မြတ်ထက်
-----
အသင့်ပြင်ကြလော့
တစ်ကိုးရှစ်ရှစ် နှစ်အခါသမယမှာဖြင့်
ညစ်ဆိုး အဖြစ်သနစ် လှစ်ကာပြရင်တော့
သစ္စာဓမ္မတို့ ဖောက်ဖျက်ချိန်
မေတ္တာအလှတို့ ပျောက်ပျက်မှိန်...။
ကျောင်းသားနဲ့ အရပ်သား
လူငယ်ချင်း အချင်းများတာကို
ယွင်းမှားစွာ တားဆီး
အားကြီးပြီး လက်နက်ပါသူက
လက်နက် မပါသူကို
ရက်စက်စွာ ပစ်သတ်
တရားခံအစစ် ဘယ်သူ့အပြစ်လဲ...။
အမှန်ဖြစ်တာ မလိမ်ချင်နဲ့
တရားခံအစစ်ဟာ ငစိန်လွင်ကွဲ့လို့
သတင်းထွက်လာတာကို
ငြင်းချက်ထုတ်စရာ စကားလုံးမရှိ
ဒင်း လက်ရှုတ်တာ အားလုံးအသိ...။
ဒင်းသမိုင်းတလျှောက်မှာ
သင်္ချိုင်းရောက်ခဲ့ရတဲ့
ရဟန်းသံဃာ
ကျောင်းသား
အလုပ်သမား
လယ်သမား
တိုင်းပြည်ရဲ့ ရတနာများ
ဆုံးပါးခဲ့ရပြီ...။
ပြည်မြန်မာ ကောင်းစားစေမှုအတွက်
ညီညာစွာ ကျောင်းသားတွေ စုပြီး
အံတု ဆန္ဒပြခဲ့ကြတယ်...။
မြန်မာပြည် စည်သာရန် တွေးမျှော်ဆပါသတဲ့
ပါတီညီလာခံ အရေးပေါ်ကျရင်ဖြင့်
ခွေးချော်ကျသလို ဒင်းသွားမှာပဲလို့
စဉ်းစားကာပဲ မျှော်ငေးခိုက်
သြော်... ခွေးမိုက်က 'သမ္မတ'တဲ့...။
ရာဇပလ္လင် ခွေးတက်တော့
မြန်မာတခွင် သွေးပျက်ပေါ့
ဆွေးချက်ဖန်သလို အသည်းတုန်စရာပဲ
သွေးထွက်သံယို အမြဲကြုံမှာမလွဲ...။
ရာဇပလ္လင် တသောင်းတန်မှာ
အာဏာရှင် လျောင်းစံနေသရွေ့
မြန်မာတွင် ကောင်းရန်မမြင်သမို့
ဒေါင်းအလံ ဂဠုန်အလံထူလို့
ဘုံရန်သူ ငစိန်လွင်ကိုလ
ပုန်ကန်ရန် အချိန်မြင်ပြီမို့
အိမ်အပြင်သို့ အားလုံးထွက်
ရဲရဲဝံ့ဝံ့ချီတက်ကြဟေ့...။ ။
(၃၀၊ ၇၊ ၁၉၈၈)
မြတ်ထက်
အရေးတော်ပုံ လှုံ့ဆော်မှု ကဗျာအဖြစ် မန္တလေးမြို့တွင် ရေးသားခဲ့သည်။ ထိုစဉ်က ကလောင်အမည်ကို 'ဂဠုန်နီ' ဟု ဖော်ပြခဲ့သည်။
No comments:
Post a Comment