Tuesday, May 7, 2013

ဗိုလ်ကြီးဟောင်းနေမျိုးဇင်ကြွေးကျန်ထောင်၆နှစ်ချခံရသည့်ကိစ္စ သမ္မတဦးသိန်းစိန်ရဲ့လွတ်ငြိမ်းချမ်းသာခွင့်အတုနဲ့လွတ်မြောက်လာသူနိုင်ငံရေးအကျဉ်းသားတွေအပေါ်ဂယက်ရိုက်

နေမျိုးဇင် (တပ်ထွက် ဗိုလ်ကြီးဟောင်း)နဲ့  တစ်မိနစ်တာလောက် စကားပြောခဲ့ဖူးတဲ့ဖြိုးဝေအောင် မြေချ အခမ်းအနားကအပြန်ကို သတိရတယ်ဆိုတာက နေမျိုးဇင်ဒဏ်ငွေမဆောင်ဘဲ ထောင်ကိုရွေးလိုက်တဲ့ကိစ္စပေါ်အခြေတည်တယ်။အရင်ရက်တွေက ရေးမယ်ရေးမယ်ဆိုပြီး ရေးလိုက်ပြန်ဖျက်လိုက် လုပ်ခဲ့ရတဲ့စတေးတပ်တစ်ခုမှာ နေမျိုးဇင်ရဲ့  နောက်ဆက်တွဲ ပြဿနာတွေ ပါခဲ့တယ်။
ငါများ ရေးလိုက်ရင် သူ့ ကို ထောင်ဒဏ်ပိုချအောင် အစဖော်ပေးလိုက်သလိုဖြစ်နေမလားမသိ ဆိုပြီး တွေးရတာကတစ်ဖက်၊ သိသင့်သိထိုက်တဲ့ မက်ဆေ့ကိုပေးသင့်တယ် ဆိုပြီး ခုခံချေပရတာကတစ်ဖက်နဲ့  အတော်ခက်ပြီးနောက်မရေးဖြစ်ခဲ့ဘူး။

သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အတုနဲ့  အပြင်ကိုပြန်ရောက်လာတဲ့ စစ်အာဏာရှင်ဆန့် ကျင်ရေး။ ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်ခဲ့တဲ့နိုင်ငံချစ်စိတ်ရှိကြတဲ့ နိုင်ငံသားတွေရဲ့  ခြေကျင်းဝတ်တန်းလန်းနဲ့  လွတ်မြောက်မှုဘဲ။

ထောင်ဒဏ် နှစ် ၆၀ ကျော် အချခံရပြီး ပြန်လည်လွတ်မြောက်ခဲ့တဲ့သူတချို့ နဲ့ လူထုလူတန်းစားအချို့  လမ်းပေါ်ထွက်ဆန္ဒပြမှုတွေထဲ လက်ရှောင်နေခဲ့တဲ့ကိစ္စကိုစကားစမြည်ဆိုကြည့်တဲ့အခါဒီတစ်ခါဆွဲစိရင်အရင်ကျန်နေသေးတဲ့ထောင်ကြွေးဟောင်းတွေပါ ပေါင်းထည့်ခံရနိုင်တယ် လို့  သုံးသပ်ပြောဆိုမှုကိုနားနဲ့ ဆတ်ဆတ် ကြားလိုက်တဲ့အခါ ဒီလို စဉ်းစားချက်မျိုး သူတို့ တတွေခေါင်းထဲ
ကျန်နေရကောင်းလားလို့  မြင်မိတာထက် နိုင်ငံရေးအကျဉ်းသားတွေရဲ့ လွတ်မြောက်မှုဟာ စစ်အာဏာရှင်တစ်စုရဲ့  ဟန်ရေးပြ၊ အမှတ်ယူရေး၊ နိုင်ငံရေးအမြတ်ထုတ်မှု ဆိုတာကို ပိုမိုပြီး ရှင်းရှင်းထင်းထင်း မြင်လိုက်မိတယ်။

အခုထိ သူတို့ တတွေဟာ ရွှေရည်စိမ်လွတ်မြောက်မှုကို မေ့တေ့တေ့ မဖြစ်နိုင်သေးဆိုတာ ယုံကြည်မိတယ်။ သူတို့ တတွေဟာ ပြည်သူ့ လွတ်လပ်ခွင့်၊ ပွင့်လင်းလူ့ အဖွဲ့ အစည်းဆိုတာထက် သူတို့ တတွေရဲ့  မျော့ကြိုးလို တန်းလန်းငြိပါနေတဲ့
ကြွေးကျန်ထောင်ဒဏ်နှစ်များစွာကိစ္စကို အရင်ဦးစွာ ဖြေရှင်းသင့်တယ်။

ခုတော့ နေမျိုးဇင်ရဲ့  ကြွေးကျန် ၆ နှစ် တပေါင်းတည်း ကျခံစေဖို့  ဦးသိန်းစိန်အစိုးရရဲ့  တရားရေးမဏ္ဍိုင်က ဆုံးဖြတ်ချက်ဟာ ဒီအချက်ကို ပြန်အစဖော်ပေးတဲ့လုပ်ကွက်တစ်ခုလို့  မြင်တယ်။ အတိုက်အခံတွေဘက်ကသာ ယုံကြည်မှုအသေအလဲ တည်ဆောက်ချင်တာ နန့် နန့် တက် ထွန့် ထွန့် လူးနေပေမယ့်စစ်အုပ်စုအနေနဲ့  သူတို့ ရပ်တည်ချက်ကို တစ်ပြားသားမှ ဈေးဆစ်မခံ၊လျှော့ဈေးချမပေးဘူးဆိုတာ ခုထိ သဘောမပေါက်သေးရင်တော့ ပြည်သူတွေကွဲကြ ပြဲကြဦးမှာဘဲ။

အောင်မျိုးထွန်း

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင် ၆ နှစ် ချမှတ်ခံရ
=========================
May 7, 2013

ဧရာဝတီတိုင်း၊ မအူပင် အကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အရင်အမှုဟောင်းအတိုင်း ပြန်လည်ကျခံဖို့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်တယ်လို့ သတင်းရရှိပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အသရေဖျက်မှုနဲ့ အခုရက်ပိုင်းအတွင်း ပန်းတနော်တရားရုံးက ဒဏ်ငွေကျပ် ၂ သောင်း ပေးဆောင်ဖို့ ဒါမှမဟုတ် ထောင်ဒဏ် ၃ လကျခံဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဦးနေမျိုးဇင်က အဲဒီငွေဒဏ်ကို မပေးဆောင်ပဲ မအူပင်အကျဉ်းထောင်မှာ ထောင်ဒဏ်ကျခံနေတာ ဖြစ်ပါတယ်။

ဒီနေ့ညနေ ၄ နာရီမှာ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်းက အကျဉ်းထောင်အတွင်း ရောက်ရှိလာပြီး အရင်ပြစ်မှုဟောင်းကို ပြန်လည်ကျခံဖို့ အမိန့်စာလာရောက်ဖတ်ကြားခဲ့တယ်လို့ ဦးနေမျိုးဇင်ရဲ့ ညီဖြစ်သူ ဦးခင်မောင်ထွေးက ပြောပါတယ်။

“ပြည်ထဲရေးဝန်ကြီး ဦးကိုကိုရဲ့အမိန့်နဲ့ပေါ့ဗျာ၊ ပထမကျခံခဲ့ရတဲ့ ပြစ်ဒဏ်ထဲကနေပြီးတော့ ၆ နှစ် ကျခံစေဆိုပြီး၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးသောင်း အမိန့်စာလာဖတ်သွားတယ်လို့ ပြောပါတယ်၊ မအူပင်ထောင်ထဲကို လာဖတ်သွားတာပါ၊ ထောင်ရဲ့အရာရှိတစ်ဦးကနေလာပြီးတော့ ရှေ့နေရှိပါသလားလို့မေးတယ်၊ ရှေ့နေကလည်း ဒီနေ့ကျနော်တို့ပါမလာတဲ့အတွက်ကြောင့်မို့ မိသားစုဝင်တွေပဲ နောက်ဆုံးသွားတွေ့လာခဲ့ပါတယ်”

ဦးနေမျိုးဇင်ဟာ ပန်းတနော်ဒေသခံ လယ်သမားတွေအတွက် အကူအညီပေးရင်း အဖမ်းခံခဲ့ရတာဖြစ်တဲ့အတွက် အမှုကနေ ပြန်လည်လွတ်မြောက်ဖို့ တောင်သူ ၁၀၀ ကျော်က ဒီကနေ့ပန်းတနော်တရားရုံးမှာ ဒဏ်ငွေပေးဆောင်ခဲ့ကြပြီး၊ သူ့ကိုလွှတ်ပေးမယ် ပြောလိုက်တဲ့အတွက် အကျဉ်းထောင်ရှေ့မှာ ၄ နာရီကြာ သွားရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။

ဦးနေမျိုးဇင်ကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်နဲ့ ပတ်သက်ပြီး မိသားစုဝင်တွေက ရှေ့နေတွေနဲ့ တိုင်ပင်ပြီး တရားဥပဒေအရ အယူခံဝင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ သိရပါတယ်။

ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ဟာ ၂၀၁၁ ခုနှစ်အတွင်းက အီလက်ထရောနစ်ပုဒ်မနဲ့ ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးနောက်၊ ပြီးခဲ့တဲ့ ဇန်န၀ါရီ ၁၃ ရက်က သမ္မတဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာသူ ဖြစ်ပါတယ်။

RFA Burmese

No comments: