သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်သော တွေ့ဆုံညှိနှိုင်းပွဲသို့ NLD ပါတီ၊ ပြည်ခိုင်ဖြိုးပါတီနှင့် ၈၈ မျိုးဆက် အဖွဲ့တို့ တက်ရောက်ခဲ့ခြင်း မရှိ
- Created by eleven media group on Sunday, 04 August 2013 02:50

သြဂုတ် ၃ ရက်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ပြုလုပ်သော တွေ့ဆုံညှိနှိုင်းပွဲ မြင်ကွင်း (ဓာတ်ပုံ - ကျော်ဇင်ဝင်း)
သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ
(ယာယီ)မှ ပြုလုပ်သော တွေ့ဆုံညှိနှိုင်းပွဲသို့ နိုင်ငံရေး ပါတီများနှင့်
အဖွဲ့အစည်းများအား မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က
ဖိတ်ကြားခဲ့သော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၊
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ အပါအ၀င် နိုင်ငံရေး
ပါတီကြီးများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲခဲ့သော သတင်းမီဒီယာ ဥပဒေကြမ်းကို
ပြန်ကြားရေး ၀န်ကြီးဌာနက လွှတ်တော်သို့ မတင်ပေးနိုင်ကြောင်း
အကြောင်းပြန်ပြီးနောက် စာနယ်ဇင်းကောင်စီမှ ရေးဆွဲသော ဥပဒေကြမ်းကို
လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှတစ်ဆင့် လွှတ်တော်သို့ တင်ပြနိုင်ရေးအတွက်
နိုင်ငံရေးပါတီ၊ အခြားသော နိုင်ငံရေး အဖွဲ့အစည်းများအား ဖိတ်ကြားပြီး
ဆွေးနွေးအကြံဥာဏ်ယူခြင်း၊ စာနယ်ဇင်းကောင်စီ (ယာယီ)နှင့် ပြန်ကြားရေး
ဝန်ကြီးဌာနတို့အကြား ဆက်ဆံရေး အခြေအနေတို့ကို တင်ပြခြင်းတို့အား သြဂုတ် ၃
ရက်က ရန်ကုန်မြို့ရှိ ယုဇနဟိုတယ်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
တွေ့ဆုံညှိနှိုင်းပွဲသို့ တက်ရောက်ရန် နိုင်ငံရေးပါတီ အဖွဲ့အစည်း ၂၃ ခုကို
ဖိတ်ကြားခဲ့သော်လည်း တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ဒီမိုကရေစီနှင့်
ငြိမ်းချမ်းရေးပါတီ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် ရှေ့နေများကွန်ရက်
အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များသာ တက်ရောက်ခဲ့သည်။ သတင်းမီဒီယာ
ဥပဒေကြမ်းနှင့် ပတ်သက်သော တွေ့ဆုံညှိနှိုင်းပွဲ ကျင်းပရာ ယုဇနဟိုတယ်သည် NLD
ပါတီဌာနချုပ် ရုံးခန်းတည်ရှိရာ နေရာအနီးတွင် ရှိသော်လည်း NLD ပါတီမှ
တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
"ပြည်သူအားလုံးနဲ့ ဆိုင်တဲ့ကိစ္စ၊ နိုင်ငံတစ်ခုလုံးနဲ့ ဆိုင်တဲ့ကိစ္စ
ဆွေးနွေးတာကို မလာခြင်းဟာ ပြည်သူလူထုရဲ့ ဆန္ဒ၊ ပြည်သူလူထုရဲ့ အကျိုးကို
မျက်ကွယ်ပြုခြင်း သဘောမျိုး ဆောင်သွားနိုင်တယ်။ အဲလိုမျိုးမေးခွန်း
ထုတ်လာနိုင်စရာ ရှိတယ်။ အဲဒါမျိုးကို သူတို့ဖြေဖို့ လိုလိမ့်မယ်။
ကျွန်တော်တို့ အနေနဲ့ကတော့ ကျွန်တော်တို့က လေးလေးစားစား ဖိတ်ထားတဲ့ ကိစ္စကို
မလာနိုင်တဲ့ အကြောင်းတောင် မပြန်ကြားတာဟာ စာနယ်ဇင်းကောင်စီက လုပ်နေတဲ့
အလုပ်များကို ပြည်သူလူထုကိုယ်စား၊ နိုင်ငံတော်ကိုယ်စား၊ မီဒီယာနယ်ပယ်
တစ်ခုလုံးက လုပ်နေတဲ့ သတင်းလွတ်လပ်ခွင့်နဲ့ ဆိုင်တဲ့ကိစ္စ တစ်ခုလုံးကို
စိတ်မ၀င်စားလို့လား၊ မလေးစားလို့လားဆိုတဲ့ မေးခွန်းမျိုး ပေါ်လာတယ်" ဟု
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ အတွင်းရေးမှူး ဦးကျော်မင်းဆွေက
ပြောကြားသည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)၏ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်လေး
(ဖိုးသောကြာ)က နိုင်ငံရေးပါတီကြီးများ အနေဖြင့် မသိ၍ မလာခြင်း မဟုတ်ဘဲ
စိတ်မ၀င်စားသဖြင့် မလာခြင်းသာ ဖြစ်သည်ဟု ယူဆကြောင်း ပြောကြားသည်။
| သတင်းမီဒီယာ ဥပဒေကြမ်းနှင့် ပတ်သက်သော တွေ့ဆုံညှိနှိုင်းပွဲ ကျင်းပရာ ယုဇနဟိုတယ်သည် NLD ပါတီဌာနချုပ် ရုံးခန်းတည်ရှိရာ နေရာအနီးတွင် ရှိသော်လည်း NLD ပါတီမှ တက်ရောက်ခဲ့ခြင်း မရှိကြောင်း သိရှိရသည် . . . . . |
"သူတို့တွေမှာ ဘာတွေအခက်အခဲ ရှိလဲတော့ မသိဘူးပေါ့လေ။ ဒီနေ့ ကျွန်တော်တို့
ဖိတ်ထားတဲ့ပွဲကို တက်ရောက်လာတာ အရေအတွက် တော်တော်လေး နည်းတယ်ဆိုတော့
စိတ်ဝင်စားမှု အားနည်းတယ်လို့ပဲ ပြောရမယ်ထင်တယ်။ စာနယ်ဇင်းကောင်စီနဲ့
ပြန်ကြားရေးကိစ္စက လတ်တလောမှာ လွှတ်တော်က အမျိုးသားလွှတ်တော်ကို ရောက်တော့မယ်။
နောက်တစ်ခုက သတင်းမီဒီယာ ဥပဒေက လွှတ်တော်မတင်ရသေးဘူးဆိုတော့
အဲဒီအရေးကြီးတဲ့ ကိစ္စတွေမှာ ဘာဖြစ်လို့ သူတို့စိတ်မ၀င်စားသလဲ ဆိုတာကို
ကျွန်တော်လည်း နားမလည်နိုင်ဘူး" ဟု မြန်မာဂျာနယ်လစ်ကွန်ရက်
အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။
သတင်းမီဒီယာ ဥပဒေဆိုသည်မှာ ဂျာနယ်လစ်များအတွက် လုပ်ဆောင်ခြင်းမဟုတ်ဘဲ
ပြည်သူများ၏ သတင်းသိပိုင်ခွင့်အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး
ထိုသို့လုပ်ဆောင်ခြင်းကို နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းများက
ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းသည် မေးခွန်းထုတ်စရာဖြစ်ကြောင်း
စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင်နှင့် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၏
ဒုတိယဥက္ကဋ္ဌ ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) က ဆိုပါသည်။
"သတင်းလွတ်လပ်ခွင့်ဆိုတာက သတင်းသမားတွေနဲ့သာ ဆိုင်တာမဟုတ်ပါဘူး။
သတင်းလွတ်လပ်ခွင့်က ပြည်သူတွေအတွက် လုပ်ပေးရတာ။ သတင်းသမားတွေက
သူတို့လိုချင်တာတွေ တောင်းတယ်။ သူတို့အတွက်ပဲ လုပ်နေတယ်။ မဟုတ်ပါဘူး။
ကျွန်တော်တို့ သတင်းလွတ်လပ်ခွင့် တောင်းတယ်ဆိုတာ သတင်းသမားက လိုချင်လို့
မဟုတ်ဘူး။ ပြည်သူတွေရဲ့ လွတ်လပ်စွာ သတင်းသိခွင့်အတွက် အလုပ်လုပ်နေကြတာ။
သတင်းသမားတွေ အလုပ်လုပ်ခွင့်မရရင် ပြည်သူတွေက သတင်းသိခွင့် မရဘူး။ အဲဒါကို
ဝင်ပြီးမပူးပေါင်းဘူးဆိုရင် သူတို့ပြည်သူလူထုရဲ့ သတင်းသိခွင့်အတွက်
တကယ်စေတနာ ရှိရဲ့လား။ မေးခွန်းထုတ်စရာပေါ့ဗျာ" ဟု ဦးကိုကိုက
ပြောကြားခဲ့သည်။
သြဂုတ် ၃ ရက်တွင် ပြုလုပ်ခဲ့သော တွေ့ဆုံညှိနှိုင်းပွဲသို့
တက်ရောက်ခဲ့သူများအနက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီက
ဆွေးနွေးမှုများကို ဗဟိုသို့ ဆက်လက်တင်ပြမည်ဟု ပြောကြားခဲ့ပြီး လူ့ဘောင်သစ်
ဒီမိုကရက်တစ်ပါတီနှင့် ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး ပါတီတို့ကလည်း
လုပ်ဆောင်သင့်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကာ ရှေ့နေများကွန်ရက်
အနေဖြင့် စာနယ်ဇင်းကောင်စီ (ယာယီ)၏ လုပ်ဆောင်ချက်များကို ခြွင်းချက်မရှိ
ထောက်ခံကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ ရေးဆွဲသော သတင်းမီဒီယာ
ဥပဒေကြမ်းကို အမျိုးသားဒီမိုကရေစီ ပါတီသစ်မှတစ်ဆင့် လွှတ်တော်သို့
တင်သွင်းရန် ဆုံးဖြတ်ခဲ့ကြောင်း တွေ့ဆုံညှိနှိုင်းပွဲအပြီးတွင်
သတင်းရရှိသည်။
No comments:
Post a Comment