ဆိုင်ကလုန်း မဟာစင် မောင်တောမြို့နှင့် ဘင်္ဂလားဒေ့ရှ် စစ်တကောင်းမြို့အကြား ကမ်းခြေသို့ လေတိုက်နှုန်း တစ်နာရီ မိုင် ၇၀ ၀န်းကျင်ဖြင့် ယနေ့ (မေ ၁၆) စ၀င်မည်
ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့အကြား ကမ်းခြေသို့ ယနေ့ မေ ၁၆ ရက် မွန်းတည့်ခန့်တွင် စတင်ဖြတ်ကျော် ၀င်ရောက်မည်ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မေ ၁၅ ရက် ညပိုင်းက ထုတ်ပြန်ခဲ့သည်။
ဆိုင်ကလုန်း မဟာစင် ကမ်းခြေသို့ ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆၀ မှ ၇၀ အထိ တိုက်ခတ်နိုင်သည်ဟု သိရသည်။
ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မေ ၁၅ ရက် ညပိုင်းတွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့၏ အနောက်တောင်ဘက် မိုင် ၂၅၀ ခန့်၊ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် ၂၆၀ ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၂၈၀ ခန့်၊ အိန္ဒိယနိုင်ငံ၊ ကိုလ်ကတ္တားမြို့၏ တောင်ဘက် မိုင် ၂၃၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု သိရသည်။
ဆိုင်ကလုန်း မဟာစင်သည် မေ ၁၅ ရက် ည ၇ နာရီခန့်တွင် မောင်တောမြို့၏ အနောက်တောင်ဘက် မိုင်၂၇၀ ခန့် စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် ၂၈၀ ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၃၀၀ ခန့်အကွာတွင် တည်ရှိနေရာမှ ည ၁၀ နာရီ ၀န်းကျင်တွင် ကမ်းခြေသို့ အနည်းငယ် နီးကပ်လာခြင်း ဖြစ်သည်။
မုန်တိုင်း၏ လက်ရှိအခြေအနေမှာ အနီရောင် အရေးပေါ် အခြေအနေဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်စပ်သို့ ဦးတည်ရွေ့လျားလျက် ရှိသည်။
ကမ္ဘာတစ်ဝန်း သဘာဝ ဘေးအန္တရာယ်များကို ထုတ်ပြန်ပေးနေသည့် Tropical Storm Risk (TSR) က မုန်တိုင်းသည် မေ လ ၁၆ ရက်နေ့တွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် ၇၀ ၀န်းကျင် ရှိနိုင်ကာ မေလ ၁၇ ရက်နေ့တွင် မိုင် ၃၀ ၀န်းကျင်သို့ အားလျော့မည်ဖြစ်သည်ဟု ခန့်မှန်းထားသည်။
မေ ၁၃ ရက်မှ ၁၅ ရက်အတွင်း မုန်တိုင်းသက်ရောက်ရာ ခန့်မှန်းလမ်းကြောင်းနှင့် ဒေသများမှာ အပြောင်းအလဲ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့သည်။ Global Disaster Alert and Coordination System မှ ခန့်မှန်းသက်ရောက်ရာဒေသ ခန့်မှန်းမှုတွင် မေ ၁၃ ရက် ညပိုင်း၌ မြန်မာနိုင်ငံမှ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်း၊ အိန္ဒိယနိုင်ငံမှ မီဇိုရမ်တို့ကိုသာ ခန့်မှန်းဖော်ပြခဲ့ကာ မေ ၁၄ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ ချင်းပြည်နယ်၊ အိန္ဒိယနိုင်ငံမှ မီဇိုရမ်၊ အာသံ၊ မဏိပူရ်၊ ထရီပူရ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်း၊ ဘရီစယ်လ်တို့အား သက်ရောက်ရာ ဒေသများအဖြစ် ခန့်မှန်းဖော်ပြမှု ရှိခဲ့သည်။ မေ ၁၅ ရက် ညနေပိုင်းတွင် ဘင်္ဂလားဒေ့ရှ်မှ ဘရီစယ်လ်၊ စစ်တကောင်း၊ မြန်မာနိုင်ငံမှ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ အိန္ဒိယမှ မဏိပူရ်၊ မီဇိုရမ်၊ ထရီပူရ၊ အာသံ စသည်တို့ ခန့်မှန်းမှုတွင် ပါဝင်လာခဲ့သည်။
မုန်တိုင်း၏ အရှိန်ကြောင့် မိုးရွာသွန်းမှုများ ဒေသအချို့တွင် စတင်ဖြစ်ပေါ်လျက် ရှိပြီး ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင်ပြည်နယ်တို့တွင် မိုးကြီးမှုများ ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း သိရှိရသည်။ လက်ရှိမုန်တိုင်း၏ ဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီမိုင် ၆၀ ၀န်းကျင် ရှိသည်။ ဆိုင်ကလုန်း မဟာစင်သည် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် တည်ရှိနေခဲ့ရာမှ မေ ၁၅ ရက်ညပိုင်း၌ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းသို့ ရောက်ရှိလာခဲ့သည်။
စစ်တွေနှင့် မောင်တောမြို့၏ နောက်ဆုံးအခြေအနေ
စစ်တွေ - စစ်တွေမြို့၌ လက်ရှိတွင် ညမထွက်ရအမိန့် ရှိနေသေးသောကြောင့် လူသွားလူလာ မရှိဘဲ လေတိုက်နှုန်းမှာ သာမန်ထက် ပိုမိုတိုက်ခတ်နေကြောင်း သိရသည်။ မေ ၁၅ ရက်တွင် မုန်းတိုင်းဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေး အစီအစဉ် တစ်ရပ်အဖြစ် ရခိုင်အိမ်ထောင်စု ၅၀၀၊ ဘင်္ဂါလီ အိမ်ထောင်စု ၂၉၀၀ အား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားကြောင်း၊ သို့သော် ပြောင်းရွှေ့ရန် ငြင်းဆန်နေသော ဘင်္ဂါလီလူမျိုးများ ရှိနေပြီး ၎င်းတို့အား မေ ၁၅ ရက်နေ့ ညပိုင်းတွင် အပြီးပြောင်းရွှေ့ရန် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှ ညွှန်ကြားထားကြောင်း သိရသည်။ ပြောင်းရွှေ့ရန် ထပ်မံငြင်းဆန်ပါက လုံခြုံရေးအင်အား အသုံးပြုကာ ပြောင်းရွှေ့မည်ဖြစ်ကြောင်းနှင့်
မောင်တော - မောင်တောမြို့၌ လက်ရှိတွင် တပ်မတော်နှင့် နစကအဖွဲ့တို့ ပူးပေါင်း၍ လုံခြုံရေး ကင်းလှည့်မှုများ ဆောင်ရွက်နေပြီး ညနေ ၃ နာရီခန့်မှစ၍ လေတိုက်နှုန်းမှာ သာမန်ထက် ပိုမိုတိုက်ခတ်နေပြီး ညနေ ၆ နာရီခန့်တွင် မောင်းတောမြို့ပေါ်၌ လူအသွားအလာ မရှိသလောက် နည်းပါးသွားသည်။ သက်ဆိုင်ရာမှ တစ်နာရီခြားတစ်ခါ မုန်တိုင်းသတိပေးချက် လိုက်လံကြေညာနေပြီး မုန်တိုင်းအန္တရာယ် အဓိက ကျရောက်နိုင်သော ကျေးရွာ ၃၀ မှ လူဦးရေ ၆၀၀၀၀ ကျော်အား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ထားသည်။ ည ၉ နာရီခန့်တွင် မောင်တောမြို့အတွင်းသို့ အကြမ်းဖက်သမားများ၊ ရောက်ရှိနေသည်ဟု ကောလာဟလ သတင်းများ၊ ပြန့်နှံခဲ့ပြီး အဆိုပါ သတင်းမှာ မဟုတ်မမှန်ကြောင်း လုံခြုံရေးကို တင်းကျပ်စွာချထားကြောင်း မောင်တောမှ မေ ၁၅ ရက် ည ၁၁ နာရီခွဲအချိန် သတင်းပေးပို့ချက်အရ သိရသည်။
(ဓာတ်ပုံ - မောင်တောမြို့ အောင်ဗလရွာမှ လေးမိုင် အမကကျောင်းတွင် ဖွင့်လှစ်ထားသည့် မုန်တိုင်းခိုလှုံရာသို့ ရောက်ရှိလာသူအချို့ မေလ ၁၅ ရက်နေ့က တွေ့ရစဉ်)

No comments:
Post a Comment