Wednesday, November 7, 2012

အနာဂတ်ကိုငါရှာဖွေဆဲ

ကိုကိုဦး(တပ်ရင်း-၁၀၂)

ရှစ်ဆယ့်ရှစ်ရဲ့ဝိညာဉ်တွေက
ဧရာဝတီနဲ့အတူစီးဆင်းခဲ့တယ်၊
သံလွင်နဲ့အတူတိုက်ပွဲဝင်ခဲ့တယ်၊
ဒေါနတောင်တန်းနဲ့အတူခိုင်မာစွာရပ်တည် ခဲ့တယ်၊

အချိုသကာဖြန်းထားတဲ့လေချိုလေးတစ်ဝှေ့မှာ တစ်ချို့ကမှော်ရုံတောတစ်ခုပေါ်လာတယ်၊
အလွန်လှပတဲ့ရွှေမင်းသမီးကလက်ရပ်ခေါ်နေတယ်၊ လာပါလာပါသူခင်းထားတဲ့လမ်းမှာပန်းပေါင်းစုံတွေဖူးပွင့်လို့၊ သူနဲ့ငါအလုအယက်တိုးဝှေ့ထွက်သွားကြတယ်၊

တို့တတွေကို သူတို့တွန်းတိုက်ကာ ထွက်သွားကြပါရဲ့၊
နှုတ်ဆက်စကားလေးတောင်မဆိုသွားဘူး
ခုတော့ငါတစ်ယောက်ထဲပဲ
ဒါပေမဲ့ ရှစ်ဆယ့်ရှစ် ၀ိညာဉ်တွေက
ငါ့ကိုတွယ်ကပ်ဝိုင်းရံထားကြတယ်၊
ငါ့ကိုသူတို့ခွန်အားတွေဖြည့်ပေးတယ်၊
မင်းအနားမှာငါတို့ရှိနေတယ်၊

မှော်ရုံတောထဲမှာတော့
မင်းသမီးလေးနားမှာသူတို့ဝိုင်းဝိုင်းလည်နေကြတယ်၊ တစ်ချို့ကခုန်ပေါက်မြူးတူးနေကြတယ်၊
တစ်ချို့ကမင်းသမီးလေး ကိုကြည့်ပြီးကြည်နူးနေကြတယ်၊
ရေချိုရေချမ်းကမ်းသူ၊
လှပြီးသားဖြစ်တဲ့မင်းသမီးလေးကို အလှဆုံးပန်းတွေကိုခူးဆွတ်ပြီးဆက်သနေကြလေရဲ့

သူမရဲ့ခြေတော်ရင်းမှာခစားနေသူအများသားမို့ သူမရဲ့ပီတိတွေကအဆက်မပြတ်ဖြာဝေစီးမျှော်လျှက်ရှိနေတယ်၊
ငါမှော်ရုံတောကိုကျောခိုင်းလိုက်တယ်၊ မုန်တိုင်းတွေမထန်ခင်အထိတော့လှပနေဦးမှာဖြစ်တဲ့
မှော်ရုံတောထဲမှာသူတို့ပျော်နေကြရဦးမှာ ငါသိနေတယ်၊

ဝိညာဉ်တွေကပြောတယ်
အဲဒါငါတို့အနာဂတ်မဟုတ်ဘူးတဲ့ ခဏတာစိတ်ကျေနပ်ခြင်းအတွက်ပျော်ရွှင်နေကြတာဖြစ်တယ်၊ မင်းသူတို့ကိုပျော်ရွှင်ခွင့်ပေးလိုက်ပါ၊ အချိန်တန်ရင်သူတို့လိပ်ပြာလေးတွေလိုဖြစ်သွားမှာပဲ၊ လိပ်ပြာလေးတွေဆိုတာဘယ်တော့မှတည့်တည့်မပျံတတ်ဘူးတဲ့၊

*************************
ဒေါနတောင်တန်းမှာကျန်ရစ်ခဲ့သောဝိညဉ်များအတွက်အမှတ်တရ
****************************************

နှုတ်ဆက်စကားလေးတောင်မဆိုသွားဘူး၊ 

No comments: