Monday, August 5, 2013

ထိုင်း-လာအို-ဗီယက်နမ်နှင့် ဥရောပ၊ အာဖရိကအထိ စီးပွားရေးအရ ချိတ်ဆက်နိုင်မည့် ပင်လယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့ စီစဉ်နေ


Created on Monday, 05 August 2013 22:12

ထိုင်း-လာအို-ဗီယက်နမ်နှင့် ဥရောပ၊ အာဖရိကအထိ စီးပွားရေးအရ ချိတ်ဆက်နိုင်မည့် ပင်လယ်ရေနက် ဆိပ်ကမ်းအား တည်ဆောက်နိုင်ရန် မွန်ပြည်နယ် အစိုးရအဖွဲ့ စီစဉ်နေကြောင်း ယင်းပြည်နယ်၏ စည်ပင်သာယာရေးဝန်ကြီး ဦးတိုးတိုးအောင်၏ ပြောကြားချက်အရ သိရသည်။

ယင်းပင်လယ်ရေနက် ဆိပ်ကမ်းမှာ မွန်ပြည်နယ် ရေးမြို့ရှိ ကုလားကုတ် ရေနက်ဆိပ်ကမ်းဖြစ်ပြီး ပင်လယ်ကမ်းရိုးတန်းနှင့် ကမ်းခြေအကြား ရေပြင်အကျယ် ၄ ဒသမ ၈ ကီလိုမီတာအထိ ရှိမည်ဖြစ်သည်။ ၎င်းအပြင် ရေနက်ဆိပ်ကမ်းအား တန်ချိန် ၄၀၀၀၀ မှ ၅၀၀၀၀ အထိ ဆိုက်ကပ်နိုင်မှုများ ရှိခြင်း၊ ပင်လယ်ရေနက် ဆိပ်ကမ်း အကောင်အထည် ဖော်ပြီးပါက အခြားလုပ်ငန်းများလည်း ဆက်စပ် လုပ်ကိုင်နိုင်ခြင်းတို့ ရှိနေကြောင်း ၀န်ကြီး ဦးတိုးတိုးအောင်က ဆိုသည်။

''ဒီပင်လယ်ရေနက် ဆိပ်ကမ်းကို အကောင်အထည် ဖော်ဖြစ်မယ်ဆိုရင် အရှေ့အနောက် မဟာစီးပွားရေး စင်္ကြံရဲ့ အနောက်ဘက် ရေနက်ဆိပ်ကမ်း ဖြစ်သွားမှာပါ။ ထိုင်းနိုင်ငံနဲ့ လာအိုနိုင်ငံတို့ကို ဖြတ်သန်းနိုင်ပြီးတော့ ဗီယက်နမ်မှာရှိတဲ့ ဒါနမ်ဆိပ်ကမ်းအထိ ချိတ်ဆက်နိုင်ပြီးတော့ အရှည် ၁၄၅၀ ကီလိုမီတာ ရှိမှာ ဖြစ်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ကုလားကုတ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ အရှေ့အနောက် စီးပွားရေး စင်္ကြံအပြင် တရုတ်မှ အိန္ဒိယ-ဥရောပ-အာဖရိက ဒေသတို့ကို အချိန်တိုအတွင်း သွားနိုင်မှာ ဖြစ်ကြောင်း သိရသည်။

ဆိပ်ကမ်းစီမံကိန်းအား အမှန်တကယ် ဖော်ဆောင်နိုင်မည် ဆိုပါက စက်မှုဇုန်များ၊ ပြည်တွင်း ကုန်ထုတ်လုပ်မှု လုပ်ငန်းများ၊ စက်ရုံများနှင့် ဟိုတယ်ဇုန်များကို တိုးချဲ့လုပ်ကိုင် နိုင်မည်ဖြစ်ကြောင်း စီမံကိန်း အနေအထားအား ၀န်ကြီး ဦးတိုးတိုးအောင်က ဆိုသည်။

မွန်ပြည်နယ်အတွင်း တိုးချဲ့လုပ်ကိုင် မည်ဖြစ်သော လုပ်ငန်းစီမံကိန်းများကြောင့် ပြည်နယ်စီးပွားရေးမှာ နောင်ငါးနှစ်အတွင်း ရာခိုင်နှုန်း ၁၀ ခန့် တိုးတက်လာရန် မျှော်မှန်းထားကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။ လက်ရှိတွင် မွန်ပြည်နယ်၌ လျပ်စစ်မီးများ တိုးမြှင့်ရရှိနိုင်ရန် လုပ်ဆောင်မှုများ ရှိနေပြီး ပင်လယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရန် စီစဉ်နေသော ၂၀၁၄-၂၀၁၅ တွင် ရေး-လမိုင်း၊ ရေး-ဇီးဖြူတောင် ဓာတ်အားခွဲ စက်ရုံနှင့်၂၀၁၅-၂၀၁၆ တွင် မော်လမြိုင်-ရေး ဓာတ်အားခွဲစက်ရုံနှင့် သထုံ-ဘီးလင်း ဓာတ်အားခွဲ စက်ရုံတို့အား တည်ဆောက်ရန် ရှိကြောင်း သိရသည်။

ကုလားကုတ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရန် လျာထားသည့် ရေးမြို့နယ် မြေပုံအား တွေ့ရစဉ်

အေးချမ်းမွန် Credit To >> Eleven Media Group << Thanks
Re-posted By ACM ၆-8-2013

No comments: