Monday, August 5, 2013

စက်မှုလုပ်ငန်းများနှင့် မော်တော်ယာဉ်များမှ ထွက်ရှိသော အခိုးအငွေ့၊ အမှုန်များကြောင့် ရန်ကုန်မြို့တော်အတွင်း လေထု ညစ်ညမ်းမှုများဖြစ်ပေါ်


Tuesday, August 06, 2013

စက်မှုလုပ်ငန်းများနှင့် မော်တော်ယာဉ်များမှ ထွက်ရှိသော အခိုးအငွေ့၊ အမှုန်များကြောင့် ရန်ကုန်မြို့တော်အတွင်း လေထုညစ်ညမ်းမှုများ သက်ရောက် ဖြစ်ပေါ်နေပြီ ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ရန်ကုန်မြို့တော်တွင် မြို့ပြဖွံ့ဖြိုးမှု များလာသည်နှင့်အမျှ လူနေထိုင်မှု ထူထပ်များပြားလာခြင်း၊ မော်တော်ယာဉ် သုံးစွဲမှု များပြားလာခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှု များနှင့်အတူ စက်ရုံအလုပ်ရုံများ ပိုမိုလည်ပတ် လာခြင်းတို့ကြောင့် လေထုထဲသို့ စွန့်ပစ်သော အခိုးအငွေ့များစွာ ရှိလာကြောင်း၊ ရေတိုရေရှည် စီမံကိန်းများအရ အနာဂတ် ကာလများတွင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုများဖြင့် စက်ရုံအလုပ်ရုံများ ပိုမိုလည်ပတ်လာမည် ဖြစ်သောကြောင့် လေထုထဲသို့ စွန့်ပစ်အခိုးအငွေ ပမာဏ ပိုမိုများပြား လာမည်ဖြစ်ပြီး လေထုညစ်ညမ်းမှု ဆိုင်ရာအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာကြောင်း သိရသည်။

''မော်တော်ကား၊ စက်ရုံ အလုပ်ရုံတွေ ထဲကနေ လေထုထဲကို စွန့်ပစ်တဲ့ အခိုးအငွေ့တွေက လေထုညစ်ညမ်းမှု ဆိုင်ရာ ကိစ္စရပ်တွေအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပါတယ်။ အခုဆိုရင် ရန်ကုန်မြို့တော် ဧရိယာထဲမှာ လေထုညစ်ညမ်းမှု အခြေအနေ များစွာကို သက်ရောက်နေပြီ ဖြစ်ပါတယ်။ အနာဂတ်မှာလည်း စက်ရုံ အလုပ်ရုံတွေက ပိုမိုကျယ်ပြန့်စွာ ဖွံ့ဖြိုးလာမှာ ဖြစ်တဲ့အတွက် လေထုညစ်ညမ်းမှုကို ပိုမိုရင်ဆိုင် လာရမှာ ဖြစ်ပါတယ်'' ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းသို့ လေထုညစ်ညမ်းမှုဆိုင်ရာ စိန်ခေါ်မှု ကိစ္စရပ်များအတွက် ကြိုတင်ကာကွယ်မှု ပြုလုပ်ရေးမှာ မရှိမဖြစ် လိုအပ်လာကြောင်း၊ အဆိုပါ လုပ်ငန်းများအပေါ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ထိန်းသိမ်းမှုများ ပြုလုပ်နေသော်လည်း နည်းပညာပိုင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ သုံးစွဲနိုင်ရေး အပိုင်းတွင် လိုအပ်ချက်များ ရှိနေကြောင်း သိရသည်။

ရန်ကုန်မြို့တော်တွင် လက်ရှိမော်တော်ယာဉ် အစီးရေ နှစ်သိန်းကျော်ရှိပြီး စက်မှုဇုန် ၂၄ ခုတွင် လည်ပတ်နေသော စက်ရုံပေါင်း ၅၀၀၀ ကျော် ရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၀၉-၂၀၁၀ ခုနှစ်တွင် ကျန်းမာရေး ၀န်ကြီးဌာန၊ လုပ်ငန်းခွင် ကျန်းမာရေးဌာန၏ တိုင်းတာခဲ့မှုများအရ ရန်ကုန်မြို့တော်၏ လေထုအတွင်း ဖုန်မှုန်ကဲ့သို့သော အမှုန်အမွှားများ လွင့်စဉ်မှု ပမာဏမှာ သိသာစွာ များပြားနေသည်ဟု သိရသည်။

Eleven Media Group

ရန်ကုန်မြို့တွင်း သွားလာနေသော ယာဉ်တစ်စီးမှ မီးခိုးများ ထွက်ရှိနေပုံ (ဓာတ်ပုံ-ကျော်ထင်)

No comments: