွှမ်း
ပြည်သူ့ ဟစ်ငြီးသံ
စီးပွားရေးသဏ္ဍာန်ထဲ
ကြီးပွားရေးပြိုလဲသွား
ခါးသီးမှုဝင်္ကဘာအတွင်း
ဝါဒကြမ်းခင်းနောက်ကွယ်
ရက်စက်ခြင်းလမ်းဖောက်ထားတယ်။
  • ဆိုးရွားတဲ့အတွေးမှား
လူတန်းစားမျက်ရည်ဆွေးမြေ့ ကာ
အတ္တရေးတန်ဆာဆင်
ရန်အသွင်အပြင်
စစ်ဘုရင်ဟန်စရိုက်
ယုတ်မာခြင်းဆူးစိုက်သလို
ရူးမိုက်အကြိုက်ပိုပြီး
အာဏာရေစီးမှာမျှောလိုက်နေတယ်။
  • တားဆီးမှုတံတိုင်း
အရိုင်းအစိုင်းတို့ တည်ဆောက်
ခြိမ်းခြောက်အုပ်ချုပ်
နစ်မြုတ်ကြေအက်နေတဲ့
လူထုရဲ့ လက်တွေ
ရှင်လျှက်သေဆုံးရပြီ။
  • ငြိမ်းချမ်းရေးဖျက်ဆီး
လက်နတ်မီးတောက်ကြီးကြား
အနာဂတ်အားအင်ပျောက်ကွယ်
စစ်ဝါဒီတစောက်ကန်း
လျှောက်လှမ်းသောခြေထောက်
အကျိုးမျှော်စစ်ဖိနပ်အောက်မှာ
တိုးတက်ရေးရင့်ရော်ကာနောက်ကျခဲ့ရပြီ။
  • ကျောမွဲနင်းပြား
လောဘသားဝါးမြို
ဗိုလ်ကျဖိနှိပ်
မျက်စိမှိတ်နေ့ ရက်
ထိုးနှက်ညှင်းပမ်း
အကျဉ်းစခန်းကအမှန်တရား
ရမ်းကားသူတို့ ချုပ်နှောင်ထားကြပြီ။
  • စစ်ဓနရှင်စံနစ်
နှောင်ဖွဲ့ ရစ်ပတ်
ညစ်ထပ်မှုများမှ
လစ်လပ်သောယန္တရား
အမှားပေါ်ထွေးလုံး
မပျှော်မပြုံးနိုင်တဲ့
အလုပ်သမားထုရဲ့ အသံ
ခံပြင်းခြင်းတွေနဲ့ လုပ်ငန်းခွင်ထဲ
ပင်ပမ်းဆင်းရဲစွာညီးတွားနေကြပြီ။
  • ပေါ်လစီချမှတ်
ရစ်ပတ်မှုနှောင်ကြိုး
လှောင်မိုးပြီးကောက်ကျစ်ပြ
ပျောက်လင့်နေတဲ့မျိုးဆက်သစ်
မိနစ်၊နာရီတိုင်းမှာ
သာယာခြင်းဟူသမျှ
လူတန်းစားပျက်မှလုယူထားကြပြီ။
  • သမိုင်းကြောင်းဖုံးကွယ်
ပြောင်းလဲခြယ်သ
လုပ်ရပ်မှသက်သေပြ
ယုတ်ညံ့နေမယ့်သဏ္ဌာန်မှာ
ချေဖျက်ကာမရတဲ့သမိုင်း
ရိုင်းစိုင်းစွာနဲ့ အဖော်ပြု
ခုနှစ်တိုင်းကအတိတ်မဟုတ်
လုပ်ကြံနှိပ်ကွတ်မှုတွေသာဖြစ်တယ်။
  • နိုင်ငံလည်းတုန်လှုပ်
ကမ္မဌာန်းရုပ်ပေါက်စွာ
နာကျည်းစွာတောက်ခေါက်
အမျိုးသားသစ္စာဖောက်အုပ်စု
လူထုကိုလည်ပင်းညစ်ထားဆဲ
စစ်ရဲများတသိုက်နှင့်
မတရားသဖြင့်လှိုက်စားနေကြတယ်။
  • လက်တွင်းကသေနတ်
သံကြိုးကွင်းခတ်ထားသူကို
အလိုကျရယ်မော
အတောမသတ်လုပ်ရပ်ဆိုး
အရိုးသားဆုံးလူများအား
မနားတမ်းကြမ်းတမ်းရင်း
အဓမ္မမင်းမူ
မသန့် ရှင်းတဲ့သွေးဆူပွက်ရတယ်။
  • မုသာဝါဒကာလ
မျက်နှာပြောင်တိုက်စွာ
အလိမ်အညာတွေနဲ့ ဖြေကြားခဲ့ကြလည်း
ဖျက်မရတဲ့အမဲစက်
သရဲသဘက်စီးလျှက်
ထိုးနှက်မှုတိုင်းနင့်သီးရတယ်။
  • ဓါးမိုးသားအောက်
စိတ်ရူးဖောက်လမ်းလျှောက်
အော်ငေါက်ဟစ်ကြွေး
သမိုင်းသစ်သွေးနဲ့ ရေးကာ
စစ်တေးသံသာဖုံးလွှမ်း
မျက်လုံးကန်းနားပင်း
အမှားတွင်းထဲမှာ
စိတ္တဇပွဲကနေလျှက်ရှိတယ်။
  • အရောင်မဲ့လူထုဘဝ
အမှောင်ထုကြားမှာ
စာနာမှုမရှိသော
တကိုယ်တော်ဦးတည်ရေးသမား
အားအင်များစွာဖျက်ဆီး
အတ္တကြီးထွားရင်းနဲ့ 
ညစ်ထေးခြင်းဖော်ဆောင်နေတယ်။
  • မှိုတက်ရက်စွဲ
ဖရိုဖရဲပေါ်ထွက်
အရည်ပျှော်အက်ကွဲနေတဲ့
မြေပြင်ထက်မှပုံရိပ်အား
အလုံပိတ်ထားနိုင်အုံးတော့
စကားလုံးတွေနဲ့ ထိုင်ပြောလည်း
မော်ကွန်းထဲအဖေါ်စွဲစွန်းထင်းရပြီ။
  • ငိုရှိုက်သံတွေမှာတောင်
ပူလောင်ခြင်းကိန်းအောင်း
လူ့ ဘောင်တွင်းတိမ်းစောင်းလာ
ခေတ်နှောင်းကိုတန်ဆာဆင်
အမှန်မြင်လျှက်အမှားမပြင်
မတရားအသွင်တွဲဖက်
လမ်းလွဲထက်လျှောက်လှမ်းနေတယ်။
  • သံယံဇာတပျက်သုန်း
ကုန်ဆုံးခြင်းနောက်ကွယ်
စနစ်တလျှောက်ချယ်လှယ်ရင်း
ပလ္လင်ထက်အတင်းဖက်တွယ်
ပျက်ယွင်းလျှက်ပြည်သူ့ အရေး
ဆိုးရွားမှုအတွေးနဲ့ ရိုက်ချိုး
မဖွံ့ ဖြိုးနိုင်ပဲယိုင်လဲရပြီ။
  • ဒဏ်ရာချက်တွေတိုင်းမှာ
ဝေဒနာမှိုင်းစွဲကပ်
ဖြစ်စဉ်ထဲမှဆုတ်ယုတ်မှုထက်
ချုပ်နှောင်လျှက်ပိတ်ပင်
အရိပ်မဲ့လွင်ပြင်ကြား
နွမ်းပါးကာခမ်းခြောက်စဉ်
အာဏာရှင်ခေတ်ညစ်ညမ်းနေပြီ။
  • ခေတ်ရေစီးကြောင်းပေါ်မှာ
အတွေးအခေါ်ဟောင်းများ
စီးမျောထားနေစဲ
ဝေဒနာစွဲလျှက်သက္ကရာဇ်
ရစ်ပတ်စဲအချိန်ကြား
နေ့ ရက်များဒဏ်ရာ
သုဿန်ပြင်ပမာဖြစ်ရပြီ။
  • ဒုက္ခအမွေဆိုးတိုင်း
အာဏာဗိုင်းရပ်စ်ပိုးမွှားတွယ်ကပ်
အနာဂတ်ကွယ်ပျောက်ရင်း
အလင်းတံခါးတွန်းဖွင့်
နံရံကြားထဲနစ်မွန်းရင့်ရော်
စစ်ပွဲလက်ဆင့်ကမ်းနေသူတို့ က
မြို့ ပြရဲ့ လမ်းများပေါ်ကြမ်းတမ်းနေပြီ။
  • နေလောင်မျက်နှာပြင်နဲ့ 
မညင်သာနိုင်တဲ့ဘ၀များ
လှုပ်ရှားရုန်းကန်နေလည်း
ငတ်မွတ်မြဲလူတန်းစား
ခွန်အားညှိုးနွမ်းကာ
ငုတ်ရှိုးသွားသောသာယာမှု
အခြေခံလူများစုကိုကြောခိုင်းထားပြီ။
  • ဖြုန်းတီးမြဲကျည်ဆံတွေ
ဝေဖြာဆဲစစ်ရေး
ဆေးရုံပေါ်ကဆေးဝါးမဲ့
ပြည်သူ့ ရဲ့ ကျန်းမာရေး
ဆွေးမြေ့ လျှက်နိုင်ငံရှုခင်း
ငြိမ်းချမ်းခြင်းမရှိသမျှ
အရာရာချိနွဲ့ နေရပြီ။
  • ဆုတ်ယုတ်ခြင်းနဲ့ အုပ်ချုပ်ရင်း
စစ်တလင်းများထက်
မျက်ရည်စက်ချွေးစက်
သွေးစက်များရောယှက်
မနားတမ်းပေါ်ထွက်မြဲ
လောကအလှဖျက်လျှက်
အနိဌာရုံထက်ခုံမင်လျှက်နေပြီ။
  • သော့တချောင်းနဲ့ ပဲ
ပြောင်းလဲမှုရဲ့ အချိန်ကို
တိမ်ညိုတွေအုံ့ မှိုင်းသလို
သိုလှောင်ထားမှာလား
အမှောင်ကန့် လန့် ကာအပြင်ဘက်မှာ
အပြာရောင်စဉ်များက
လူသားတို့ ကြားထဲတိုးဝင်နေပြီ။
  • အတိတ်ကိုမှန်းစကြည့်လည်း
ဘ၀လမ်းကြမ်းတမ်းလျှက်
အခန်းဆက်နာကျင်မှု
လူတစုရဲ့ လက်တွင်းမှာ
ခံပြင်းခြင်းများတိုးပွားရင်း
အနာဂတ်ပျိုးခင်းဝေဖြာရန်အတွက်
ပစ္စုပန်နေ့ ရက်ထဲ
တော်လှန်ခြင်းအသိတည်ရှိပြီ။
  • အမှန်တရားဟာ
နံရံကြားမှာ
အဖြေရှာခြင်းမရှိ
အာဏာတွင်းထဲငြိတွယ်မြဲနဲ့ 
မှားယွင်းမှုကိုင်စွဲလျှက်
ရက်စက်စွာအပြိုင်ကြဲနေသူတစု
အမှောင်ထုပြိုကျလုချိန်နီးပြီ။
  • အာဏာရှင်ကြီးစဉ်ငယ်လိုက်
အသွင်စရိုက်ဆိုးရွား
ပိုးစားသောဝါဒထက်
မလျှော်ညီလျှက်လှိုက်စား
ပွေ့ ပိုက်ထားတဲ့အာဏာ
နိုင်ငံကံကြမ္မာလည်း
ခေတ်ဆိုးထဲနိမ့်ကျ
အသွင်မလှတာလည်းကြာမြင့်ခဲ့ပြီ။
  • တပ်မတော်
    ပြည်သူ့ အဖော်ဖြစ်သင့်ပြီ
    လက်နတ်များသည်
    လူတစုစီကမဟုတ်
    ပြည်သူ့ လုပ်အားအလီလီမှမြုတ်နှံကာ
    ဟုတ်မှန်ရာဘက်သို့ 
    လူတချို့ အားပြတ်သားစွာတောင်းဆိုသင့်ပြီ။
  • ရော့ကြဲတဲ့ခေတ်ဆိုးညစ်အတွက်
ဖွင့်လှစ်လျှက်ချိန်ထိုးကြည့်တော့
အသိပေါ့တွေဝေမြဲရင်
အနာဂတ်အမြင်တုပ်နှောင်လို့ နေလျှက်
ကျုပ်တို့ သားစဉ်မြေးဆက်
နေ၀င်မိုးချုပ်ကာ
ဒဏ်ရာတွေကြိုးတုပ်ခံရမယ်။
  • ပြောင်းလဲခြင်းအချိန်သံစဉ်
ပြက္ခဒိန်လှန်ကြည့်တိုင်း
သွေးရွှဲသမိုင်းနေ့ ရက်များ
ပြည့်နှက်ထားကာနေရာယူမြဲ
ကြေကွဲဘွယ်ပုံရိပ်
အတိတ်ဖြစ်စဉ်မော်ကွန်း
အသွင်သစ်လျှက်ပေါ်ထွန်းနေပြီ။
  • အိပ်မက်မဟုတ်တဲ့အရိပ်
နှုတ်ပိတ်လျှက်မငြိမ်သက်နိုင်
တိုင်တည်ခြင်းစကားများ
လွှင့်ပါးကာပြေးထွက်
သွေးအသက်လမ်းခရီး
စမ်းရေစီးသံလိုမညှင်သာ
ရင်နာစရာအစဉ်သာကျန်ရစ်ခဲ့ပြီ။
  • ဘ၀အဓိပ္ပါယ်အားလုံး
ကွယ်ကာဆုံးပါး
နှလုံးသားတိုင်းမှာ
ကဗျာရိုင်းတွေသီဖွဲ့ 
နွေရဲ့ တရက်
ကြေအက်စရာတွေလည်းဖြစ်ခဲ့ပြီ။
  • အပန်းဖြေပန်းခြံထဲ
ကာရံလည်းခမ်းခြောက်
လမ်းတလျှောက်မှာ
ပန်းခြောက်များစွာနွမ်းကြေ
လေထဲကရနံ့ 
မွှေးပြန့် ခြင်းမရှိပြီ
သွေးညှီနံ့ တွေလည်းငြိတွယ်နေတယ်။
  • သွေးစွန်းတဲ့လက်
ညှိုးနွမ်းရက်တန်ဆာဆင်လျှက်
ကန့် ကော်ပင်ထက်က
ဥသြငှက်ငယ်တောင်
အသူရကာယ်လှောင်ချိုင့်မှာ
အမှောင်ကမ္ဘာကိုက်ဖျက်
အနာဂတ်အသိုက်ဆီ
လွတ်လပ်စွာပျံထွက်တော့မည်။
  • မိခင်၊ဖခင်ပေါင်းများစွာ
မျက်ရည်ချောင်းနားမှာ
နာကျည်းနေကြစဲ
ငိုညီးနေကြစဲ
အသံတွေမစဲသရွေ့ 
အမှန်တွေလည်းရွေ့ လျားနေမယ်။
  • ကောက်ရိုးပုံခြောက်
ဝမ်းခြောက်လယ်တောဆီ
စပါးကျည်အသက်
နေ့ ရက်များစွာ
ကြေအက်ကာဆိတ်သုန်း
စိတ်ဗုံးတွေပေါက်ကွဲ
တောက်ခေါက်သံတွေအပြိုင်ကြဲနေပြီ။
  • တောင်တန်းများ
အမှောင်လွှမ်းကြားမှာ
မြေပြန့် ဝေဒနာပုပ်နဲ့ 
ကုတ်ဖဲ့ကာအမြင်ကျယ်
ဒုက္ခအလွှာပင်လယ်ပြာနဲ့ 
မြစ်ခြေရာထဲကယနေ့ 
  • အနာဂတ်ဟာ
မြင်းရိုင်းကောင်းပမာပြေးရင်း
ပြောင်းလဲခြင်းလှိုင်းလုံးမှာ
ချိန်ကိုက်မှိုင်းဗုံးတွေလို
မုန်တိုင်းတို့ တေးမဆိုခင်
လေပြေတို့ ခရီးနှင်လို့ 
အသွင်ဆိုးတချို့ ကို
ဝင်ရိုးစွန်းအပြင်ဖက်နှင်ပစ်တော့မည်။
  • သံသရာမှာကံကြမ္မာရဲ့ 
မျက်လှည့်ပြကွက် ထွက်ပေါ်မှာပါ
ကဗျာထဲကစာလုံး
ကမ္ဘာမပျက်သုန်းသေးသရွေ့ 
ပျောက်ဆုံးကာပုန်းအောင်းမနေပါ။
  • နောင်တ
တောင်တမျှကြီးမား
အသိအဆီးအတားမဲ့ရင်
ညီးတွားသံဝေဂရဲ့ ဝေဒနာ
ဖြေစရာဆေးမရှိ
မရေမရာထွေးပွေ့ ကြည့်ရင်
သင်ခန်းစာသစ်မေ့ပစ်ဖို့ မလွယ်ဘူး။
  • ဘ၀ရဲ့ အဖြေထုတ်စေ
ကျုပ်လေ-
ကောင်းကောင်းသိတက်တဲ့အရွယ်ကစပြီး
အိမ်ပြဿနာညီးညူစကားတွေကြား
ခါးသီးခြင်းတံတားပေါ်ဖြတ်ကျော်နေခဲ့ပြီ။
  • ခေတ်ဆိုးထဲမှာ
ခပ်ရဲရဲတိုးကာ
ရိုးသားသူတို့ ရဲ့ အဖော်လုပ်
မသူတော်ယုတ်မှန်သမျှ
ရုပ်နာမ်မှအော်ကာဟစ်ကြွေး
ကျုပ်ခေတ်ရေဆေးဖို့ 
ညစ်ထေးမှုတချို့ ကိုဖြိုချပစ်ရမယ်။
  • ဆာလောင်သူရဲ့ တမ်းခြင်းနဲ့ 
အမှောင်လမ်းတွင်းမှာ
သက်ပြင်းများချကာ
အမှန်တရားကင်းမဲ့တာကြာမြင့်ခဲ့ပြီပဲ
ရာသီရဲ့ ခြေရာလည်း
လူထုထဲကြေမွရင်း
မရေရာခြင်းနဲ့ 
အနာဂတ်ဆီလမ်းမခင်းချင်တော့ဘူး။
  • အသက်တချက်ရှုတိုင်း
    အပူရိုင်းတိုးဝင်
    မိုးသားပြင်မှာလည်း
   နာကျည်းခြင်းတွေမြဲလျှက်
   မြေပြင်ထက်မှာလည်း
       ခန္ဓာအက်ကွဲမှုနဲ့ 
       လူထုရဲ့ ဘ၀လမ်းများစွာ
       ယမ်းငွေ့ ကြားမှာပဲကြီးထွားနေရတယ်။
  • စစ်ဝတ်ရုံခြုံလွှမ်း
ကုန်ကြမ်းသစ်တွေအတွက်
စစ်မြေထက်ပျော်မွေ့ ရမည်ထင်မှတ်
စံနစ်နဲ့ စစ်ပေါ်ရစ်ပတ်ခံနေရစဲ
ခေတ်ရဲ့ တော်လှဲသံများ
နံရံကြားမှရုန်းထွက်
အဆုံးအဖြတ်တိုက်ပွဲအတွက်
ညစ်ထေးခြင်းအမှိုက်သရိုက်များကိုဖယ်ရှားရမယ်။
  • ထမင်းတလုတ်အတွက်
နစ်မြုတ်ခံနေရလျှက်
တွယ်ဖက်စဲဒုက္ခ
လုပ်သမျှမ၀ရေစာ
    အနေမသာတဲ့အပြင်
    ပေတရာလွင်ပြင်မှာ
ဘ၀မရေရာခြင်းမြင်ကွင်းများစွာ
ပြည့်နှက်နေတယ်။
  • နာရီရဲ့ ခွန်အားဟာ
အစွန်အဖျားမှာရပ်မနေ
လွန်သွားတွေလိုချွန်ထက်
     အနက်ရှိုင်းဆုံးသိခိုက်
စိုက်နေလျှက်ဆူးစများကို
အသွားထက်ဓါးတချောင်းနဲ့ ပဲဖြစ်ဖြစ်
အပ်တချောင်းနဲ့ ပဲဖြစ်ဖြစ်ထုတ်ပယ်ပစ်ရမယ်။
  • သောကကမ်းပါးမှာ
လောကလမ်းကြားထဲမှ
ဒေါသများစွာရစ်ဖွဲ့ 
အနှစ်မဲ့ကြီးထွားခြင်းနဲ့ 
ဘ၀ခရီးများရဲ့ အနာဂတ်
ရစ်ပတ်ခံနေရရင်
နေ၀င်လွင်ပြင်မှာ
ခြေရာတွေလမ်းပျောက်ကာနေမယ်။
  • မသာယာလျှက်နေ့ ရက်
ငှက်ဆိုးသံနဲ့ ရောထွေး
ငြိမ်းချမ်းရေးအတွက်
ပြေးထွက်တောင်းဆိုကြ
အဟောင်းဖြိုချပြီးရင်
အသစ်တွေစီရင်အစားထိုး
တမျိုးသားလုံးလွတ်မြောက်ရေးအတွက်
စုရုံးဆွေးနွေးလျှက်ကြွေးကြော်ကြတော့။
  • အမျိုးထိမချိအောင်နာတဲ့
ကျုပ်တို့ အသဲ
ဆိုးညစ်သူတစုမဖောက်စားခင်
မြောက်များစွာသောအားအင်တွေနဲ့ 
ပုံဖေါ်ဆင်မြန်းထားကာ
ရမ်းကားခြင်းအလွှာအောက်
တောက်ခေါက်ဟစ်ကြွေးရုံနဲ့ မပြီး
စစ်သွေးဝတ်ရုံကြီးကိုလည်းဆုတ်ဖျက်ပစ်ရမယ်။
  • တိရစ္ဆာန်တောင်
အသိဥာဏ်ဆောင်ရင်
မနုဿရာဇ၀တ်ကောင်တို့ 
ဘာလို့ မသိချင်ယောင်
ဟန်ဆောင်ကောင်းနေကြတာလည်း
ပြောင်းလဲရေးခေတ်ရဲ့ စွမ်းအားဟာ
အမြဲနွမ်းပါးကာမနေဘူးဆိုတာ
မစဉ်းစားမိကြတော့ဘူးလား။
  • နွေးထွေးတဲ့ရောင်နီဦးမှာ
ငြိမ်းချမ်းရေးနိမိတ်လွင့်လူးကာနေပြီ
မျက်စိပိတ်အိပ်မောကျနေသူများ
စကားတိတ်အဓိပ္ပါယ်
အရိပ်တွယ်ထိုးနှက်
အကျိုးဆက်မှန်သမျှ
နိုးထလျှက်အမှန်ညှိကြတော့။
  • မဟူရာတိမ်ပုပ်
အချိန်အုပ်ဆိုင်းနေလည်း
မုတ်သုန်ရိုင်းတွေတိုက်လျှက်
လေဟုန်စီးမြေတုန်ဟီးကာ
နာကျည်းမှုဒြပ်ထု
စုစည်းစုံရစ်
ခေတ်သစ်ကိုခိုလှုံရင်
ခေတ်ဟောင်းကိုကုန်စင်အောင်ခွာချရမယ်။
  • စက်ရုံခေါင်းတိုင်
ချွေးတထောင်းထောင်းပိုင်ဆိုင်
ငေးမှိုင်မှုအပေါင်းနဲ့ ခရီးကြမ်းမှာ
စာသင်ခန်းဆိုတာနေလောင်ပန်းပမာ
ကျွမ်းလောင်ကာနေစဲ
မွန်းကြပ်လျှက်ဘောင်ထဲမှ
နောင်တခေတ်မျိုးဆက်သစ်များအတွက်
အမြစ်ဖြတ်ထားတဲ့နေ့ ရက်ညှိုးနွမ်းလျှက်ရှိပြီ။
  • ဖြုတ်ထုတ်သတ်နဲ့ 
ဆုတ်ယုတ်တက်တဲ့
အာဏာလက်ဟာ
အကြင်နာမဲ့ကာ
ကံကြမ္မာညစ်ကို
စစ်အိမ်အိုမှာထုတ်ဖေါ်ခဲ့တယ်။
  • အသွင်မသစ်တဲ့
စံနစ်အစဉ်အဆက်ရဲ့ အဖြေဟာ
ခေတ်ပေတရာမှာ
မရေရာစွာနဲ့ ကြီးပြင်းခဲ့ရတယ်။
  • သံစဉ်မကျတဲ့တေးသွားများစွာ
စည်းဝါးမဲ့ကာ
မြို့ ရွာအလှ
မဟူရာညတွေနဲ့ 
မြေလွှာမှာဆိတ်သုန်းနေပြီ။
  • လှောင်ချိုင့်စံညရဲ့ 
အသံမဲ့တိတ်ဆိတ်ခြင်း
စိတ်သက်ပြင်းများစွာဝဲပြန့် 
အိပ်မက်ထဲကြောက်လန့် နေရင်း
မြေသင်းနံ့ တိုင်းမှာ
ယမ်းနံ့ ရိုင်းတွေပြန့် ပွား
သံစဉ်လှိုင်းရပ်တန့် နေ
တစ္ဆေညတွေခြောက်လှန့် စေတယ်။
  • နှပျိုစဲအဖူးအပွင့်
ဆူးသင့်ကြွေကျ
မဝေဖြာနိုင်တဲ့အလှအပများစွာ
နားခိုရာအရိပ်အောက်
နွမ်းခြောက်နေစဲ
ဝေလည်းမဝေ
ကြွေမြဲကြွေလို့ 
တချို့ နင်းချေနေကြစဲ။
  • လှိုက်စားမှုနံရံထဲ
လူထုရဲ့ ရှိုက်သံညီးထွား
စည်းဝါးမဲ့ပုံရိပ်
ထိတ်လန့် တုန်လှုပ်လျှက်
တုတ်နှောင်ခံစဲ ဘ၀ဆိုးထဲက
သံကြိုးလည်းဖြတ်တောက်
အမှန်တိုးမြဲဆက်လျှောက်ရင်း
မှောင်မိုက်ခြင်းပျောက်လင့်စေဖို့ 
အလင်းတံခါးတွန်းဖွင့်ကြမယ်။
  • သစ်ကိုင်းခြောက်ထက်
လမ်းလျှောက်လျှက်နဲ့ 
ကျိုးပဲ့ကျခိုက်မှာ
အာဏာပိုက်ထွေးထားသူများ
ဒူးထောက်စေရမယ်။
  • နေပူကြဲကြဲအောက်က
ဘ၀မွဲခြောက်ခြောက်များစွာ
စစ်ဖိနပ်အောက်မှာ
ဝေဒနာအမြှောက်ဆန်ပစ်ဖောက်
ဘ၀ဟောင်းလောင်းပေါက်တွေဟာ
ခေတ်နှောင်းမြေလွှာကို
ပြောင်းလှန်ဖြိုဖို့ 
ပေါင်းစည်းလို့ နေကြပြီ။
  • သက်ရောက်မှုတိုင်းမှာ
    တန်ပြန်သက်ရောက်လျှက်
    နယူတန်နိယာမထက်
    အစွမ်းထက်လှိုင်းတံခိုးလိုပဲ
    အကျိုးဆက်သမိုင်းဆိုးမှန်သမျှ
    မာန်ကြွပြကာအမွေပေးရင်း
    သွေးခင်းဝိဥာဉ်များစွာ
    စကားပြောကာနေသေးတယ်။
  • နေကိုကျောခင်းမလား
ဓါးအသွားပေါ်လည်တင်မလား
မတရားခြင်းကြားမှာဝပ်ဆင်းနေကြမလား
အမြင်များစွာနဲ့ ပိုင်းခြားသိမြင်
မှိုင်းမြှားထိမှန်နေရင်တော့
အသားစားမျှော့တို့ 
ပေါ့ပေါ့တွက်လို့ မရဘူး။
  • ထစ်ကနဲဆို
စစ်ပွဲလိုလား
လောကဖြိုလူသားပမာ
စရိုက်လက္ခဏာလည်း
မိုက်မဲကာနေရင်း
ဝမ်တွင်းရူးရောဂါနဲ့ 
တစာစာအော်ဟစ်
ခန္ဓာပေါ်စိတ္တဇရစ်ပတ်ကာ
အတ္တနွံတောမှာညစ်ထပ်နေပြီ။
  • ရာသီခြေရာ
မဝေဖြာညှိုးနွမ်း
မနိုးတမ်းအိပ်စက်
ကာလနေ့ ရက်များလည်း
ပက်ကြားအက်မြဲပြီး
စည်းလည်းသံပျောက်
ခြောက်ကပ်တိတ်ဆိတ်
အမြင်ရိပ်တွေထက်
ကြေကွဲအသွင်ပြလျှက်နေပြီ။
  • လေဆန်ကိုပျံ
ရေဆန်ကိုဆန်
အားမာန်များစွာမွေးဖွား
လေးမြှားတွေကြိုးတင်း
တမိုးလင်းစေရန်
နံရံထိုးဖောက်
မိုးအောက်မြေကြီးပါမကျန်
နီးရာမှရန်ဆိုးကို
အလဲထိုးဖြိုဖျက်ကြမယ်။
  • ဘ၀တွေဟာ
မြွေစွယ်ကျိုးခြေသုတ်ပုဆိုးကဲ့သို့ 
ရို့ ကျိုးရမှာလား
နိုးကြားစအရွယ်ထဲက
ဆိုးဝါးမှုထဲအမြစ်တွယ်ရင်း
ခံပြင်းခြင်းနှုတ်ခမ်း
ဟုတ်တမ်းစကားလွယ်ပိုး
အရွယ်လွန် နွေ၊မိုး၊ဆောင်း
ကုန်ပြောင်းပြီးသွားတာပဲသိတယ်။
  • မိခင်ရဲ့ မျက်စိမှာ
အပူငွေ့ ခြေရာတွေလည်း
ဘ၀ဝေဒနာကဲရင်း
သက်ပြင်းမြဲကာရင်ဖို
သမင်ပျိုကျားစားသလို
အသားမြိုအဆီဆုပ်စဲ
မသတီစရာရုပ်မြဲလျှက်
အာဏာပုပ်ထဲမူးယစ်နေတယ်။
  • အသက်တွေကို
ဖက်ရွက်တွေလိုသဘောထား
မတော်မတရားစိတ်အစဉ်နဲ့ 
အတိတ်တွင်လည်းရက်စက်ရဲ့ 
ပစ္စုပန်ထက်လည်းချေမွလျှက်
အနာဂတ်ကိုပါသတ်ဖြတ်နေကြပြီ။
  • အဟာရကွယ်
ပိန်လှီမှုတွယ်ဖက်
ခလေးရွယ်များစွာ
အရောင်ပြယ်ပန်းချီကားတချပ်
ဒြပ်မဲ့မြေပြင်မှာ
ဝေဟင်လွှာထက်
ကြေအက်မှုတွေလွှင့်တက်နေပြီ။
  • အက်ဆစ်ဟာ
မဲညစ်ညစ်ကာလာကို
ဖျက်ပစ်ဖို့ အသုံးဝင်ပါတယ်
နွယ်ရှင်တွေကိုချေမှုန်း
မိုင်နှုန်းပေါင်းများစွာနဲ့ ရုန်းထွက်
အပြုံးတွေဝင်းလဲ့မယ့်နေ့ အတွက်
အခက်အခဲကြား
မပျက်လဲမယ့်အားနဲ့ 
ခွန်အားရဲ့ တမန်တော်မာန်ဟုန်ပြုကြွေးကြော်နေတယ်။
  • မီးဖိုချောင်တွေမှာ
ကြွက်ကောင်ရေများစွာ
စားနပ်ရိက္ခာတွေဝါးမြိုနေစဲ
အချိန်အိုလေထဲစီးမျော
မြေကြီးတောထဲမှ သဲမှုန့် များစွာ
ဖိနပ်စုတ်အောက်မှာ
တောက်ခေါက်ကာနေပြီ။
  • အဆောက်အအုံဆွေးကြီးထဲ
မှောက်ခုံလဲကျတဲ့ခေတ်
နှစ်တွေနစ်မြုတ်သွား
အလစ်သုတ်သမားတချို့ 
ကြီးပွားလို့ နေရင်း
ရေတွင်းထဲကလကိုပါ
လိုချင်မက်မော
အသက်အရည်ပျှော်တဲ့အထိ
အာဏာပေါ်ငြိတွယ်နေချင်ရှာတယ်။
  • လောကဓါတ်မှာ
ပြောစမှတ်နာကျင်မှုနဲ့ 
ပွဲဝင်ချင်သူတစု
မြူထုပိတ်ဖုံး
ကုန်းပေါ်မြေအောက်
ရေပေါ်ရေအောက်မကျန်
အမှန်တရားတောက်ပလို့ နေမှာကို
သူတို့ တွေကြောက်လန့် လို့ သာနေကြတယ်။
  • ကန္တာရမီးတိုက်
တမြိုက်မြိုက်လောင်ကျွမ်း
လှောင်တိုက်ထဲမွန်းကြပ်
သော့ခတ်ခံနေရရင်း
အလင်းစဆွဲထုတ်
ဖုတ်သရဲသဘက်တွေကြောက်လန့် စေဖို့ 
ရက်အလင်းခြေဆန့် လို့ ဝေဖြာရမယ်။
  • ဖါရာတွေပြည့်နှက်
အရာရာကြည့်တက်တဲ့မျက်လုံး
အရက်စက်ဆုံးအသွင်များထက်
ခါးသက်မှုနဲ့ မြင်ရင်း
တသွင်သွင်စီးဆင်းစဲ
ခရီးပြင်းထဲမှာ
ဝေဒနာခြေရာ
မဝေဖြာလျှက် ဘ၀အတွက်ငြိုးနွမ်းရပြီ။
  • လူတိုင်းလူတိုင်းမှာ
ဘ၀ကံကြမ္မာကို
ပိုမိုကာဖန်တီးနိုင်တယ်
ကိုင်တွယ်ဖြေရှင်းမှုက
လူထုဆန္ဒနဲ့ ကင်းကွာ
ညှင်းဆဲကာဖော်ဆောင်
လောကအမှောင်အား
ဘောဘသားကောင်များချထားပြီ။
  • တထိတ်ထိတ်နဲ့ 
ဖိနှိပ်တဲ့အရိပ်အောက်
ဂိတ်ပေါက်တွေထက်
စက်သေနတ်များတင်လျှက်
အသက်လွင်ပြင်ကို
အစဉ်မြေလှန်ဖြိုမရရန်
ခြံစည်းရိုးပါခတ်ထားပြီ။
  • ကမ္ဘာမကြေတဲ့
မြန်မာမြေပေါ်မှာ
နာကျည်းမှုအဖော်ဆွဲ
လူထုထဲမှသွေးများစွာ
ဆွေးသွားတာလည်းမရှိဘူး။
  • နတ္ထိကြားမှာ
ဘ၀အသိများလည်း
ခါးသီးမြဲကာ
မွဲပြာကျရင်း
ညဆင်းနေ့ တက်
လတွေအက်ကွဲ
မျက်ရည်ရွှဲတဲ့နှစ်တွေထဲ
စံနစ်နဲ့ စစ်ကြားမှာလစ်လပ်ခဲ့ရပြီ။
  • မြေအရိပ်မှာ
အနာဂတ်နိမိတ်
အိပ်မောကျမယ်တဲ့လား
ဟားတိုက်ရယ်မောနေသူများအတွက်
ညီညာသောအားအင်လက်ဟာ
အစဉ်တဆက်
ခံယူချက်နဲ့ ပေါ်ထွက်နေရမယ်။
  • စစ်ပွဲတွေကြားမှာ
သေကြေသွားကြတဲ့
စစ်သားများစွာရဲ့ 
ဇနီးမယားတွေလည်း
စစ်ကိုမုန်းတီးနေပြီ
စစ်မီးကြားမှာ
ညီးတွားနေကြတဲ့
ပြည်သူတွေလည်း
စစ်ကိုမုန်းတီးနေပြီ။
  • အခွင့်ထူးခံလူတန်းစားတချို့ 
ခေတ်ရမ်းကားကြီးရဲ့ ဗိမ္မာန်ထဲမှာ
စိတ်လည်းအပန်းဖြေ
ချမ်းသာမှုတွေဝေဖြာနေရင်း
မပြေလည်ခြင်းကင်းမဲ့
လူထုအတွင်းမှသွေးချွေးများစွာ
သူတို့ အပါးမှာ
နှင်းရည်စက်များဖြစ်သွားကာ
ခေတ်ဆိုးဟာသူတို့ ခိုလှုံဖို့ 
နိဗ္မာန်ဘုံလည်းဖြစ်သွားတယ်။
  • အက္ခရာထပ်နေတဲ့
ပညတ်ချက်တွေကို
ဘယ်လိုလူတွေဖန်တီးထားနေလည်း
မြေကြီးလွှာထဲလေနံရံမရှိသမျှ
အမှန်များသိတဲ့အသံတွေ
ကောင်းကင်ယံဆီပျံတက်နေပြီ။
  • အဖွားအိုဟာ
သားလူပျိုအတွက်
အအိပ်လည်းပျက်
အစားလည်းပျက်
တမ်းတနေလျှက်
ငရဲခန်းတခေါက်
ပြန်လမ်းမဖောက်နိုင်တဲ့
ဝိဥာဉ်ပိုင်ရှင်တယောက်ရဲ့ အသက်ဟာ
ကျောက်ထက်အက္ခရာမှာ
ရက်စက်မှုနဲ့ မသမာမှုပြုသူတွေကို ခြောက်လှန့် နေမယ်။
  • ဝေ့၀ါးနေလား
မေ့များနေလား
နှလုံးသားထဲမှ
မဲပြားတွေစွမ်းအားကတော့
စကားမဲ့အဖြေတွေပေါ့
မော့်ကြည့်လိုက်စမ်းခေါင်းပေါ်ကို
ကောင်းကင်အလိုမကျမှုက
ယခုသင်တို့ မြင်နေပြီမဟုတ်လား။
  • လက်သိပ်ထိုးအပေးအယူနဲ့ 
ပြည်သူ့ အရေးရဲ့ ပြယုဒ်တွေဟာ
ဆန္ဒတွေသာပုပ်သိုးသွားတယ်
နေကွယ်လမဲ့
ဘ၀ကိုဖဲ့လျှက်
နာရီနဲ့ ရက်တွေလှည့်ပတ်မှုအကြား
ဖြတ်တောက်ခံထားရပြီ။
  • ညစ်ထပ်နေတဲ့
လှေကားထစ်တွေ
မရေရာသောခြေလှမ်းများစွာ
မြေကြမ်းရေကြမ်းမှာ
အနေရမ်းကာ
မျက်ကန်းကမ္ဘာထဲ
နာတာရှည်စွဲမြဲခဲ့ရပြီ။
  • အရှေ့ ရပ်မှာတွေ့ ရမှာပါ
ဘာမြူဒါစွဲအားထက်ပြင်းထန်တဲ့
ပြည်သူ့ အားမာန်တွေကို
နေလိုပူလောင်ခြင်းနဲ့ 
ကင်းဝေးမယ့်နေ့ အတွက်
ငြိမ်းချမ်းရေးနေ့ ရက်
ယုံကြည်ချက်လက်တွင်းသို့ 
ဆင်းသက်လို့ လာနေပြီ။
  • မျက်ရည်မိုးများ
ရိုးသားသူတို့ ကြားမှာ
ရွာသွန်းကာနေစဲ
မြေလည်းအော်ဟစ်
လောကသစ်မှာ
ဒေါသစစ်နဲ့ မရစ်ဖွဲ့ ချင်ပြီ။
  • ကန့် ကော်နေ့ ရက်တွေ
ပေါ်ထွက်မနေပါလား
စိန်ပန်းများစွာနီမြန်း
အဓိပတိလမ်းအတွင်းမှာ
စစ်ဖိနပ်များနင်းဖြတ်သွားကြပြီ။
  • စိတ်အကိုင်းဖျားမှာ
အိပ်မက်ရိုင်းများစွာ
နှိပ်စက်ကာနေစဲ
ညညတွေထဲတိုးဝင်
ပုံရိပ်ဆိုးတွေထက်
အိပ်မက်ကမ္ဘာတည်သရွေ့ 
နေ့ ရက်အလီလီပွေ့ ဖက်နေရပြီ။
  • ကော်ပတ်ရုပ်မဟုတ်တဲ့
လက်သီးဆုပ်အတွင်းမှာ
မပုပ်သိုးနိုင်တဲ့သတ္တိမျိုးပိုင်ဆိုင်လျှက်
ခိုင်မာချက်အားအင်ကို
ဘယ်လိုစွမ်းအားရှင်က
အစဉ်ပိုင်းဖြတ်ထားနိုင်မလဲ
အမှန်တရားမြဲတဲ့တိုက်ပွဲအတွက်
မိုက်ရဲမယ့်လက်လည်းဖြစ်ချင်ဖြစ်မယ်
တိုက်ရဲမယ့်လက်လည်းဖြစ်ချင်ဖြစ်မယ်
ကဲ- ရိုက်ဖျက်ထားလို့ တော့
ခွန်အားတို့ ပြိုလဲမှာမဟုတ်ဘူး။
  • နားရှိသူတိုင်းကြားရစေမယ်
အမှောင်ကြားမှတိုက်ပွဲခေါ်သံ
တော်လှန်မာန်သစ်နဲ့ 
အသံတွေဟစ်ကြွေးလာအုံးမယ်
အာဇာနည်သွေးမျိုးမတုံးသေးဘူး။
  • ဆူးခင်းလမ်းနဲ့ 
ကန္တာရလမ်းရဲ့ တဖက်
ဆက်လှမ်းပြီးရင်
အိုအေစစ်ခရီးလမ်းဟာ
သာယာစွာစောင့်ကြိုနေပါတယ်။
  • ခေတ်နှောင်းတွေလည်း
အသစ်ပြောင်းလဲနေပြီ
လူရာထောင်ပေါင်းများစွာ
အသက်စွန့် ကျဆုံးသွားခြင်းဟာ
လူအားလုံးလွတ်လပ်လာဖို့ လမ်းခင်းသွားခြင်းဖြစ်တယ်။
  • မြန်မာပြည်ဓါတ်တိုင်တွေထက်
အာဇာနည်မှတ်တိုင်တွေပြည့်နှက်ရမယ်။
  • ခေတ်မီးတောက်မှာ
မီးဇာကုန်ဆီခမ်း
လေနီကြမ်းတိုက်ခတ်
ဒီရေလှိုင်းရိုက်ခတ်ချိန်တွင်
တိမ်ရောင်စဉ်ခွန်းထောက်
အစွန်းရောက်နေ့ ဟောင်း
နောက်တနေ့ ပြောင်းလျှက်
ရွက်ဟောင်းကြွေရင်
ရွက်သစ်များစွာပေါင်းစည်းဝေဖြာနေမယ်။
  • စစ်ဒဏ်ရာကြီးမားရင်း
ခေတ်ကံကြမ္မာညီးတွားခြင်းနဲ့ 
သွေးများစွာစီးဆင်း
ခေတ်မီးတောက်တွင်းမှာ
သည်းထန်ကာကြွေးကြော်
စာမျက်နှာပေါ်ကစကား
ရေးသားဖော်ရစ်ထားတဲ့
ကဗျာသစ်များဖြစ်သွားခဲ့ပေတယ်။  
ဧရာ
(၁၉၉၅)
No comments: