မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
“ဒုတိယနာဂစ် သို့မဟုတ် အသင်းအဖွဲ့များဆိုင်ရာ ဥပဒေလေနီကြမ်းကြီးသည် မြန်မာပြည်တဝှမ်းကို တိုက်ခတ်ဖျက်ဆီးပေတော့မည်”
မောင်လူရေး
အခန်း(၁) “ဖွဲ့စည်းခွင့်လက်မှတ်” နှင့် အခြားအချက်အလက်များ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊
နိုင်ငံသားများ၏မူလအခွင့်အရေးနှင့် တာဝန်များ ပုဒ်မ ၃၅၄(ဂ) တွင်
ဖေါ်ပြပါရှိသည့်အတိုင်း “နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊
တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ်
ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးဌာ ပြဌာန်းထားသည့်ဥပဒေများနှင့်
မဆန့်ကျင်လျှင် အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများဖွဲ့စည်း
ဆောင်ရွက်ခွင့်ရှိသည်။” ဆိုသည့် အချက်အရရော အပြည်ပြည်ဆိုင်ရာ
လူ့အခွင့်အရေးကြေညာစာတမ်းပါ” အပိုဒ် (၂၀) အရ လူတိုင်းငြိမ်းချမ်းစွာ
လူစုလူဝေး စုဝေးပိုင်ခွင့်နှင့် အသင်းအဖွဲ့များ
ထူထောင်ဖွဲ့စည်းပိုင်ခွင့်ရှိသည်။ မည်သူကမှ ၎င်း၏ဆန္ဒသဘောထားမပါဘဲ
အဖွဲ့အစည်းတခုသို့ ဝင်စေရန် အတင်းအကြပ်မပြုရ။” ဆိုသည့်အချက်အရပါ
“ဖွဲ့စည်းခွင့်လက်မှတ်” ဟူသည် မလိုအပ်ပေ။ ဖွဲ့ချင်လျှင်
အလိုအလျောက်ဖွဲ့စည်းခွင့်ရှိပြီးဖြစ်သည်။
(မည်သည့်ဥပဒေကမှ အခြေခံဥပဒေအပေါ် မလွှမ်းမိုးရ)
ယင်းသို့လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ရှိသည့်အလျောက်
မှတ်ပုံတင်ရန်ကိစ္စမှာလည်း ယင်းအဖွဲ့၏ သဘောအတိုင်းသာ ဖြစ်ရပါမည်။
တင်လိုကတင်ပြီး မတင်လိုက မတင်ရန်သာဖြစ်ပေသည်။
အချို့သောအဖွဲ့များ၏လုပ်ငန်းဆောင်တာများသည် အစိုးရဌာနများနှင့်
တွဲဖက်လုပ်ကိုင်ရသည့်အလျောက် နှစ်ဦးနှစ်ဖက် လုပ်ကိုင်ရအဆင်ပြေစေရန်နှင့်
တာဝန်ယူမှု၊ တာဝန်ခံမှုများရှိစေရန်အတွက် မှတ်ပုံတင်ရန် လိုအပ်ပါက
တင်နိုင်ရန် အစိုးရဖက်မှ လုပ်ဆောင်ပေးရပါမည်။
ထိုသို့လုပ်ဆောင်ရာတွင်လည်း မှတ်ပုံတင်ဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနနှင့်
ယင်းအောက်မှ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတခုတည်းဖြင့်
အဆင်ပြေသင့်တော်လိမ့်မည်မဟုတ်ပါ။ ယင်းဌာနသည် လူမှုကူညီရေး
လုပ်ငန်းတိုင်းနှင့် လိုက်လျောညီထွေ မရှိနိုင်သောကြောင့်ဖြစ်ပါသည်။
အခန်း (၂) ရည်ရွယ်ချက်များ
အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေ၏ ရည်ရွယ်ချက်များတွင်-
အသင်းအဖွဲ့များသည် နိုင်ငံတော်၏ လူမူစီးပွားရေးဖွံ့ဖြိုးတိုးတက်မူကို
အထောက်အကူပြုနိုင်စေရန်နှင့် အသင်း အဖွဲ့များသည် မိမိတို့၏လုပ်ငန်းများကို
အကောင်အထည်ဖော်ဆောင်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်
ပေါင်းစပ်ညှိနှိုင်းမှုများ လွယ်ကူချောမွေ့စေရန်နှင့် ဌာနဆိုင်ရာများထံမှ
လိုအပ်သည့် အကူအညီများ ရယူနိုင်ရန် ဆိုသည့်အချက်များ ပါဝင်ပါသည်။
ယခုလက်ရှိ အသင်းအဖွဲ့များသည် နိုင်ငံတော်၏ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလွန်တရာမှ အထောက် အကူပြုနေပါသည်။
ယင်းသို့အထောက်အကူပြုခြင်းမှာလည်း
နိုင်ငံတော်ထံမှတ်ပုံတင်ထားသောကြောင့်မဟုတ်ဘဲ အသင်းအဖွဲ့ ဖြစ်တည်လာခြင်း၏
မူလဘူတရည်ရွယ်ချက်ကြောင့်သာ ဖြစ်ပါသည်။
အသင်းအဖွဲ့များသည်
မိမိတို့၏လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရာတွင် သက်ဆိုင်ရာ ဝန်ကြီး
ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ လွယ်ကူချောမွေ့စေရန်နှင့်
ဌာနဆိုင်ရာများထံမှ လိုအပ်သည့် အကူအညီများ ရယူနိုင်ရန်ဆိုသည့်အချက်တွင်
ပေါင်းစပ်ညှိနှိုင်းမှုများ မလွယ်ကူ မချောမွေ့အောင်
ဝတ္တရားချွတ်ယွင်းခဲ့သည်မှာ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ရဲဌာနများဖြစ်ကြပါသည်။ ယင်းဝတ္တရား
ချွတ်ယွင်းသည့်အတွက် ပြည်ထဲရေးတွင်မက အခြားမည်သည့်ဌာန၏ အကူအညီမျှ
မရရှိနိုင်ခြင်းဖြစ်ပါသည်။
အဓိကလိုအပ်ချက်မှာ
မှတ်ပုံတင်ခြင်းမဟုတ်ဘဲ မိမိတို့ပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးရေးကို
လုပ်ဆောင်နေသော အသင်းအဖွဲ့များအပေါ် အမြင်နှင့် သဘောထားများ
ပြောင်းရန်သာဖြစ်ပါသည်။
ရည်ရွယ်ချက်များတွင် ထပ်မံဖြည့်စွက်လိုသည့်အချက်များမှာ-
အသင်းအဖွဲ့များသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်းသာယာရေးအတွက်
ကောင်းမွန်သောအုပ်ချုပ်မှုနှင့် သန့်ရှင်းသောအစိုးရဖြစ်/မဖြစ်
စောင့်ကြည့်ရန်နှင့် စီမံကိန်းလုပ်ငန်းကြီးများ အကောင်အထည်ဖေါ်ဆောင်ရာ တွင်
ဒေသခံတို့၏အကျိုးစီးပွားနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ရှိ/မရှိနှင့်
နိုင်ငံတကာစံနှုံးများနှင့် ညီညွတ်အောင် ဆောင်ရွက်မှုရှိ/မရှိကိုလည်း
စောင့်ကြည့် ကာကွယ်ပေးရန်တို့ ဖြစ်ပါသည်။
သို့မှသာ နိုင်ငံကြည့်၊
ကမ္ဘာကြည့် ကြည့်နိုင်သော နိုင်ငံသားကောင်းများဖြစ်ပြီး နိုင်ငံကို
စောင့်ရှောက်ထိန်းသိမ်း မြင့်တင်နိုင်ကြပါမည်။ ယင်းအချက်တို့အပေါ်တွင်
နိုင်ငံတော်မှ သဘောထားကြီးကြီးထားဖို့လည်း လိုအပ် ပါသည်။
အခန်း(၈) တားမြစ်ချက် နှင့် အခန်း(၉) ပြစ်မှုနှင့်ပြစ်ဒဏ်
(၁၄)
“မည်သည့်အသင်းအဖွဲ့တစ်ခုခု၏ ဥက္ကဌ၊ အတွင်းရေးမှူး သို့မဟုတ်
တာဝန်ခံပုဂ္ဂိုလ်မျှ ဖွဲ့စည်းခွင့် လက်မှတ်မရှိဘဲအသင်းအဖွဲ့အဖြစ်
ဖွဲ့စည်းခြင်းသို့မဟုတ် အသင်းအဖွဲ့အဖြစ်
ရပ်တည်လှုပ်ရှားဆောင်ရွက်ခြင်းမပြုရ”
“မည်သည့်အသင်းအဖွဲ့တစ်ခုခု၏
ဥက္ကဌ၊ အတွင်းရေးမှူး သို့မဟုတ် တာဝန်ခံပုဂ္ဂိုလ်မဆိုပုဒ်မ ၁၄ ပါ
တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်
ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊
ကျပ်ငါးသိန်းထက်မပိုသောငွေဒဏ်ဖြစ်စေချမှတ်ရမည်။”
(၁၅)
“မည်သူမျှ ဖွဲ့စည်းခွင့်လက်မှတ်မရှိသည့် အသင်းအဖွဲ့တစ်ခုခု၏ အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှား ဆောင်ရွက်ခြင်း မပြုရ”
“မည်သူမဆိုပုဒ်မ ၁၅ ပါတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်း
ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ခြောက်လထက်မပိုသော
ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ် ရမည်”
(၁၆)
“မည်သည့်နိုင်ငံတကာအသင်းအဖွဲ့မျှ မှတ်ပုံတင်လက်မှတ်မရှိဘဲ အသင်းအဖွဲ့အဖြစ် ရပ်တည် လှုပ်ရှား ဆောင်ရွက်ခြင်းမပြုရ”
“မည်သည့်နိုင်ငံတကာအစိုးရမဟုတ်သောအသင်းအဖွဲ့မှ ဆိုပုဒ်မ ၁၆ ပါ
တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း
ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါလျှင် ထိုနိုင်ငံတကာအစိုးရမဟုတ်သောအသင်းအဖွဲ့၏
တာဝန်ခံပုဂ္ဂိုလ် အား သုံးနှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ၊
ကျပ်ငါးသိန်းထက်မပိုသောငွေဒဏ်ဖြစ်စေချမှတ်ရမည်”
(၁၇)
“မည်သူမျှ မှတ်ပုံတင်လက်မှတ်မရှိသည့် အသင်းအဖွဲ့တစ်ခု၏ အဖွဲ့ဝင်အဖြစ် ပါဝင်လှုပ်ရှား ဆောင်ရွက်ခြင်း မပြုရ”
“မည်သူမဆိုပုဒ်မ ၁၇ ပါတားမြစ်ချက်ကိုဖောက်ဖျက်ကျူးလွန်ကြောင်း
ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား ခြောက်လထက်မပိုသော
ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ ချမှတ်ရမည်”
“မည်သူမဆိုဤဥပဒေအရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပြီးနောက်
ထိုပြစ်မှုကိုဆက်လက်ကျူးလွန်လျှင် ထိုသူကို ကျူးလွန်သည့် နေ့ရက်အသီးသီးအတွက်
ထိုပြစ်မှုတွင် ပြဌာန်းထားသောအများဆုံးချမှတ်နိုင်သည့် ငွေဒဏ်၏ ၁၀
ရာခိုင်နှုန်းချမှတ်ရမည်။”
ယင်းအခန်းများတွင် အလွန်စိတ်ပျက်ဝမ်းနည်းဖွယ်ကောင်းသောအချက်များကို အော့နှလုံးနာစရာ တွေ့မြင် ရပါသည်။
ယင်းအချက်များသည်ပင်လျှင် နိုင်ငံတော်၏ လူမှုဖွံ့ဖြိုးရေးလုပ်ဆောင်နေသော
အသင်းအဖွဲ့များနှင့် နိုင်ငံ့သားကောင်းများအပေါ်၊
မိမိနိုင်ငံတော်အပေါ်သဘောထားဟု မှတ်ယူရပါမည်။
ယင်းဥပဒေကြမ်းသာ
အတည်ဖြစ်ခဲ့လျှင် မြန်မာ့ဓလေ့ ကြည်မွေ့ဖွယ်ကူညီရိုင်းပင်းမှုများ၊
မြန်မာ့အလှ ရွင်ပျဖွယ်ပျူငှာမှုများသည် မြန်မာ့မြေပေါ်မှ
လုံးဝသုဉ်းပျက်သွားတော့မည်သာတည်း။
ဤမျှ သေးသိမ်ယုတ်ညံ့သောသဘောထားများနှင့် နိုင်ငံတော်၏ရှေ့ခရီးကို မည်သို့ ဆက်ကျမည်နည်း။
အဘယ်သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် လုပ်ကြမည်နည်း။
ပြည်သူပြည်သားတယောက်အဖို့ မိမိတို့နိုင်ငံတွင်ရှိနေသောအစိုးရအဖွဲ့ကြီးသည် ရှက်ဖွယ်လိလိသာတကား။
မောင်လူရေး
No comments:
Post a Comment