Monday, August 5, 2013

ဘာလဲဟဲ့ တပ်မတော် (၁)




ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီဆိုတော့ ပုံပြင်လေးတစ်ခုလိုပဲ သဘောထားပါ။ ဒါပေမဲ့ ဒီအဖြစ်အပျက်ကတော့ တကယ်ဖြစ်ခဲ့ပါတယ်။
အရာရှိတစ်ယောက်ဟာ သူရာထူးတက်ဖို့အတွက် တခြားတစ်ယောက်ကို နစ်နာချင် နစ်နာပစေဆိုပြီး မျက်နှာလွဲ ခဲပစ် လုပ်ခဲ့ဖူးပါတယ်။ ခုချိန်မှာတော့ အဲဒီ့အရာရှိဟာ ဗိုလ်ချုပ်ဖြစ်နေပါပြီ။

တစ်ခါတုန်းက၊ အတိအကျပြောရရင် ၁၉၈၇ ခုနှစ်လောက်ကပေါ့ဗျာ.ရန်ကုန်မြို့၊ တိုးကြောင်လေးက ခမရ (၃၀၃) မှာ ကားလိမ်လည်မှုနဲ့ပတ်သတ်ပြီး မှုခင်းတစ်ခုဖြစ်ခဲ့ ပါတယ်။ တရားလိုက အဲ့ဒီ့တပ်ရင်းက တပ်ကြပ်ကြီး တစ်ယောက်ရဲ့ ဇနီး ဖြစ်သလို တရားခံတွေကလည်း အဲဒီ့တပ်ရင်းက တပ်ကြပ်ကြီးတွေပါ။ ကာယကံရှင်တွေက မကျေနပ်လို့ တိုင်တန်းတော့ တရားခံတွေ ရှုံးတော့မလိုလိုဖြစ်ခဲ့ပါတယ်။ အဲ့ဒီတော့ ဘာလုပ်လဲဆိုတော့ ကားကိုလိမ်ယူသွားတဲ့ တရားခံတွေက ဆွေးနွေးဖို့အတွက်လာခဲ့ပါလို့ အင်းတိုင် COD မှာ ချိန်းပါတယ်။ ပြောရရင် ကားအလိမ်ခံရတဲ့ အမျိုးသမီးရဲ့ ခင်ပွန်းနဲ့ ကားကိုလိမ်သွားတဲ့ တပ်ကြပ်ကြီးတို့ဟာ တပ်ရင်းတစ်ခုထဲက ရဲဘော်တွေပါ။ ရမခမှာ ဗကပကို အတူတူတိုက်လာတဲ့သူတွေပါ။ COD က သူတို့ရဲ့ လိမ်လည်သူတွေရဲ့ မိခင်တပ်ရင်းမဟုတ်ပါဘူး။ ဒါပေမဲ့ အလိမ်ခံရတဲ့ ကားဟာ COD ထဲမှာ ရပ်ထားပါတယ်။ ဒါ့ကြောင့် ကားပိုင်ရှင်အမျိုးသမီးကလည်း သူ့ယောက်ျားရဲ့ သေဖော်သေဖက် သူငယ်ချင်းတွေက ချိန်းတာမို့ ယုံကြည်စွာနဲ့ သွားခဲ့ပါတယ်။

သို့ပေမဲ့ အင်းတိုင် COD (ပင်မစစ်လက်နက်ပစည်းတပ်) ကို ရောက်တဲ့အခါမှာ အဲဒီလူတွေက တရားလိုအမျိုးသမီးကို သေနတ်နဲ့ထောက်၊ ဘက်နက်နဲ့ချိန်ပြီး အရောင်းအ၀ယ်စာချုပ်မှာ လက်မှတ်ထိုးခိုင်းပါတယ်။ လက်မှတ်မထိုးရင် ဒီနေရာမှာ ပစ်သတ်မယ်လို့ ခြိမ်းခြောက်ပါတယ်။ ဒီတော့ ဟိုအမျိုးသမီးခမျာ ကြောက်ကြောက်နဲ့ လက်မှတ်ထိုးခဲ့ရ ပါတယ်။ အဲဒီလို ခြိမ်းခြောက်တဲ့ဖြစ်စဉ်ကို COD က ရဲဘော်တချို့က တွေ့ခဲ့ပါတယ်။

စောစောက တရားလို အမျိုးသမီးဟာ သေနတ်နဲ့ထောက်၊ ဘက်နက်နဲ့ချိန်ပြီး ခြိမ်းခြောက်ခံရပေမဲ့ အဲ့ဒီကိစ္စကို တိုင်စာရေးသားပြီး လိမ်လည်သူတွေရဲ့ မိခင်တပ်ရင်းဖြစ်တဲ့ ခမရ (၃၀၃) ကို တိုင်ကြားခဲ့ပါတယ်။ အဲဒီ့ ကိစ္စကို သက်သေထွက်ဆိုပေးဖို့လည်း ခြိမ်းခြောက်မှုဖြစ်စဉ်ကို မြင်တွေ့ခဲ့တဲ့ ရဲဘော်တွေကလည်း သက်သေထွက်ဆိုပေးဖို့ အသင့်ရှိခဲ့ပါတယ်။ ပြောရရင်တော့ ရေး-၃ ကိစ္စ အကြီးကြီးပေါ့ဗျာ။ သို့ပေမဲ့ ……..
အဲဒီတုန်းက ခမရ (၃၀၃) ရဲ့ တပ်ရေးဗိုလ်ကြီးဟာ ဗိုလ်မှူးရာထူးတိုးဖို့အတွက် သိပ်မကြာတော့မဲ့ ကာလ ဖြစ်နေပါတယ်။ ဒီတော့ သူ တပ်ရေးဗိုလ်ကြီးအဖြစ် တာဝန်ယူစဉ်မှာ တက်လာတဲ့ အမှု ကိစ္စတွေကို ရှင်းနေရတာပေါ့ဗျာ။ နောက်ကြောင်းရှင်းမှ ယာယီဗိုလ်မှူးတဆင့်မြင့် ရာထူးကို ရနိုင်မှာကိုးဗျ။ အဲ့လိုမျိုး အမှုတွေရှင်းနေတဲ့အချိန်မှာ စောစောက ကားလိမ်လည် လက်မှတ်ထိုးမှုကြီးက တက်လာပါတယ်။ ဒီတော့ တပ်ရေးဗိုလ်ကြီးလည်း ခေါင်းနည်းနည်းရှုပ်သွားပါတယ်။ အဲဒီ့အမှုကို လက်ခံလိုက်မယ်ဆိုရင် သူ ဗိုလ်မှူးဖြစ်ဖို့ ကြန့်ကြာသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ တိုင်ကြားသူ အမျိုးသမီး (သူ့တပ်ရင်း တပ်ကြပ်ကြီးရဲ့ဇနီး) ကို ခေါ်ပြီး ကြိမ်းလိုက်ပါတယ်။ “နင့် တိုင်စာကို ငါ ပယ်လိုက်တယ်။ အေး … ငါ ပယ်တယ်ဆိုလို့ တိုင်းတွေ၊ ကက (ကြည်း) တွေထိ တက်တိုင်ချင်လည်း တိုင်လေ။ အဲဒီမှာလည်း ငါ့လူတွေချည်းပဲ။ နင် အဲလိုတိုင်တာနဲ့ နင့်ကို ငါဖမ်းပြီး ထောင်ချပစ်မယ်။ ထောင်ထဲမရောက်ချင်ရင် နင့်တိုင်စာ နင်ပြန်ယူသွား” ဆိုပြီး ခြိမ်းခြောက်ပါတယ်။ တပ်ရေးဗိုလ်ကြီး ကိုယ်တိုင်က အဲလိုပြောတော့ အလိမ်ခံရတဲ့ အမျိုးသမီးကလည်း မျက်ရည်လည်ရွှဲနဲ့ သူ့တိုင်စာကို ပြန်ယူ သွားရပါတယ်။ သက်သေအဖြစ်ထွက်ဆိုပေးမဲ့ မျက်မြင်ရဲဘော်တွေခမျာလည်း ကုပ်ချောင်းချောင်းနဲ့ပဲ မသိချင်ယောင်ဆောင်လိုက်ရပါတယ်။ အဲဒီ့လိမ်လည်မှုဟာ အဲ့ဒီနေရာမှာပဲ စခန်းသိမ်းခဲ့ရပါတယ်။

တိုတိုနဲ့ချုပ်ပြီး ပြောရရင်တော့ အရာရှိတစ်ယောက်ဟာ သူရာထူးတက်ဖို့နီးချိန်မှာ မလိုတာတွေကိုရှင်းပစ်ရင်းနဲ့ မတရားမှုတစ်ခုကို အစဖျောက်ခဲ့ပါတယ်။ ဒီဟာကို ပုံပြင်လေးတစ်ခုလိုပဲ မှတ်လိုက်ပါ။ ဒါပေမဲ့ ဒါဟာ တကယ်ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းက လိမ်လည်သူတွေက ခမရ (၃၀၃)က နတ်ကတော်မ၀ိုင်းနဲ့ သူ့ယောကျာ်း တပ်ကြပ်ကြီးတို့ အဖွဲ့ဖြစ်ပါတယ်။ အဲ့ဒီတုန်းက ရာထူးတက်ဖို့ နောက်ကျမှာစိုးလို့ အမှုဖျောက်ဖျက်ဖို့ အာဏာသုံး ကြိမ်းဝါးခဲ့တဲ့ တပ်ရေးဗိုလ်ကြီးကတော့ စစ်တက္ကသိုလ် အပတ်စဉ် (၂၂)က ဆင်းတဲ့ ကိုယ်ပိုင်အမှတ် ကြည်း-၁၆၅၀၀၊ ဗိုလ်ကြီးသိုးထိန်းဖြစ်ပါတယ်။ ခုတော့ဖြင့် အနှီ တပ်ရေးဗိုလ်ကြီးဟာ ဒုတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ်သိုးထိန်းဖြစ်နေပြီခင်ဗျာ။ စစ်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးလည်း ဖြစ်ခဲ့ဖူးတယ်ထင်ပါရဲ့။

မိုးဇေညိမ်း

(ထပ်မံဖြည့်စွက်ချက်

တရားလိုအမျိုးသမီး၏ ဆွေမျိုးတစ်ဦးမှ မတ်စိဘောက်မှတဆင့် ဆက်သွယ်လာသည့်အတွက် သူပြောပြသော အချက်အလက်များကို ထပ်မံဖြည့်စွက်ပါသည်။ ထိုတပ်ကြပ်ကြီး၏ကားကို လိမ်လည်သွားသည့်အချိန်မှာ ၁၉၈၈ ခုနှစ်၊ နှစ်ဦးပိုင်းတွင်ဖြစ်ကြောင်း သိရပါသည်။ သို့သော် ၁၉၈၈ ခုနှစ်အရေးအခင်းကြောင့် သူတို့ အမှုကိစ္စများ ကြန့်ကြာသွားခဲ့ရပြီး တရားမမှုအဖြစ် အမှုရှည်ကြာခဲ့ပါသည်။ ထိုအမှုစရိတ်များ ထောင်းသဖြင့် တရားလိုမိသားစုသည်လည်း ဖြူကာပြာကာကျကာ အတော်ပင် ဆင်းရဲသွားကြောင်း သိရပါသည်။ အမှုဖွင့်ထားသည့် ရဲစခန်းမှာ သင်္ကန်းကျွန်းရဲစခန်းဟု သိရပါသည်။ လိမ်လည်သူ အဓိက တရားခံမှာ ခမရ (၃၀၃) မှ တပ်ကြပ်ကြီးတစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်ဝိုင်း ဟု ခေါ်ကြောင်းသိရပါသည်။ COD တွင် သေနတ်ထောက်၍ လက်မှတ်ထိုးခိုင်းသော ကာလမှာ ၁၉၉၂-၉၃ ၀န်းကျင်ခန့်ဖြစ်မည်ဟု ခန့်မှန်းပြောပြပါသည်။ လိမ်လည်ခံရသည့်ကားမှာ ခ နံပတ်ပါ ဂျစ်ကား အမျိုးအစားဖြစ်ကြောင်း သိရပါသည်ခင်ဗျာ)
 

No comments: