Tuesday, August 6, 2013

ထိုင်းနိုင်ငံချင်းမိုင်တွင် မြန်မာ ဘုန်းကြီးကျောင်းအတွက် ကျောင်းထိုင်ဆရာတော် တင်မြှောက်


August 6, 2013 at 10:43pm
ယုဝေ | ဗုဒ္ဓဟူးနေ့၊ သြဂုတ်လ ၀၇ ရက် ၂၀၁၃ ခုနှစ် ၀၈ နာရီ ၅၃ မိနစ်

မြန်မာဘုန်းကြီးကျောင်းအဖြစ် အသိအမှတ်ပြုရန် မြန်မာရွှေ့ပြောင်းလုပ်သားများက တောင်းဆိုထားသော ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ၀ပ်ဆိုင်းမွန်း(မြန်မာ) ဘုန်းကြီးကျောင်းအတွက် ကျောင်းထိုင်ဆရာတော် တင်မြှောက်ခြင်း ကို သြဂုတ် ၂၀ ရက်တွင် ယင်းကျောင်း၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် မြန်မာဘုန်းကြီးကိုသာ ကျောင်းထိုင်ဆရာတော်အဖြစ် ကျောင်းထိုင် ခွင့်ပေးရန် အတွက် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာအလုပ်သမားများက ၂၀၁၂ ခုနှစ် ဇူလိုင်လတွင် တောင်းဆိုခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သတ်၍ နှစ်ဖက်နိုင်ငံ အာဏာပိုင်များ ညိနှိုင်းဆွေးနွေးရာ ပြေလည်မှု ရရှိခဲ့သည်ပာု ၀ပ်ဆိုင်းမွန်းကျောင်း၏ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းထွန်းဦးက မဇ္ဈိမသတင်းစာကို သြဂုတ် ၆ ရက်က ရန်ကုန်တွင် ကျင်းပသည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောသည်။

အဆိုပါကျောင်းအတွက် ကျောင်းထိုင်ဆရာတော်အဖြစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် အဘိဓမ္မာပိဋကတ်တော် များကို သင်ကြားပေးနေသော မြန်မာဆရာတော် ဦးကောဏ္ဍညကို သြဂုတ် ၂၀ တွင် ကျောင်း ထိုင်ဆရာတော်အဖြစ် တင်မြှောက်မည်ဖြစ်သည်။

သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့်ပတ်သက်ပြီး ဆရာတော်ဦးကောဏ္ဍညက“ထိုင်းစာတတ်မြောက်သွားတဲ့ အချိန်မှာ သာသနာပြုလုပ်ငန်းတွေ ပြုလုပ်ပါတယ်။ အခု ထိုင်းဘာသာနဲ့ ဗုဒ္ဓဘာသာကျမ်း စာပြုစုနေတာ သုံးကျမ်း ပုံနှိပ်ပြီးသွားပါပြီ။ အခု ပုံနှိပ်ဖို့ နှစ်ကျမ်း ကျန်သေးပါတယ်”ဟု မိန့်သည်။

ဆရာတော် အရှင်ကောဏ္ဍညအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ၀ပ်ဆိုင်းမွန်း (မြန်မာ) ဘုန်းတော်ကြီးကျောင်းကျောင်းထိုင်အဖြစ်  သီတဂူဆရာတော် အဂ္ဂမပာာပဏ္ဍိတ ဒေါက်တာအရှင်ဉာဏိဿရနှင့် ထိုင်းနိုင်ငံ ဒုတိယ သံဃရာဇာဆရာတော် စုံ(မ်)ဒိတ်ဖရဇိန၀ုံ(င်) ဆရာတော်များ၏ ဆွေးနွေးတိုင်ပင် ဆုံးဖြတ်ချက်ဖြင့် နှစ်နိုင်ငံ သာသနာရေးဝန်ကြီးဌာနမှ ကျောင်းထိုင်အဖြစ် သဘောတူ အသိအမှတ်ပြုခဲ့ကြခြင်း ဖြစ်သည်။ ဆရာတော်သည် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများ၏ လူမှုရေးကိစ္စများကိုလည်း ကူညီ ဆောင်ရွက်ပေးနေသည့် ဆရာတော်တစ်ပါး ဖြစ်သည်။

ကျောင်းထိုင်ဆရာတော် တင်မြှောက်ပွဲ အခမ်းအနားကို မြန်မာနိုင်ငံ နိုင်ငံတော်သံဃမဟာနာယကဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး၊ သီတဂူဆရာတော်၊ အစရှိသည့် ဆရာတော်ကြီးများ၊ သာသနာရေးဝန်ကြီးနှင့်မြန်မာသံရုံးနှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံမှ ဒါယကာ၊ ဒါယိကာမများ ဦးဆောင်၍ ကျင်းပမည် ဖြစ်သည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာဘုန်းတော်ကြီးကျောင်း ခုနစ်ကျောင်းရှိပြီး ၀ပ်ဆိုင်းမွန်း(မြန်မာ) ဘုန်းတော်ကြီးကျောင်းတွင်သာ မြန်မာဘုန်းတော်ကြီးတစ်ပါး ကျောင်းထိုင်ခြင်းဖြစ်သည်။

ယင်းသို့ မြန်မာဘုန်းတော်ကြီးတစ်ပါး ကျောင်းထိုင်ခြင်းနှင့် ပတ်သက်ပြီး ဦးထွန်းထွန်းဦးက “အခု ချင်းမိုင်မှာ မြန်မာ ဘုန်းတော်ကြီးကျောင်းက အလွန်ကို လိုအပ်ပါတယ်။ အဓိကကတော့ နာရေးတွေမှာ မြန်မာဘုန်းတော်ကြီးကျောင်းနဲ့မြန်မာဘုန်းတော်ကြီးတွေနဲ့သာ အဆင်ပြေမှာပါ” ဟု ပြောသည်။  

No comments: