လပေါင်းများစွာ ဒီမျက်နှာ၊ ဒီမြင်ကွင်း၊
ဒီထမင်း ဒီဟင်းနဲ့ ဒီလေ့ကျင့်ခန်း၊ ဒီစခန်းထဲ အနေကြာလာတော့ ကျနော်တို့ တတွေ
ငြီးငွေ့နေပြီ၊ တယောက်နဲ့တယောက်လည်း ဟိုလူ့ကို ကြည့်မရ၊ ဒီလူက ဘာဖြစ်တယ်
ဒီခေါင်းဆောင်က မျက် နှာလိုက်တယ်၊ အုပ်စုမွေးနေတယ်ဆိုတာတွေနဲ့
မတည့်အတူနေတွေ ဖြစ်ကုန်ပြီ။ ပြဿနာဖြစ်ရင်လည်း အစည်းအဝေး နဲ့
မီးဖိုချောင်ကများတယ်။ အစည်းအဝေးတခုပြီးသွားရင် တယောက်နဲ့တယောက် မခေါ်နိုင်
မပြောနိုင် ရန်သူတွေလို ဖြစ်ကုန်တယ်။
ဝက်သား၊ အမဲသားချက်တဲ့နေ့ဆို အတုံးမညီလို့
ပြဿနာဖြစ်မှာစိုးပြီး ကိုဘရမ်နဲ့ ချက်ပြုတ်ရေးတာဝန်ကျသူတွေဟာ
အသားတွေခုတ်ထစ်ပြီး အတုံးတွေမျှတအောင် အကြီးအသေးအလိုက်
အပ်ချီတွေနဲ့တွဲချီပြီး ရောချက်တယ်။ ဟင်းဝေ ရင် အသားတုံးတွေက
အပ်ချီတွဲလေးနဲ့။ တပ်စုမှူးနဲ့ စခန်းတာဝန်ခံ ခေါင်းဆောင်တွေကလည်း
ကိုယ့်ထဲကလူတွေ ရဲ့အခြေအနေကို အမြဲအကဲခတ်နေရတယ်။ အစုအဖွဲ့တခုထဲမှာ
တယောက်နဲ့တယောက်မတည့်ရင် ပြဿနာဖြစ်မှာ စိုးလို့ ခေါင်းဆောင်တွေ
ခေါင်းချင်းရိုက်ညှိနှိုင်းပြီး တပ်စု မတူအောင်ခွဲထားရတာတို့ ပြေလည်အောင်
ကြားဝင်ညှိပေး ရတာတို့ လုပ်ပေးရတယ်။
မညီညွတ်မှုတွေ၊ သဘောထားတင်းမာမှုတွေကြား
အကောင်းဆုံးထွက်ပေါက်တခုက ဂီတအနုပညာပဲ ဖြစ်တယ်။ အ စောပိုင်း
ကျနော်တို့စခန်းကိုရောက်စက ဘာတူရိယာမှလည်း မရှိပါဘူး။ တနေ့ တမူးက
ကိုဝင်းနောင် စခန်းအနီးတ ဝိုက်မှာ မဏိပူရစစ်သားတွေပစ်ထားတဲ့
အရက်ပုလင်းခွံတွေ လိုက်ကောက်ပြီး စုနေတာတွေ့တယ်။ ကိုဝင်းနောင်က
သီချင်းအဆိုကောင်းသလို အသံလည်းကောင်းတယ်။ သီချင်းလေး ဘာလေးလည်း စပ်တယ်။
သူရဲ့ မာစတာပိစ် သီချင်းလေးကတော့
သန်းထွန်းလေးရဲ့ “မွေးဌာနေ” အလိုက်နဲ့ စပ်ထားတဲ့ “ပွေးဌာနေ” သီချင်း လေးပဲ။
ကျနော်တို့ရောက်ခါစ သမံတလင်းပေါ် ကောက်ရိုးခင်း အပေါ်က
ဂုံနီအိပ်နဲ့ချုပ်ထားတဲ့ ကောက်ရိုးမွှေ့ရာ ကြောင့် စခန်းတခုလုံး ဝဲတွေ
စွဲတယ်။ လူတိုင်း ဘာစကေဘီ ယားနာဆေး လိမ်းနေရတယ်။ သူ့သီချင်းက ကျနော်တို့ရဲ့
လက်တွေ့ဘဝကို ထင်ဟတ်တော့ အားလုံးက မနောခွေ့တယ်။ ကိုဝင်းနောင်က
ညအိပ်ရာခါနီး ဂီတဆည်းဆာချိန်တိုင်း ဘီးတချောင်းမှာ စက္ကူကပ်ပြီး
ဘာဂျာလိုမှုတ်ရင်း ပွေးဌာနေသီချင်းဆိုလေ့ရှိတယ်။
“ယားပါသည် ××× ပေါင်ကြားဆီက ××××
ဘယ်လိုဘယ်နည်း ကုတ်ရမှန်းမသိ ××× (ယားလှပါသည်)၂ ဆေးဝါးမလောက်လို့
အဖုလုံးလေးတွေ ××××× တလိပ်လိပ်တက်ခါ ဖင်မှာပေါက်တော့သည် ×× ဘာစကေဘီ ××
မနိုင်လေပြီ … ကျနော့်အတွက်တော့ ×××× ဘောယားနေပါသည်”…။
ကိုဝင်းနောင်က ပစ်ထားတဲ့ ပုလင်းဟောင်း
တော်တော်များများရတော့ ပုလင်းလည်ပင်းကို ကြီးစဉ်ငယ်လိုက် ကြိုးလေး တွေနဲ့
ဆွဲလိုက်တယ်၊ ပြီးတော့ ပုလင်းတချို့ကို ရေနည်းနည်းစီဖြည့်ပြီး ဒို-ရေ-
မီ-ဖာ-ဆို-လာ-တီ-ဒို သံစဉ် ၇ ပေါက်နဲ့ ကြိုးစားပြီး အသံညှိတယ်။ ဒါနဲ့ပဲ
ဒုက္ခသည် တူရိယာ ပုလင်းပတ္တလားလေးဖြစ်လာတယ်။ အလံတိုင်အနီး အုတ်ကန် ထောင့်မှာ
ချိတ်ဆွဲထားတဲ့ ကိုဝင်းနောင်ရဲ့ ပုလင်းပတ္တလားလေးဟာ စခန်းကလူ
တယောက်ပြီးတယောက်ရဲ့ တချွင်ချွင် တီးခေါက်ပြီး အပြင်းပြေ
စိတ်ထွက်ပေါက်ရှာရာ တူရိယာလေးတခုပေါ့။
နောက်ပိုင်းမှာ စခန်းကို နာဂရွာထဲက
ဂစ်တာအဟောင်းလေးတလုံး ဘယ်သူ ငှားလာလဲမသိဘူး။ ကျနော်တို့တတွေရဲ့ အပျင်းပြေ
ဂီတလေးဖြစ်လာတယ်။ ကိုဝင်းနောင် ကျနော်နဲ့ စခန်းအတွက် ဂစ်တာအိုးကွဲလေးက
အဓိကကျတဲ့ အန်တာ တိန်းမင့်လေးဖြစ်လာတယ်။ အဲဒီဂစ်တာအစုတ်လေးက
ကျနော်တို့အတွက် တော်လှန်ရေးသီချင်း၊ စစ်ချီသီချင်းတွေ မွေးဖွားပေးခဲ့တယ်။
ပြီးတော့ ဆရာထူး စခန်းမှာရှိနေတုန်းက သူ့ရဲဘော်တွေကိုမှာလိုက်လို့
သူ့ရဲ့ခင်သန်းနုကြီးလည်း ရောက်လာပြီး ကျနော်တို့ကို အသုံးတော်ခံခဲ့သးတယ်။
ဆရာ့မယ်ဒလင်အိုးရဲ့ ကောက်ကြောင်းကိုအစွဲပြုပြီး ခင်သန်းနု လို့
နာမည်ပေးထားတာပါ။ ခိုက်ခိုက်တုံနေတဲ့ ဆောင်းဒဏ်ကိုအံတုဖို့
အပေါက်တွေဖောက်ထားတဲ့ လေးဒေါင့်သံပုံးကြီး (ဆီပုံးဟောင်း)ထဲ
ထင်းရှူးသီးခြောက်တွေ ထင်းရှူးဆီသားတွေထည့်ပြီး ဝိုင်းဖွဲ့မီးလှုံကြတယ်။
ဆရာထူးက မဲဇာ တောင်ခြေသီချင်းလေး တီးဆိုပြရင် ကျနော်တို့အလွမ်းတွေက
ဘယ်ဆီဘယ်ဝယ် …။
၁၉၈၉ တန်ဆောင်မုန်းလပြည့် မတိုင်မီ
စခန်းက ရဲဘော်အားလုံး အလုပ်ရှုပ်နေကြတယ်။
ပန်းချီကိုလေး(မန္တလေး) က ဂျပ်ပြားထူထူကြီးမှာ အစိမ်းရောင်ကဲတဲ့
ရောင်စုံဖောင်းကြွ ကဒေါင်းရုပ်ကြီး ဆွဲနေတယ်။ လက်ရာမြောက်လွန်းတဲ့
အဲဒီပုံကို အဆောင်ထဲမှာ ဆောက်ထားတဲ့ ဇာတ်စင်မြင့် နဖူးစီးနေရာမှာ
ချိတ်ဆွဲထားတယ်။ အောက်က ရွှေရောင် ဖောင်းကြွစာတမ်းလေးက “ဒေါင်းအိုးဝေဝေ …
အငြိမ့်” တဲ့။
ကိုဘရမ်နဲ့ စစ်နိုင်ဦး၊ ကိုရဲတို့က
ဇာတ်ခုံပေါ်မှာ လိုက်ကာတွေချိတ်ပြီး အလုပ်ရှုပ်နေတယ်။ လိုက်ကာတွေဆိုတာက
ပြီးခဲ့တဲ့ ၃-၄ ရက်ကမှ မိုးရေးကုန်သည်ကြီးများအဖွဲ့က ပို့လိုက်တဲ့
လုံခြည်အသစ်တွေပါ။ မချုပ်ရသေးတဲ့ လုံခြည်တွေမှာ ပိုင်ရှင်တွေရဲ့နာမည်တွေ
မှတ်သားရေးခိုင်းပြီး အငြိမ့်ကန့်လန့်ကာ လုပ်နေတာပါ။ ဇာတ်စင်အတွက်
ခွဲစိတ်ပြီးသား အ ပေါ်ယံ ထင်းရှူးပကာသားတွေကို ကျနော်တို့ဇာတ်အဖွဲ့တွေက
တောင် ၂ လုံးလောက်ကျော်ပြီး တောထဲက လွှစင်အဟောင်းတွေမှာ ရှာဖွေ
ထမ်းလာကြတာဖြစ်တယ်။
တန်ဆောင်တိုင်ပွဲနီးလာတာနဲ့
စစ်ရေးပြလေ့ကျင့်ခန်းတွေ မလုပ်ရတော့ဘူး၊ အပီအပြင်နားလိုက်တယ်။ မနက်ရော
ညနေရော စခန်းနောက်ဖေး ထင်းရှူးတောမှာ ဇာတ်တိုက်တယ်။ ပြဇာတ်တိုက်တယ်။
ဒါရိုက်တာက ပန်းချီထိန်လင်း။ စစ်နိုင်နဲ့ ကျနော်က အတိုင်ပင်ခံ ဇာတ်ဆရာတွေ။
ပွဲနီးတော့ လူတိုင်း ကိုယ့်တာဝန်နဲ့ကိုယ် တက်တက်ကြွကြွ ဖြစ်နေ ကြတယ်။
စခန်းတာဝန်ခံ ဒေါက်တာအောင်ကျော်ဦးနဲ့
ကိုဘရမ်တို့က စစ်တပ်က မီးစက်ငှား၊ ပြင်ပဧည့်သည် ဖိတ်ကြားရေး။ မော်ကျွန်းနဲ့
သံခဲ (ABSDF ဥက္ကဋ္ဌ) တို့က ရွာထဲသွားပြီး ပြဇာတ်ကဖို့ အဝတ်အစားတွေ၊
အသုံးအဆောင်ပစ္စည်းတွေ သွားငှားကြတယ်။ တန်ဆောင်တိုင်ည အစားအသောက်အတွက်
ကိုရဲသူရိန်(ကိုရဲမြင့်-မန္တလေး) က တာဝန်ယူတယ်။ စင်ဆောက်သူ၊ ထင်းကြိုရှာသူ၊
အားလုံး တာဝန်ကိုယ်စီနဲ့ပေါ့။ ကျနော်နဲ့ ကိုထိန်လင်းက စခန်းနဲ့ ၂
နာရီကြာလောက် လမ်းလျှောက်သွားရတဲ့ ကွန်မရာသာဗီ လို့ခေါ်တဲ့ နာဂရွာလေးကို
ညကြီးသွားကြတယ်။ ရွာမှာ မြန်မာပြည်ကနေ ပြောင်းလာတဲ့ နာဂကြီး ဦးချို
(ကွယ်လွန်) ရဲ့အိမ်သွားပြီး သီချင်းတွေ သွားကူးတယ်။ အပြန်မှာ လသာသာနဲ့
အဝေးပြေး ကားလမ်းမပေါ် ကက်ဆက်ကြီးဖွင့် ဗမာသီချင်းတွေနားထောင်ပြီး
လာခဲ့ကြတဲ့ညကို အခုထိ လွမ်းနေမိသေးတယ်။ တောင်ပေါ်မှာချည်း သွားလာနေရာက
မြေပြင်ညီ ကားလမ်းပေါ်လမ်းစလျှောက်တော့ ခြေလှမ်းတွေက မြောက်ကြွ မြောက်ကြွနဲ့
သွက်လက် လွတ်လပ်နေတဲ့ အရသာကို အခုထိ မမေ့ဘူး။
အမှန်တော့ အဲဒီမတိုင်ခင် စခန်းမှာ
သူ့အုပ်စုကိုယ့်အုပ်စုနဲ့ အစုအဖွဲ့တွေဖြစ်နေတာ။ အဲလိုအနေအထားမျိုးကြီးကို
ကျနော်တို့်အားလုံးက သဘောမကျကြဘူး၊ ဒါနဲ့ တန်ဆောင်တိုင်ပွဲတော်ကို
ပျော်ပွဲရွှင်ပွဲတွေနဲ့ ကပြကြမယ်ဆိုပြီး အစည်းအဝေးမှာ တင်ပြကြတာကို အားလုံးက
တညီတညွတ်တည်း သဘောတူခဲ့ကြတာပါ။
ပွဲမစခင်ကတည်းက
ကျနော်တို့ရဲ့တောင်ကုန်းကြီးဟာ မီးရောင်တထိန်ထိန်နဲ့ လှလို့ ပလို့၊
မီးပုံးလေးတွေတောင် ပါ လိုက်သေး။ တကယ့် အရပ်ပွဲတခုလိုပဲ။ အရင်က
ရေနံဆီမီးခွက်လေးနဲ့နေခဲ့တာ အခုတော့ မီးစက်ကြီးမောင်းတဲ့အသံနဲ့ စခန်းဟာ
ဆူညံညံ အသက်ဝင်နေတယ်။ ဇော်ဝင်းဆက်ရဲ့ ၆ ကောင်ဂျင်ဝိုင်းမှာလည်း
လူတော်တော်စည်တယ်။ ဘီဒီ ဆေးလိပ်လေးတွေ အလောင်းအစားလုပ်တာပါ။ အမှတ် ၈
ရိုင်ဖယ်တပ်ရင်းက ကသဲအရာရှိတွေလည်း ပွဲကြည့် ပရိ သတ်အဖြစ် လာကြတယ်။
စခန်းအနီးတဝိုက်က နာဂနဲ့ ကသဲ ရွာသူရွာသားတွေ တအုပ်ကြီး ပွဲကြည့်ဖို့
တက်လာကြ တယ်။ လေထန်တောင်ကုန်းပေါ်က ကျနော်တို့စခန်းကို
ထူးထူးဆန်းဆန်းဖြစ်နေကြတယ်၊ ဟိုငေး ဒီငေး။
ဧည့်သည်တွေကို ပဲပလာတာ၊ လက်ဖက်ရည်နဲ့
မုန့်တွေကျွေး ဧည့်ခံတယ်။ တောထဲက ဒုက္ခသည်စခန်း တောင်ကုန်း လေးဟာ
ကျေးလက်ပွဲတော်လေးတခုနဲ့ ဆင်တူနေတယ်။ ဒေါက်တာအောင်ကျော်ဦးက အားလုံးကို
ကျေးဇူးတင်စကား ပြောသလို ကသဲအရာရှိတွေကလည်း ကျနော်တို့တတွေ ပျော်ရွှင်တာကို
ဝမ်းသာတဲ့အကြောင်း လိုအပ်တာ ကူမယ့်အ ကြောင်း ပြောတယ်။
ပွဲစတော့ ခေတ်ပေါ်သီချင်းတွေ အရင်ဆိုတယ်။
တော်လှန်ရေးသီချင်းတွေရော အချစ်သီချင်းရော။ ကိုဘရမ်က အချစ်
သီချင်းဆိုရင်လည်း တော်လှန်ရေးသီချင်းဆိုနေသလိုမျိုး ကသဲဧည့်သည်တွေကို
ခပ်တည်တည်နဲ့ ထင်ရာမြင်ရာ ဘာသာပြန်ပေးတယ်။ စင်ပေါ်မှာ မိုက်ကရိုဖုန်းက
မရှိဘူး၊ ကျနော်က အစီအစဉ် ကြော်ငြာသူ၊ ရေခွက်တခွက်ကို
မိုက်ကရိုဖုန်းပုံစံနဲ့ ခပ်တည်တည် ကိုင်ပြောတယ်။ တယောက်ယောက်က
နောက်ပြောင်ချင်လို့ မကြာခဏ ခွက်ကိုဆွဲ သွားရင် မိုက်ပျောက်တယ်ဆိုပြီး
လိုက်မေးမြန်းရတာ အမော။ ဒီကြားထဲ ကိုအောင်ဆန်းလင်းနဲ့ ကျောက်ခဲက ဘယ်နေ ရာက
ဘယ်လို အရက်တွေသောက်လာလည်း မသိဘူး၊ မူးမူးနဲ့ ဇာတ်စင်ပေါ်တက်လာပြီး အပီအပြင်
ရှိတ်ဆွဲနေလို့ လုံခြုံရေးတာဝန်ယူထားတဲ့ ကာရာတေးဆရာ ကိုရဲမြင့်စိုးတို့က
စင်ပေါ်က ဆွဲထုတ်ရတယ်။ တကယ့်ကို ရပ်ကွက်ထဲက
တန်ဆောင်တိုင်ပွဲစရိုက်တွေအတိုင်းပဲ။
ကျနော်တို့ကတဲ့ ပြဇာတ်နာမည်က “ကြွေမှပွင်သာ
ပန်းတပွင့်” တဲ့။ ကိုထိန်လင်း ရေးတဲ့ဇာတ်။ ဇာတ်လမ်းက ရှစ်လေး လုံး
အာဏာသိမ်းပြီးနောက် တက္ကသိုလ်က ချစ်သူ ၂ ယောက်နဲ့ သူငယ်ချင်းတွေ
အိန္ဒိယနယ်စပ် တောခိုလာတယ်။ အိန္ဒိယမှာ စစ်ရေးလေ့ကျင့်တယ်၊ လက်နက်ကိုင်ပြီး
စစ်အစိုးရကို ပြန်တိုက်တယ်၊ တိုက်ပွဲမှာ ဇာတ်လိုက်ကျသွားတယ်။ ဇာတ်လိုက်က
စစ်နိုင် (သူက တကယ်လည်း နယ်စပ်မှာ တိမ်းပါးသွားတယ်) မင်းသမီးက ကိုသံခဲ
(ABSDF ဥက္ကဋ္ဌ)။ ဒီဇာတ်ကို ကျနော်ရေးထားတဲ့ “တော်လှန်ပန်းခင်း”
ဆိုတဲ့ကဗျာလေးနဲ့ ကျနော်ကိုယ်တိုင်ရွတ်ပြီး ဖွင့်တယ်။
“တပွင့်ကြွေရင် … နှစ်ပွင့်ဝေမယ်၊
ကြွေတာကိုက ပွင့်ခြင်းပဲ။
ဟိုးတရက်က … မင်းရဲ့လက်နဲ့
ပန်းခင်းဖျက်ဖူး မမေ့ဘူး။
မနေ့ကလည်း ဖူးစပွင့်စ ပန်းလှလှတွေ
ကြေမွပြန့်ကြဲ မင်းလက်ထဲမှာ။
အခုလည်းလေ မြေထဲကြွေဆဲ ရဲရဲပန်းတွေ
ဝမ်းနည်းပက်လက် တွေ့ရတယ်။
ဒါပေမယ့်လေ …
အဲဒီမြေမှာ
အရုဏ်ပျိုးတိုင်း၊ နံနက်တိုင်းမှာ
ပန်းမျိုးစုံစွာ တွေ့ရတယ်၊
ပန်းရောင်စုံဖြာ ဖူးပွင့်တယ်။
ဟေ့ … တပွင့်ကြွေရင် နှစ်ပွင့်ဝေမယ်
ကြွေတာကိုက ပွင့်ခြင်းပဲ။
ကြွေတာကိုက ပွင့်ခြင်းပဲ။
ဟိုးတရက်က … မင်းရဲ့လက်နဲ့
ပန်းခင်းဖျက်ဖူး မမေ့ဘူး။
မနေ့ကလည်း ဖူးစပွင့်စ ပန်းလှလှတွေ
ကြေမွပြန့်ကြဲ မင်းလက်ထဲမှာ။
အခုလည်းလေ မြေထဲကြွေဆဲ ရဲရဲပန်းတွေ
ဝမ်းနည်းပက်လက် တွေ့ရတယ်။
ဒါပေမယ့်လေ …
အဲဒီမြေမှာ
အရုဏ်ပျိုးတိုင်း၊ နံနက်တိုင်းမှာ
ပန်းမျိုးစုံစွာ တွေ့ရတယ်၊
ပန်းရောင်စုံဖြာ ဖူးပွင့်တယ်။
ဟေ့ … တပွင့်ကြွေရင် နှစ်ပွင့်ဝေမယ်
ကြွေတာကိုက ပွင့်ခြင်းပဲ။
ဒီကဗျာလေးကို ကျနော်က ရွတ်ပြီးတဲ့နောက်
ပြဇာတ်အစ ကန့်လန့်ကာဖွင့်တာနဲ့ မင်းသမီး ကိုသံခဲနဲ့ မင်းသမီးသူ ငယ်ချင်း
မော်ကျွန်းတို့ နှုတ်ခမ်းနီ ပါးနီတွေ ဆံပင်တုတွေနဲ့ ဘယ်က
ဘယ်လိုငှားလို့ရလာမှန်းမသိတဲ့ ကသဲထမီတွေ အင်္ကျီတွေ ဘရာဇီယာတွေဝတ်ပြီး
အကြော့သားပြင်ဆင်ထားတာ အားလုံးကတောင် လူမှားလောက်တယ်။ အမူးသမား ကျောက်ခဲနဲ့
အောင်ဆန်းလင်း စင်ပေါ်တက်ပြီး ကိုသံခဲ ပါး အတင်းနမ်းမယ် တကဲကဲလုပ်လို့
လုံခြုံရေး ကိုရဲစင်ပေါ်က အတင်းဆွဲချနေရတယ်။
စစ်နိုင်နဲ့ သံခဲတို့အတွဲကလည်း
အညုအခရာလေးတွေနဲ့ အမူအရာ တော်တော်ပိုင်တယ်။ ပြီးတော့ ကျောင်းတွင်း ဆန္ဒပြတဲ့
အခန်းတွေ ရှစ်လေးလုံး သရုပ်ပြကွက်တွေလည်း ပါတယ်။ ကိုသံခဲ အကို ကိုသံဒုတ်က
သူ စက်မှုတက္ကသိုလ် ကျောင်းသားဘဝက တကယ်တရားဟောခဲ့တဲ့ မိန့်ခွန်းနဲ့
ဟန်အတိုင်း တရားဟောတယ်။ သံဒုတ်က အတိတ်က တ ကယ်ဖြစ်ခဲ့တဲ့အတိုင်း စိတ်ပါလက်ပါ
ဟောတာ။ ကိုသံဒုတ် တရားဟောတဲ့ပြကွက်ထဲမှာ မျက်နှာကို လက်ကိုင်ပုဝါ
အုပ်ဟောနေရင်း လူအုပ်ထဲက တယောက်က “လက်ကိုင်ပုဝါ ချွတ်ပြပါဗျို့”
လို့အော်ပြောတော့ ကိုသံဒုတ်က “ဟုတ်တယ်၊ အမှန်တရားအတွက်တိုက်တာ ဘာမှ
ကြောက်စရာ ဖုံးကွယ်စရာ မလိုဘူး” လို့ပြောရင်း လက်ကိုင်ပုဝါကို
ဆွဲခွာလိုက်တာမျိုးလည်း ပါတယ်။
အဲလို ပရိသတ်ထဲက
လက်ကိုင်ပုဝါချွတ်ခိုင်းရမယ့်သူက ကိုလေးပွ (ရဲမင်းသိန်း) ပါ၊ သူက လူအေး၊
စကားပြောနည်း လွန်းလို့ တဇာတ်လုံးမှာ အဲဒီတခွန်းပဲပြောဖို့ တာဝန်ပေးထားတယ်။
ဖြစ်ချင်တော့ ကိုသံဒုတ် တကယ်တက်လာတော့ မျက်နှာကို လက်ကိုင်ပုဝါ
စည်းခဲ့ဖို့ မေ့နေတယ်၊ ကိုလေးပွကလည်း သူက ဒါလေးတခုပဲ ပြောရမယ့်အခန်းဆိုတော့
အခြေအနေကို ဘာမှ မစဉ်းစားတော့ဘူး၊ ဇာတ်တိုက်ထားတဲ့အတိုင်း သူ
အော်ရမယ့်အခန်းလည်းရောက်ရော “လက် ကိုင်ပုဝါချွတ်ပြပါဗျို့” လို့
အော်ဖြစ်အောင် အော်လိုက်သေးတယ်။ ကိုသံဒုတ်ကလည်း အူကြောင်ကြောင် ဖြစ်သွား
တယ်။ နောက်တော့ ခပ်တည်တည်ပဲ ဇာတ်တိုက်ထားတဲ့အတိုင်း လက်ကိုင်ပုဝါမရှိတဲ့
မျက်နှာပေါ်ကနေ လက်ကိုင်ပုဝါ ချွတ်ပြတဲ့ဟန်လေး လုပ်ဖြစ်အောင်ကို
လုပ်သွားတော့ ပရိသတ်က တဝါးဝါးနဲ့။ ပြဇာတ်ထဲက အရေးကြီးတဲ့ နိုင်ငံရေး
အပြောင်းအလဲ ရက်စွဲတွေကို တယောက်က ကျယ်ကျယ်လေး အော်ပေးပြီး ကျန်တဲ့လူတွေက
ဝေးဟေးဟေးနဲ့ လက် ခုပ်တီးပေးရတာလည်း ပါတယ်။
ဥပမာ …”ဆန္ဒပြပွဲမှာ မြန်မာ့တပ်မတော်သားတွေ ပူးပေါင်းပါဝင်လာပြီတဲ့ဟေ့ ဆိုရင် … အားလုံးက ဝေးဟေးနဲ့အော်ပြီး လက်ခုပ်တီးကြတယ်။
လူသတ်သမားစိန်လွင် ပြုတ်ကျသွားပါပြီ … ဝေးဟေးဟေး …
ပုဒ်မ ၁၄၄ ရုတ်သိမ်းသွားပါပြီတဲ့ဟေ့… ဝေးဟေးဟေး …
ဒေါက်တာမောင်မောင် ရာထူးက နှုတ်ထွက်သွားပြီဟေ့ … ဝေးဟေးဟေး
စင်ပြိုင်အစိုးရဖွဲ့တော့မယ်တဲ့ဟေ့ … ဝေးဟေးဟေး …
ပုဒ်မ ၁၄၄ ရုတ်သိမ်းသွားပါပြီတဲ့ဟေ့… ဝေးဟေးဟေး …
ဒေါက်တာမောင်မောင် ရာထူးက နှုတ်ထွက်သွားပြီဟေ့ … ဝေးဟေးဟေး
စင်ပြိုင်အစိုးရဖွဲ့တော့မယ်တဲ့ဟေ့ … ဝေးဟေးဟေး …
အဲဒီလို ဝေးဟေးဟေးနဲ့ ညာသံလိုက်တာ
အရှိန်ကရနေကြပြီ။ စက်တင်ဘာ ၁၈ စစ်တပ်အာဏာသိမ်းလိုက်ပြီတဲ့ဟေ့လို့
အော်လိုက်တော့ … ဝေးဟေးဟေး … နဲ့ လက်ခုပ်ဝိုင်းတီးလို့
ကိုးရို့းကားရားတွေဖြစ်ရသေးတယ်။
နောက်ထပ် ကိုးရိုးကားရားအဖြစ်တွေက
သေနတ်ပစ်ပြီးအာဏာသိမ်းတဲ့အခန်းမှာ ကျနော်နဲ့ နိုင်နိုင်(တမူး) ဖောက်ရတဲ့
ဗျောက်အိုးတွေကယမ်းတွေ အပြီးမကွဲလို့ သေနတ်သံမမြည်ဘဲ အသားလွတ် အားခနဲ
အားခနဲ အော်ပြီး လဲသေလိုက် ရတဲ့ အဖြစ်တွေပါ။ ဗျောက်အိုးကလည်း
သူများသေပြီးမှ ထပေါက်ကွဲလို့ ဒုက္ခရောက်ရသေးတယ်။ နောက်တခုက
ကျောင်းသားရဲဘော်တွေ စစ်ရေးလေ့ကျင့်နေတဲ့အချိန် စင်အောက်ကနေ မြူခိုးပုံစံ
မီးခိုးမှိုင်းထုတ်တဲ့ ပြကွက်ပါ။
“BDGF ရဲ့သားကောင်းတွေ ×× အမိနိုင်ငံကို
ကယ်တင်ဖို့အတွက် လေ့ကျင့်နေ ×× ချွေးတွေမြေခနေ ×× မဏိပူရမြေ ××
ညီအကိုပေါင်းစုလို့ရှိနေ ×× ရေမြေခြားကွာ ×× တိုင်းတပါးမှာနေ ××
သူရဲကောင်းတွေရေ ×× ဘုံရန်သူကို အမြစ်ဖြတ် တိုက်ခိုက်မလေ ××
ကိုခင်မောင်ရီ (အာရကန်) ရေးတဲ့ BDGF
ပျောက်ကျားတပ်ဦး စစ်ချီတေးကို ဝိုင်းဆိုပြီး စစ်ရေးလေ့ကျင့်နေတဲ့အချိန်
စင်အောက်က မီးခိုးတွေက မြူခိုးတွေလို မျှင်းမျှင်းလေး မထွက်လာဘဲ
သစ်ရွက်စိုတွေများသွားလို့ မီးခိုးလုံးတွေ တလိပ်လိပ် အပေါ်တက်လာလိုက်တာ
နောက်ဆုံး စင်တခုလုံး မီးခိုးတွေမွှန်ထူပြီး သူရဲကောင်းတွေ
မျက်စေ့တွေစပ်လို့ ဆင်းပြေးရပါတော့တယ်။
ဘယ်လိုပဲဖြစ်စေ ကျနော်တို့ပြဇာတ်က
အောင်မြင်ပါတယ်။ အတော်လေးရယ်ရသလို လွမ်းစရာလည်း ကောင်းပါတယ်။ အထူးသဖြင့်
အမျိုးသမီးသရုပ်ဆောင် မော်ကျွန်းနဲ့ သံခဲတို့ဟာ သူတို့ငှားလာတဲ့
အဝတ်အစားတွေ တခန်းပြီးတခန်း မရိုးရအောင် အမျိုးမျိုးဝတ်၊ ဆိုက်တွေ
ဂိုက်တွေပြ ရှိုးထုတ်သွားကြတာကို ပရိတ်သတ်က သဘောကျလို့ မဆုံးဘူး။
ဇော်ဝင်းဆက်နဲ့ ကိုဇော်ကြီးကလည်း မျက်လှည့်အစီအစဉ်နဲ့ ကရာတေးစွမ်းရည်
ပြကြသေးတယ်။
ပွဲပြီးတော့လည်း ဖြစ်ပျက်ခဲ့တဲ့
ကသောင်းကနင်း ရယ်စရာတွေကို ပြန်ပြောပြီး တဝါးဝါးနဲ့ မအိပ်နိုင်ကြ။ စခန်းထဲက
လူအားလုံး ပျော်နေကြတယ်။ အဲဒီတန်ဆောင်တိုင်ညလေးဟာ ကျနော်တို့အားလုံးရဲ့
ညီညွတ်ရေးကို ပြန်ရခဲ့တဲ့ည၊ နားလည်မှု ယုံကြည်မှုတွေနဲ့
အပြန်အလှန်လေးစားမှုတွေ ခံစားရတဲ့ည၊ စုပေါင်းပြီး ကိုယ့်အခန်းကဏ္ဍနဲ့ကိုယ်
တာဝန် ယူကြလို့ အောင်အောင်မြင်မြင်ဖြစ်ခဲ့တယ်။
အရင်က ကြည့်မရသူတွေ မတည့်သူတွေလည်း
ပြန်လည်ရင်းနှီး သင့်မြတ်သွားတယ်။ ဖြစ်ချင်တဲ့ ဘုံအလုပ်တခုကို လုပ်ဖို့
အခွင့်အရေးမရခဲ့တာကြောင့် ကျနော်တို့ရဲ့လူငယ်ဘဝနဲ့ လွတ်လပ်မှုတွေ
တောထဲတောင်ထဲမှာ အချိန်ကာလ တခုအထိ ဆုံးရှုံးခဲ့ရပါတယ်။ မွန်းကြပ်ပြီး
ထွက်ပေါက်ပိတ်နေတဲ့ ကျနော်တို့အတွက် အနုပညာနဲ့ ဂီတလေးတွေက စိတ်ရွှင်မြူးပြီး
လူပီပီသသ ခံစားလို့ရတဲ့ အခွင့်အရေးကို ပေးခဲ့တာပဲလေ။
အမှောင်ကျနေခဲ့တဲ့ဘဝလေးထဲက ဒေါင်းအိုးဝေဝေ ညလေးကို ကျနော်တို့ သတိတရ
လွမ်းမိနေတုန်းပါ။
ကိုညို
၁၀ မေလ ၂၀၁၃

No comments:
Post a Comment