Tuesday, July 10, 2012

ဒါဏ်ရာရ ရဲဘော်များ အဆုံးစီရင်ခံနေရ



july 10 ရှေ့တန်းစစ်မျက်နှာတိုက်ပွဲများတွင် ထိခိုက်ဒါဏ်ရာရသော တပ်မတော်သားအချို့သည် အရာရှိများ၏ ညွှန်ကြားချက်ဖြင့် လက်စသတ်ခံနေရကြောင်း သိရှိရသည်။ အထူးသဖြင့် သာမန်ရဲဘော်များကို ထိုကဲ့သို့ ပြုလုပ်လျက် ရှိကြောင်း ဖမ်းဆီးခံရသော တပ်မတော်သားများမှတဆင့် သိရှိရသည်။
ကချင်ဒေသစစ်မျက်နှာတွင်လည်း အချို့ဒါဏ်ရာရ ရဲဘော်အချို့မှာ မသေသင့်သော်လည်း အဆုံးစီရင် ခြင်းကို ခံနေကြရသည်။ ဇွန်လ(၂၈)(၂၉)ရက်နေ့တွင် ဒေါ့ဖုန်းယန်မြို့နယ်၊ နားလုံကျေးရွာအနီး ဖြစ်ပွားသောတိုက်ပွဲတွင် ဒါဏ်ရာရ ရဲဘော်(၂)ဦးကို စစ်ကြောင်းမှူး၏ အမိန့်ဖြင့် ဆေးထိုးအဆုံးစီရင်ပြီး ရာဘာခြံထဲတွင် ချန်ထားခဲ့ကြောင်း ၎င်းစစ်ကြောင်းမှ ဖမ်းဆီးခံရသော တပ်သားတစ်ဦး ဖေါ်ထုတ် ပြောဆိုခဲ့သည်။
ခမရ(၃၈၁)(၃၈၄)(၃၈၈) နှင့် ခလရ(၄၀)မှ အင်အား(၂၀၀)ခန့်ပါဝင်သော စစ်ကြောင်းနှင့် KIA တပ်ဖွဲ့ တို့ (၂)ရက်ကြာ အပြင်းအထန်တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ၎င်းတိုက်ပွဲတွင် မြန်မာ့တပ်မတော်ဘက် တွင် (၁၃)ဦး ကျဆုံးပြီး ဒါဏ်ရာရသူ(၁၅)ဦး ရှိကြောင်း သိရှိရသည်။ အခြား ဒါဏ်ရာရသူ(၂)ဦးမှာ ဆေးထိုးအဆုံးစီရင်ခြင်းကို ခံလိုက်ရခြင်း ဖြစ်သည်။ ကျဆုံးသူများကိုလည်း ကောင်းစွာမြုပ်နှံထားခဲ့ခြင်း မရှိဘဲ တိရစ္ဆာန်သေများကို စွန့်ပစ်သကဲ့သို့ ခြေပေါ်၊ ခေါင်းပေါ်၊ လက်ပေါ် မြုပ်နှံထားခဲ့ကာ အချို့မြေကျင်းတွင်မူ အလောင်း(၃)လောင်းခန့် စုပြုံမြုပ်နှံထားခဲ့သည်ကို KIA တပ်ဖွဲ့ဝင်များ တွေ့ရှိ သဖြင့် မြေဖို့၍ ကောင်းစွာ ပြန်လည်မြုပ်နှံပေးခဲ့ရကြောင်း သိရှိရသည်။

No comments: