Wednesday, August 7, 2013

``ရန်ကုန်တက္ကသိုလ်၊ တင်တင်ညို´´



သနပ်ခါးမလိမ်း၊ ပန်းမပန်
နန်းမဆန်တဲ့စရိုက်နဲ့
ခပ်မိုက်မိုက်ကောင်မလေး
တင်တင်ညို။

ဂျစ်ကန်ကန် ပေတူးတုး
မိတ်ကပ်မလူးတဲ့ မျက်နှာမှာ
ယုံကြည်ခြင်းများစွာ
အခိုင်အမာ အိမ်ဖွဲ့လို့။

မိခင်မြန်မာပြည်
ဖခင်ဒီမိုကရေစီ
ခပ်တည်တည်ပြောခဲ့ဖူးသူ။

ညီမလေး
ညီမလေး
ထုပ်တန်းမှာ တွဲလွဲကြိုးတစ်ချောင်းက
ဘ၀ကို လှဲလျောင်းစေခဲ့သတဲ့လား။

မင်းအကြောင်းကို အဝေးကကြားရတဲ့အခါ
ငါတို့မှာ ရင်ကွဲပက်လက်
အိုးထိမ်းစက် ခြာခြာလည်လို့။

နံရံထူထူ ဖြူဖြူတွေပေါ်မှာ
ငါ့လက်သဲတွေနဲ့ကုပ်ခြစ်
ငါရေးဖြစ်ခဲ့ စကားလုံး
``ဖျာတစ်ချပ်၊ အိုးတစ်လုံး
ဒီအခန်းကို ငါမုန်းတယ်´´
ဖျာတစ်ချပ်၊ အိုးတစ်လုံး ဒီအခန်းကို ငါမုန်းတယ်
ဖျာတစ်ချပ်၊ အိုးတစ်လုံး ဒီအခန်းကို ငါတို့လည်းပဲ
မုန်းခဲ့တာပဲကွဲ့ ညီမလေး။

နှုတ်ထွက်စကားလုံးကို
ဥပဒေလို့ သုံးနှုန်းခဲ့တဲ့ အာဏာရှင်တွေကို
ငါတို့လည်းမုန်ခဲ့တာပဲကွဲ့ ညီမလေး။

လေပွေရိုင်းဝှေ့ယမ်း
မုန်တိုင်းတွေထစ်ချုန်းပြိုးပြက
မမြင်ရတဲ့ အလင်းစအတွက်
ယုံကြည်ချက်လမ်းတစ်ဝက်
စိတ်ပျက်အားလျှော့ခဲ့တာလား။

အမှောင်ထဲမှာဆိုရင်
အားလုံးဟာ အရောင်တစ်ရောင်တည်းပါပဲ
ဘ၀အတူတူပါပဲကွဲ့ ညီမလေးရယ်။

ဘယ်လို အ၀ိဇ္ဇာတွေအတွက်
ဘယ်လိုအဘိဇ္ဇျာတွေအတွက်
ဘ၀မှာ ဘယ်လိုစိတ်အနာရခဲ့ပါသလဲ...
ညီမလေး။

လောကကိုအလင်းပြပြီး
ဘ၀ကို အမှောင်ထဲမှာ ကြေကွဲခံလိုက်ကြတဲ့
ဒန်ကိုရဲ့နှလုံးသားမီးအိမ်လို
ဘ၀တွေ၊ အကြေအမွတွေ
မင်းလို ဘ၀တွေ
အများကြီးရှိခဲ့ရပြီကွဲ့ ညီမလေး။

မင်းရဲ့
ဂျင်းဂျာကင်တစ်ထည်အောက်က
တောက်ပနေတဲ့နှလုံးသားကို
ငါတို့ သတိတရ လေးစားနေမှာပါ။

ပြည်သူဆိုတာ အမိအဖ
တို့သမဂ္ဂကျောင်းသားဆိုတာ
ပြည်သူအပေါင်းရဲ့ရှေ့မှာ
ကောင်းကျိုးအထွေထွေအတွက်
(အဘမှိုင်းရဲ့) ဒေါင်းအိုးဝေတွေ
ချွန်စေမြစေ
ချွန်နေမြနေကြဦးမှာပဲ ညီမလေး။

ခေတ်အပိုင်းပိုင်း
သမိုင်းအဆက်ဆက်ထဲမှာ
သမဂ္ဂကို ဘယ်လိုဖျက်နိုင်မလဲ
မျိုးဆက်သစ်တို့ရှင်သန်နေ။

သတ်လို့မသေ ရှင်သန်နေ။

ပြည်သူကိုချစ်တဲ့
ခွပ်ဒေါင်းအစစ်ဆိုတာ
ဘယ်တော့မှ ညွှတ်ပြောင်းမသွားဘူး
လက်ပြောင်းဆင့်ကမ်း ရှင်သန်ဆဲလေ။

ငါတို့တွေ
မင်းအကြောင်းတွေးရင်၊ အမြဲငို
ရန်ကုန်တက္ကသိုလ်၊ တင်တင်ညို
တင်တင်ညို၊ ရန်ကုန်တက္ကသိုလ်။ ။



မိမိကိုယ်ကိုအဆုံးစီရင်ပြီးခွဲခွာသွားခဲ့သူ သူငယ်ချင်း တင်တင်ညို(ရ.က.သ)သို.အမှတ်တရပါ။
(ညီမလေးသို့ ခွဲခွာခြင်းနှစ် ၂၀ ကျော်)

ဇော်မိုးကျော်
ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(အထက်ဗမာပြည်)
၈၈ ကျောင်းသားဟောင်း

No comments: