မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
တော်ဝင်နှင်းဆီမှာ ကျင်းပမယ့် အခမ်းအနားတွေအတွက် ကြိုတင်ခွင့်ပြုချက်ရယူဖို့ ညွှန်ကြား
နိုင်ငံရေးဆွေးနွေးပွဲတွေ မကြာခဏ လက်ခံကျင်းပတဲ့ ရန်ကုန်မြို့
ဗဟန်းမြို့နယ်မှာရှိတဲ့ တော်ဝင်နှင်းဆီခန်းမမှာ လူစုလူဝေးနဲ့
ပွဲကျင်းပမယ်ဆိုရင် ရက်ပေါင်း ၂ဝ ကြိုတင်အကြောင်းကြားရမယ်လို့
အာဏာပိုင်တွေက မနေ့က ခေါ်ယူပြောဆိုကြောင်း ခန်းမပိုင်ရှင်
ဦးစိုးညွှန့်ရဲ့မိတ်ဆွေ ဦးဇော်ရမ်းက RFA ကိုပြောပါတယ်။
မင်္ဂလာဧည့်ခံပွဲအပါအဝင် လူစုလူဝေးနဲ့ ကျင်းပမယ့်ပွဲတွေအတွက်
ကြိုတင်ခွင့်ပြုချက်ယူဖို့ ညွှန်ကြားထားတယ်လို့ ဗဟန်းမြို့နယ်
အုပ်ချုပ်ရေးမှူး ဦးမြတ်သိန်းထွန်းက RFA ကို အတည်ပြုပြောပါတယ်။
“မင်္ဂလာဆောင် အခမ်းအနားကအစပေါ့၊ အရေအတွက်နဲ့ သူတို့စုဝေးပြီးလုပ်တဲ့
အခမ်းအနားတွေပေါ့လေ၊ လုပ်ချင်တဲ့သူက လျှောက်ရမှာပေါ့လေ၊ ကျနော်တို့က
အဆင့်ဆင့်တင်ပြတာ ခရိုင်ကနေ တိုင်းအစိုးရအထိ တင်တယ်၊ နှစ်ပတ်
နှစ်ပတ်ကျော်ကြာတယ်၊ ကျနော်တို့ဆီကို ရက် ၂ဝ ကျော် ကြိုတင်ရပေမယ့်
အနီးကပ်လာတင်ရင်လည်း ကျနော်တို့လုပ်ပေးပါတယ်”
ရှေ့နေ ဦးအောင်သိန်းကတော့ ခွင့်ပြုချက်ကြိုတောင်းရတယ်ဆိုတာ
နိုင်ငံသားအခွင့်အရေး ဆုံးရှုံးကြောင်းနဲ့ ဥပဒေနဲ့မညီတဲ့
အခမ်းအနားတွေကျင်းပခဲ့ရင် တာဝန်ရှိသူကိုသာ ဥပဒေကြောင်းအရ
အရေးယူဖို့လိုအပ်ကြောင်းပြောပါတယ်။
"အဲဒါကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ သူ့စည်းမျဉ်းစည်းကမ်း ထုတ်တာကိုး၊
သူ့ဟာ ဥပဒေမှမဟုတ်ဘဲ၊ အဲဒါကို ဥပဒေတစ်ခုဖြစ်အောင် လုပ်နိုင်ရင်လုပ်လေ၊
ဒီလိုအခမ်းအနားကို အမိုးအကာအောက်မှာ လုပ်တဲ့အခါ ရက် ၂ဝ ကြိုတင်ပြီး
လျှောက်ရမယ်ဆိုတာကတော့ အဲဒါဆို သူတို့ကမလုပ်နဲ့ဆို ကျနော်တို့က
မလုပ်ရတော့ဘူးလား၊ အဲဒါဆို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကျနော်တို့ရဲ့
နိုင်ငံသားအခွင့်အရေးက မဆုံးရှုံးနေဘူးလား၊ ကျနော်တို့လုပ်ဆောင်ချက်တွေက
ဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုလို့ရှိရင် ပြောတဲ့သူမှာပဲ တာဝန်ရှိတယ်၊
အဲဒီလူကိုပဲ အရေးယူချင် အရေးယူလို့ရတယ်၊ လုပ်ပါဥပဒေကြောင်းအရ"
တော်ဝင်နှင်းဆီခန်းမမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD
ဗဟိုညီလာခံကျင်းပခဲ့ပြီး အလုပ်သမားအရေး၊ လယ်သမားအရေး၊ နိုင်ငံရေးပါတီ
အခမ်းအနားတွေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲစတဲ့
အခမ်းအနားတွေ ကျင်းပနေတဲ့ ခန်းမတစ်ခုဖြစ်ပါတယ်။
No comments:
Post a Comment