Wednesday, December 5, 2012

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး အထွေထွေသပိတ်စခန်းများ ဖြိုခွင်းအပြီးမှာ သိမ်းခံထားရသော ကားပြန်လည်မရရှိသေး


December 4, 2012


ဆားလင်းကြီးရဲစခန်းမှ လက်ပန်တောင်းတောင် သပိတ်စခန်းများကို လာရောက်၍ကူညီထောက်ပံသည့် ကယားလူမျိုး ကိုသက်တင်၏ ၂ဃ/၃၈၄၂ ချောကလက်ရောင် အမျိုးအစား တိုယိုတာဗစ် ကားအား ၂၉.၁၁.၂၀၁၂ရက်နေ့ သပိတ်စခန်းများအား အကြမ်းဖက်ဖြိုခွဲအပြီးတွင် သိမ်းဆည်းသွားပြီး ကာယကံရှင် ကိုသက်တင်မှ ဒီဇင်ဘာလ (၄)ရက်နေ့၌ ပြန်လည်တောင်းခံရာတွင် ဆားလင်းကြီးမြို့နယ် စခန်းမှူး ဦးလှငွေမှ အကြောင်းအမျိုးမျိုးပြပြီး ပြန်မပေးဘဲ ငြင်းဆန်နေကြောင်း ကိုသက်တင်နှင့် ကိုအားပိုက် ထံမှသိရသည်။
” ကျွန်တော့်ကားကို သပိတ်စခန်းတွေကို ဖြိုခွဲအပြီး မှာသိမ်းသွားတယ်။ ပြန်တောင်းတော့ ဆားလင်းကြီး စခန်းမှူး ဦးလှငွေ က အုံနာ စာအုပ်တောင်းတယ်။ အုံနာ စာအုပ်ပေးတော့ ၀ယ်ရောင်းစာချုပ် ထပ်တောင်းတယ်။ လက်ပန်တောင်းတောင်ဒေသ အထွေထွေသပိတ်သို့ လာရောက်ကူညီစဉ် ဒဏ်ရာရရှိထားသော ကယန်းဒီမိုကရက်တစ်ပါတီမှ ကိုအားပိုက် ကပြောသည်။”
အဆိုပါကိစ္စနှင့် ပတ်သတ်ပြီး ဆားလင်းကြီးစခန်းမှူး ဦးလှငွေ (၀၉၄၂၁၀၄၂၁၀၅) အားဆက်သွယ်မေးမြန်းရာတွင် ”ကျွန်တော်တို့က ကားကို သတ်သေခံ ပစ္စည်းအဖြစ်သိမ်းထားတာပါ။ ကားကို ပြန်လည်ထုတ်ပေးဖို့အတွက် ကျွန်တော်တို့က အုံနာစာအုပ်တောင်းပါတယ်။ အုံနာစာအုပ်မှာပါတဲ့ လူနာမည်နဲ့ ကားလာထုတ်တဲ့သူ နာမည်လွဲနေတဲ့ အတွက် မထုတ်ပေးသေးတာပါ။ ကျွန်တော်တို့က လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေတာပါ။ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်လို့မရပါဘူး။ တစ်ခုခု လွဲမှားသွားရင် ကျွန်တော်တို့ လျော်ပေးရမှာစိုးလို့ပါ” ဟု ဆားလင်းကြီးမြို့နယ် စခန်းမှူး ဦးလှငွေ မှ ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ကယားလူမျိုး ကိုသက်တင်နှင့် ကိုအားပိုက် နှစ်ဦးစီးလာသော ကားကို သိမ်းဆည်းထားသည်မှာ ၂၉.ရက်နေ့မှစ၍ ယနေ့ ဒီဇင်ဘာ ၄ရက်နေ့ထိ စုစုပေါင်း (၆)ရက်တာကြာမြှင့်နေသည်ကို သိရသည်။
မျိုးမြင့်

No comments: