Monday, August 5, 2013

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ပညာရှင် ၂၇၁၈ ဦးသာ ရှိသဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးရန် ထိရောက်စွာ မဆောင်ရွက်နိုင်သေး



Created on Monday, 05 August 2013 22:54

မြန်မာနိုင်ငံအတွင်း လယ်ယာမြေ ဧက သန်း ၃၀ ကျော် ရှိသော်လည်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် စိုက်ပျိုးရေး ပညာရှင် ၂၇၁၈ ဦးသာ ရှိသဖြင့် လယ်ယာကဏ္ဍ ဖွဲ့ဖြိုးတိုးတက်ရန် ထိရောက်အောင် ဆောင်ရွက်နိုင်မှု မရှိသေးကြောင်း စိုက်ပျိုးရေး ပညာရှင် ဦးဘဟိန်းက ပြောကြားသည်။

''လယ်သမားတွေကို စိုက်ပျိုးရေး နည်းပညာပေးဖို့ စိုက်ပျိုးရေး ဦးစီးဌာနကနေ စိုက်ပျိုးပညာပေးရေး ဌာနခွဲဆိုပြီးတော့ ၀န်ထမ်းပေါင်း ၄၀၆၀ နဲ့ ဖွဲ့စည်းထားတယ်။ ကျေးရွာထဲ ဆင်းပြီးတော့ စိုက်ပျိုးနည်းပညာ ပေးတဲ့ဝန်ထမ်းက ၂၇၁၈ ယောက်ပဲရှိတယ်။ အဲဒါကြောင့်မို့ ၀န်ထမ်းတစ်ဦးက ကျေးရွာတွေရဲ့ အိမ်ထောင်ဦးစီး ၁၂၇၅ ယောက်နဲ့ လယ်ဧက ၁၁၀၃၇ ကို တာဝန်ယူနေရတဲ့ အတွက် မနိုင်ဝန် ထမ်းနေရသလို ဖြစ်နေတယ်'' ဟု ဦးဘဟိန်းက ဆိုသည်။

ကျေးရွာအုပ်စုပေါင်း ၁၃၆၉၈ အုပ်စု၌ လယ်ယာ စိုက်ပျိုးရေး မန်နေဂျာ ၁၈၄၁ ဦး၊ ကျေးရွာ ၆၄၈၁၇ ရွာတွင် လယ်ယာ စိုက်ပျိုးရေး မန်နေဂျာ ၉၀၄ ဦးဖြင့်သာ တာဝန်ယူ လုပ်ကိုင်နေရသဖြင့် စိုက်ပျိုးရေး လုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန် အတွက် ၀န်ထမ်းအင်အားကို ထပ်မံခန့်အပ်ရန် လိုအပ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ လယ်ဧက သန်း ၃၀ ကျော် လောက်ရှိတယ်။ လယ်ယာမြေ လုပ်ကိုင်နေတဲ့ လယ်သမားက ၃၅ သိန်းနီးပါး ရှိတယ်။ ဒါတွေကို တာဝန်ယူရတဲ့ စိုက်ပျိုးရေး ပညာရှင် ၂၇၁၈ ပဲရှိတော့ အချိုးကျ တွက်လိုက်မယ်ဆိုရင် ပညာရှင်က အရမ်းနည်းနေတယ်



''မြန်မာနိုင်ငံမှာ လယ်ဧက သန်း ၃၀ ကျော် လောက်ရှိတယ်။ လယ်ယာမြေ လုပ်ကိုင်နေတဲ့ လယ်သမားက ၃၅ သိန်းနီးပါး ရှိတယ်။ ဒါတွေကို တာဝန်ယူရတဲ့ စိုက်ပျိုးရေး ပညာရှင် ၂၇၁၈ ပဲရှိတော့ အချိုးကျ တွက်လိုက်မယ်ဆိုရင် ပညာရှင်က အရမ်းနည်းနေတယ်။ စိုက်ပျိုးရေး ဦးစီးဌာနကနေ ပြီးတော့ ပညာရှင်တွေကို ထပ်ခန့်အပ်သွားဖို့ လိုပါတယ်'' ဟု ဦးဘဟိန်းက ဆိုသည်။

ယခုကဲ့သို့ ပညာရှင်များ နည်းပါးနေသဖြင့် လယ်ယာထွက်ကုန် အရည်အသွေး ကျဆင်း လာနိုင်ကြောင်း၊ စိုက်ပျိုးရေး စီမံကိန်းများ လုပ်ကိုင်ရာတွင် အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း၊ ထို့ကြောင့် လယ်ယာထွက်ကုန်များ လျော့ကျလာနိုင်ပြီး စိုက်ပျိုးသီးနှံများ တင်ပို့ရာတွင် နိုင်ငံတကာနှင့် ဈေးကွက်ယှဉ်ပြိုင်ရန် အခက်အခဲများ ဖြစ်ပေါ်လာ နိုင်ကြောင်းလည်း သိရသည်။

''လယ်ယာထွက်ကုန်တွေကို နိုင်ငံခြား တင်ပို့မယ်ဆိုရင် အရေသွေး ပြည့်မီဖို့လိုတယ်။ ပို့ကုန်အရည်အသွေးကို မြင့်တင်နိုင်မှ ဈေးကွက်ဝေစု များများရနိုင်မှာဖြစ်တယ်။ လျာထားချက်တွေ လုပ်ပြီးတော့ ပို့ကုန်တွေကို မြှင့်တင်မယ် ဆိုရင်လည်း ပစ္စည်းသာလိုတဲ့ ပမာဏကို ရသွားမယ်။ အရည်အသွေးကတော့ ဘယ်လိုမှ မီမှာမဟုတ်ဘူး။ မြန်မာက တင်ပို့နေတဲ့ ဆန်တွေဆိုရင် ၂၅ မှတ် အကျိုးတွေပဲ အကြေတွေပဲ။ အဲဒီဟာတွေ ဖြေရှင်းဖို့ဆိုရင် လယ်ယာမြေတွေမှာ ကွင်းဆင်းလုပ်ကိုင်နိုင်တဲ့ ပညာရှင် အများအပြား ထပ်ခန့်ဖို့လိုတယ်'' ဟု စိုက်ပျိုးရေး ပညာရှင် တစ်ဦးက သုံးသပ်ခဲ့သည်။

အေးချမ်းမွန် Credit To >> Eleven Media Group

No comments: