ရှစ်လေးလုံး ၂၅ နှစ်မြောက်
ငွေရတုအထိမ်းအမှတ်ပွဲ တက်ရောက်ရန် ဂျပန်နိုင်ငံ မြန်မာသံရုံးက သြဂုတ်လ ၇ ရက်ထိ
ဗီဇာထုတ်မပေးသဖြင့် တက်ရောက်ခွင့်မရခဲ့ဟု ဂျပန်ရောက် ၈၈ ကျောင်းသား ကိုကိုအောင်က
မဇ္ဈိမကို ပြောသည်။
မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများအဖွဲ့ ဥက္ကဋ္ဌ ကိုသန်းဆွေ၊ ဂျပန်နိုင်ငံ အခြေစိုက် ဧရာဝဏ်ဂျာနယ် ထုတ်ဝေသူနှင့် တာဝန်ခံအယ်ဒီတာ ကိုကျော်ကျော်စိုးတို့ သုံးဦးမှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၇ နှင့် ၁၈ ရက်များ တွင် ဂျပန်နိုင်ငံရှိ မြန်မာသံရုံးသို့ ဗီဇာလျှောက်ထားခဲ့ရာ သြဂုတ်လ ၇ ရက်ထိ ထုတ်ပေးခြင်းမရှိသည့်အတွက် ၈၈ ငွေရတုအား တက်ရောက်နိုင်ခြင်း မရှိသေးပေ။
“ခုချိန်ထိကို ကျွန်တော်တို့ကို အကြောင်းမကြားသေးပါဘူး။ ကျွန်တော်တို့က ညီလာခံတက်ဖို့နဲ့ ငြိမ်းချမ်းရေးကော်မတီ ဦးအောင်မင်းတို့နဲ့ တွေ့ဖို့ဆိုပြီး သဘောတူထားတာကြာပြီ။ ရှစ်လေးလုံးပွဲကို အမီလာပါ အဲဒီမှာ စကားပြောကြမယ်ဆိုပြီး ဗီဇာတင်တယ်။ ဒါပေမဲ့ အဲဒါကို ပြည်ထဲရေးကနေ မကျလာသေးလို့ ဆက်စောင့်ပါလို့ သံရုံးက ပြောထားတယ်”ဟု မြန်မာ့ဒီမိုကရေစီ လှုပ်ရှားသူများအဖွဲ့ ဥက္ကဋ္ဌ ကိုသန်းဆွေက ပြောသည်။
ထို့ပြင် အတည်မပြုနိုင်သော ပြည်ထဲရေးဌာနမှ အကြောင်းပြန်ထားသည့် လျှို့ဝှက်စာတွင် ၎င်းတို့သုံးဦးမှာ မြန်မာနိုင်ငံတွင် ရာဇ၀တ်မှု ကျူးလွန်ထားမှု ရှိမရှိအား စိစစ်နေကြောင်း အကြောင်းပြန်ထားသည်ဟု သိရပြီး ၎င်းတို့မှာ ရာဇ၀တ်ကျူးလွန်သူများ မဟုတ်ကြောင်း ကိုသန်းဆွေက မဇ္ဈိမကို ပြောသည်။
“ဂျပန်မှာ ကျွန်တော်တို့က နိုင်ငံရေးမှာ နည်းနည်း popular strong ဖြစ်တဲ့ထဲ ပါနေတော့ နောက်တစ်ခါ ကျွန်တော်တို့က မြန်မာနိုင်ငံသားလိုပဲ ဆက်ခံထားတော့၊ ထုံးစံအတိုင်း သူတို့က ညစ်ချင်ရင် ညစ်လို့ရ တယ်ဆိုတဲ့ အနေအထားပေါ့။ အမေရိကန်မှာဆို အမေရိကန်အစိုးရတို့ဆိုရင် နည်းနည်းဖိအားရှိနိုင်တာကိုး၊ ဂျပန်ကျတော့ မြန်မာအစိုးရနဲ့ ပတ်သက်လို့ ပြောလေ့ပြောထ မရှိတဲ့အခါကျတော့ ခုနလို တစ်ခုခုကိုများ စိုးရိမ်ကြီးတာလား၊ တမင်ညစ်ချင်လို့လားတော့ မပြောတတ်ဘူး” ဟု သူက ဆက်ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်က ကိုသန်းဆွေအပါအ၀င် သုံးဦးတို့သည် မြန်မာသံရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ ပြည်ထဲရေးဝန်ကြီးဌာနမှ ၎င်းတို့နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုမပြီးသေးသဖြင့် ဗီဇာထုတ်ပေး ရန်အတွက် အကြောင်းကြားလာခြင်း မရှိသေးခြင်းဖြစ်သည်ဟု မြန်မာသံရုံးမှ တာဝန်ရှိသူများက ရှင်းပြခဲ့သည်ဟု မြန်မာ့ဒီမိုကရေစီ မဟာမိတ်များအဖွဲ့ချုပ်(ဂျပန်) မှ အထွေထွေအတွင်းရေးမှူး ကိုကိုအောင်က ပြောသည်။
“သံရုံးက လုပ်ငန်းဆောင်တာတွေ နှောင့်နှေးကြန့်ကြာလို့ ကျွန်တော်တို့ ဗီဇာမရဘူးဆိုတာမျိုး မဟုတ်ဘူးဆိုတာကို သေသေချာချာ ရှင်းပြပါတယ်။ ပြည်ထဲရေးဌာနကနေ စုံစမ်းစစ်ဆေးမှုလေးတွေ လုပ်နေတာတွေ ကျန်နေသေးတယ်၊ အဲဒါကြောင့် ဗီဇာထုတ်ပေးဖို့ သက်ဆိုင်ရာဌာနက အကြောင်းမကြားလာ သေးဘူး။ သူတို့ ထုတ်ပေးလို့ မရသေးဘူးလို့ ရှင်းပြပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
ကိုကိုအောင်က “တိုင်းပြည် ပြန်လည်တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းဆိုင်ရာကိစ္စ” ဆိုသည့် ခေါင်းစဉ်ဖြင့် ရှစ်လေးလုံးညီလာခံတွင် ဆွေးနွေးရန် ပြင်ဆင်ထားကြောင်း သူက ဆိုသည်။
“ကျွန်တော်တို့ မိတ်ဆွေ သူငယ်ချင်းတွေအားလုံး ပြန်ဆုံမယ်။ အဲဒီမှာ ဆွေးနွေးကြမယ်၊ ကျွန်တော်တို့ အမီလာ နိုင်အောင် သူတို့ နည်းလမ်းနဲ့ ကြိုးစားပေးနေတယ်လို့ သိရတယ်။ ဒါပေမဲ့ ဗီဇာမရတော့။ ကျွန်တော်က တိုင်းပြည်ကို ပြန်လည်တည်ဆောက်တဲ့အခါမှာ လိုအပ်တဲ့ ပြည်ပက ကျွန်တော်တို့အမြင်တွေနဲ့ ကိုယ့်တိုင်းပြည်ကို ဘယ်လိုတည်ဆောက်ကြမလဲဆိုတဲ့ ဟာတွေနဲ့ပတ်သက်လို့ ဆွေးနွေးဖို့စီစဉ်ထားတယ်” ဟု ဆက်ပြောသည်။
၈၈ ငွေရတုညီလာခံ အထိမ်းအမှတ် မတက်ရောက်နိုင်ခဲ့သော်လည်း နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ လူမှုဖွံ့ဖြိုးရေး အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိပုဂ်္ဂိုလ်များနှင့် တွေ့ဆုံရရန်အတွက် မြန်မာသံရုံးသို့ ဗီဇာ ဆက်လက် လျှောက်ထားဆဲဖြစ်သည်ဟု ကိုကိုအောင်က ပြောသည်။
အလားတူ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားများသမဂ္ဂဥက္ကဋ္ဌ ကိုတင်ဝင်းကလည်း ဗီဇာလျှောက် ခဲ့သော်လည်း မရသဖြင့် ယမန်နေ့က စာအုပ်ပြန်လည် သွားယူခဲ့ပြီးဖြစ်သည်ဟု သိရသည်။

No comments:
Post a Comment