မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
ခရီုနီတွေကို ဘယ်လို ဖြေရှင်းမလည်း
ခရိုနီကိုကြောက်မှာလား ၊ ခရိုနီကိုကာကွယ်မှာလား
by Ye Thurein Min on Thursday, June 28, 2012 at 8:06pm *(မဖတ်ရသေးသူများအတွက်ပြန်လည်ဖေါ်ပြပေးလိုက်ပါသည်)
ခရိုနီဆိုသည်မှာ
Crony ခရိုနီ ဆိုသည်မှာ ၁၈ ရာစုတွင် လန်ဒန်တွင် စတင်သုံးစွဲခဲ့တဲ့
စကားလုံးဖြစ်ပြီး Oxford English Dictionary ၏ အဆိုအရ long-term လို့
အဓပ္ပါယ်ရတဲ့ မူရင်း ဂရိ ဘာသာစကား χρόνιος (chronios) ကနေဆင်းသက်လာတဲ့
စကားလုံးဖြစ်ပါတယ် ။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ Crony ဆိုတဲ့ စကားလုံးကို
ရင်းနှီးတဲ့ မိတ်ဆွေ ၊ အကျိုးတူ လုပ်ဖော်ကိုင်ဖက် စသဖြင့် အဓိပ္ပါယ်ယူ
သုံးစွဲလျှက်ရှိပါတယ် ။ နိုင်ငံရေး ဝေါဟာရမှာတော့ ခရိုနီဆိုတာ အုပ်ချုပ်သူ
လူတန်းစား အာဏာ အခွင့်ရှိသူကို ရင်းနှီးအောင်ပေါင်းပြီး လုပ်ကိုင်ခွင့်များ
ရယူကာ ထိုအုပ်ချုပ်သူများနှင့် အကျိုး တူသော်လည်းကောင်း
အကျိုးအမြတ်ပေး၍သော်လည်းကောင်း လုပ်ကိုင်နေသော အရင်းရှင်
စီးပွားသမားများကို ခေါ်ဝေါ် သုံးစွဲတဲ့ စကားလုံးဖြစ်လာပါတယ် ။ ဥပမာအနေ
နဲ့ပြောရရင် (တေဇ ၊ ဇော်ဇော်) တို့ဟာ ခရိုနီ အမျိုးအစားတွေပါပဲ ။
မြန်မာခရိုနီ နှင့် ကမ္ဘာ့နိုင်ငံများမှ ခရိုနီများ
မြန်မာနိုင်ငံမှာလည်း ခရိုနီတွေဟာ ဘုရင်တွေ အုပ်စိုးစဉ်ကာလ ကတည်းက
တည်ရှိနေ ခဲ့ကြပါ တယ်။ ဘုရင်နဲ့နီးစပ်သူတွေဟာ နယ်စား ရွာစား ရာထူးတွေရ ၊
ဘုရင်တွေကို သမီးပါမကျန် ရသမျှ အခွန်တွေဆက် ၊ ပြည်သူတွေကိုတော့ အတင်းအဓမ္မ
နိပ်စက်ခဲ့ကြတယ်။
နောက် ကိုလိုနီခေတ်ရောက်ပြန်တော့လည်း
အင်္ဂလိပ်ကို ဖားပြီး ကြီးပွားကြတဲ့ ခရိုနီတွေ ၊ ဂျပန်ခေတ်ရောက်ပြန်တော့လည်း
ဂျပန် အလိုတော်ရိတွေ ၊ ဖဆပလ ခေတ်ရောက်တော့လည်း နိုင်ငံရေး
အသိုင်းအ၀ိုင်းကလူတွေနဲ့နီးစပ်သူတွေ ၊ ဦးနေဝင်း လက်ထက်ရောက်တော့လည်း
စစ်အသိုင်းဝိုင်းနဲ့ နီးစပ်တဲ့ ခရိုနီတွေ နဲ့ နောက်ပိုင်း ဦးသန်းရွှေခေတ်
ယခု ဦးသိန်းစိန်ခေတ်ထိ ခရိုနီလို့ သတ်မှတ်နိုင်တဲ့ သူတွေဟာ
အမြောက်အများရှိနေပါတယ် ။မြန်မာတင်ရှိတာလား ဆိုတော့ မဟုတ်ပါဘူး ။
ခရိုနီဆိုတာ ဒီမိုကရေစီနိုင်ငံ ၊ ကွန်မြူနစ်နိုင် ၊ ဆိုရှယ်လစ် နိုင်ငံ
ဘယ်လို အုပ်ချုပ်မှုစံနစ်မျိုး မဆို ခရိုနီဆိုတာ ရှိနေပါတယ် ။ တရားဥပဒေ
စိုးမိုးပြီး၊ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေမှာတောင် သမ္မတတွေ ၊
ဝန်ကြီးချုပ်တွေ ၊ ခရိုနီတွေရဲ့ ဇာတ်လမ်းတွေ တခါတရံ လူ သိရှင်ကြား
သတင်းထွက်လာတတ်ပါတယ် ။ တရားဥပဒေစိုးမိုးတော့ ခရိုနီကတွေရဲ့ လှုပ်ရှား
မှုတွေဟာ ပိုမို လျို.ဝှက်ကြပြီး လူသိပ်မသိကြပေမဲ့ ကမ္ဘာမှာ ခရိုနီဆိုသူတွေဟာ
မြန်မာသာမက ၊ နိုင်ငံတိုင်းလိုလိုမှာ ရှိနေပါတယ် ။
မြန်မာခရိုနီများနှင့် တရားဥပဒေ စိုးမိုးမှု
မြန်မာခရိုနီလို့ သတ်မှတ်နိုင်သူတွေဟာ လွတ်လပ်ရေး ရပြီးကတည်းက တရားဥပဒေမဲ့
လုပ်ရပ်မြောက်များစွာကိုလုပ်ခဲ့ကြတယ် ။ ဒါကြောင့်
အုပ်ချုပ်သူလူတန်းစားကလည်း ဥပဒေကို လက်တလုံးခြား ကစားလိုတဲ့အတွက် ခေတ်နဲ့
လျှော်ညီမှုမရှိတဲ့ ဥပဒေတွေကို မပြင်ဆင်ပဲ အမြတ်ထုတ်ခဲ့ကြတယ် ။ ဥပမာ ၊
ကိုလိုနီခေတ်က နိုင်ငံတော်ကိုပေးရတဲ့ သစ်တတန် ထုတ်လုပ်ခွင့်
အစိုးရကိုပေးရတဲ့ ဈေးနှုန်းကို နောက်ပိုင်း အနည်းငယ်တိုးမြှင့်ရုံဖြင့်
ဥပဒေကို လက်တလုံးခြား လှည့်ဖျားခဲ့ကြတယ် ။ နောက်ပြီး သစ်ထုတ်လုပ်ခွင့်
ပါမစ်မှာ တန် ၁ဝဝ ထုတ်လုပ်ခွင့်ပြုပေမဲ့ သစ်ထုတ်လုပ်သူ ကုန်သည်က
သစ်တန်ပေါင်း တသောင်း လောက်ကို ထုတ်လုပ်လိုက်တယ် ၊ သစ်တော စစ်ဆေးရေးဂိတ် ၊
စစ်တပ် ဂိတ် ၊ နယ်စပ်ဂိတ်တွေ ကိုဖြတ်ကျော်စဉ် စစ်ဆေးလျှင် ၄င်းတို့ လက်ထဲ၌
တရားဝင် သစ်ထုတ်လုပ်ခွင့် ပါမစ်များ ပါရှိပေမဲ့၊ စာရွက်ထဲ၌ သစ်တတန်
သယ်ယူခွင့် ကိုဖေါ်ပြထားပေမဲ့ အမှန်တယ် ကားပေါ်တွင် သယ်ဆောင် လာသည့် သစ်မှာ
၂ဝ တန်ကျော်နေ တာမျိုးတွေ ၊ ဒါတွေဟာ ဥပဒေကို လက်တလုံးခြားလုပ်ပြီး
အကျင့်ပျက်ခြစားခဲ့ကြတွေကြောင့် ဖြစ်ပေါ်လာတဲ့ ခရိုနီကြီးပွားရေး သို့မဟုတ်
နိုင်ငံ ချွတ်ခြုံ ကျရေး နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရင်ဆိုင်ခဲ့ကြရတယ် ။
ခရိုနီလက်သစ်များ
နောက်ပိုင်းခရိုနီ လက်သစ်တွေဟာ အစိုးရခေါင်းဆောင်ပိုင်းတွေနဲ့
နီးစပ်သူတွေဟာ ပုံစံမျိုးစုံနဲ့ နိုင်ငံပိုင်ငွေတွေကို ၄င်းတို့ အိပ်ထဲ
ထည့်ကြပါတော့တယ် ။ နိုင်ငံတော်က ခေတ်မှီ ဖွံ့ဖြိုးတိုး တက်သော
နိုင်ငံတော်ကြီး တည်ဆောက်တယ် လို့ အသံကောင်းဟစ်ပြီး
စီမံကိန်းမြောက်များစွာကို ဖန်တီးပါ တယ်။ ဆည်မြောင်း ၊ လမ်းပမ်း ဆက်သွယ်ရေး
၊ မြို့သစ်စီမံကိန်းများ ၊ စက်မှုဇုံ စီမံကိန်းများ ၊ နိုင်ငံခြား
သွင်းကုန် ထုတ်ကုန် စီမံကိန်းများ ၊ ထိုစီမံကိန်းများကို ဖော်ဆောင်
သူများမှာ လေလံပေး၍ အများပြည်သူ ယှဉ်ပြိုင် လုပ်ကိုင်စေခြင်း သို့မဟုတ်
အသင်းအဖွဲ့များသို့ လုပ်ကိုင်စေခြင်းများ မဟုတ်ဘဲ စစ်အာဏာရှင်
အသိုင်းအဝိုင်းနှင့် နီးစပ်သူများကိုသာ လုပ်ကိုင်ခွင့်များပေးအပ်ကာ ၊
ငွေကစားခဲ့ပါတယ် ၊ ငွေကစားတယ်ဆိုရာမှာ စီမံကိန်းတခုကို မြန်မာငွေနဲ့
တွက်ချက်ပြီး နိုင်ငံတော် ဘတ်ချက်မှာ ကုန်ကျစရိတ် တွေ ကို ဒေါ်လာနဲ့ အစား
ထိုး ဖော်ပြတာတွေလုပ်ခဲ့တယ် ၊ ဒါပေမဲ့ တရားမဝင် ဒေါ်လာပေါက်ဈေး တဒေါ်လာ ကျပ်
တထောင်ဖြစ်နေချိန် ၄င်းတို့က အစိုးရပေါက်ဈေး တဒေါ်လာ ၆ ကျပ် ၊ ၁၂ ကျပ်
စသဖြင့်တွက်ချက်လိုက်တဲ့အခါ ၄င်းတို့ အိပ်ထဲ ဒေါ်လာမြောက်များစွာ
ရောက်ရှိသွားပါတော့တယ် ။ဥပမာ စီမံကိန်းတခုလျှင် ကျပ်ငွေ တသန်း
ကုန်ကျသည်ဆိုပါစို့ ၁ ဒေါ်လာ = ၁ ထောင်ကျပ် ဆိုလျှင် ဒေါ်လာ
၁သောင်းကုန်ကျမည်၊ သို့သော် စာရင်းပြရာတွင် ၁ဒေါ်လာ = ၁၂ ကျပ်ဆိုလျှင် ၈၃၃၃၃
ဒေါ်လာကုန်ကျမည် ။ (အမှန်တကယ်ကုန်ကျငွေ ဒေါ်လာ ၁ သောင်း အစား ၈၃၃၃၃ ဒေါ်လာ
လို့ စာရင်းပြခဲ့တယ်)၄င်းတို့အတွက် ဒေါ်လာ ခုနှစ် သောင်းကျော် အကျိုးအမြတ်
ရသွားမည် ဖြစ်သည် ။ကျောက်မျက် ကရောင်းချလို့ ရတဲ့ ဒေါ်လာဆိုရင် ပြောင်းပြန်
စရင်းဖော်ပြ ပါတယ် ။ တဒေါ်လာ ၁၂ ကျပ်နှုန်းနဲ့ မြန်မာငွေဖြင့် ဘတ်ဂျက်မှာ
ဖေါ်ပြတော့ ၄င်းတို့ အိပ်ကပ် ထဲ မြောက်များစွာသော ဒေါ်လာတွေရောက်ကုန်တော့တယ် ။
နိုင်ငံခြားဝင်ငွေ ဖြစ်သော အခွန် ၊ ပို့ကုန် ၊ သွင်းကုန် ၊ သယံဇာတ
ရောင်းရသမျှ ဒေါ်လာများကို ထိုကဲ့သို့ အလွန် နိမ့်သော ငွေကြေး
ပေါက်ဈေးဖြင့် လိမ်လည်လှည့်ဖြားခဲ့ကြတယ် ။ အခွန်တွေကိုလည်း လိမ်လည်ပြီး
ပေးဆောင်ခဲ့ကြ လို့ ၊ နိုင်ငံတော် ဝင်ငွေ ထွက်ငွေတွေ မကိုက်ညီတော့ပဲ ၊
ကုန်ဈေးနှုံး မြင့်တက်မှု ၊ ငွေကြေး ဖောင်း ပွ မှု တွေနဲ့
ရင်ဆိုင်ခဲ့ကြရပြီး ကမ္ဘာမှာ သယံဇာတ ပေါများသလောက် အကြွေးတင်ပြီး အဆင်းရဲ
ဆုံး နိုင်ငံစာရင်း ဝင်သွားခဲ့ရတယ် ။
ခရိုနီနဲ့ စီးပွားရေး ပိတ်ဆို့မှု
ဒီနေ့ စီးပွားရေး ပိတ်ဆို့မှုကို ထောက်ခံနေသူတွေရဲ့ အကြောင်းပြချက်က
စီးပွားရေး ရင်းနှီးမြုပ်နှံမှုတွေ ဝင်ရောက်လာရင် စစ်အာဏာရှင်နဲ့ နီးစပ်သူ
ခရိုနီတွေသာ စီးပွားရေး ရင်းနှီးမြုပ်နှံခွင့်တွေ ရကြမယ် ။
ထိုသူများသာကြီးပွားသွားပြီး ပြည်သူကတော့ ငတ်မြဲ ငတ်နေမယ် ဆိုတဲ့
အယူအဆပဲဖြစ်ပါတယ် ။ ကျွန်တော့အမြင်ကတော့ ဒီလိုဖြစ်လာမယ်ဆိုတာ သိနေမှတော့
ကာကွယ်ရမဲ့ နည်းလမ်းတွေ စဉ်းစား ဖေါ်ထုတ်သင့်ပါတယ် ။ စဉ်းစားသင့်ပါတယ် ။
ဖြစ်ပေါ်လာမဲ့ ဆိုးကျိုးကို သိနေမှတော့ အဲ့ဒီဆိုးကျိုးကို ကာကွယ်ဖို့
နည်းလမ်းရှာရပါမယ် ။
ဒါဆိုရင် နောက်တနည်း စဉ်းစားကြည့်ရအောင်
စီးပွားရေး ပိတ်ဆို့မှုဖွင့်ရင် ခရိုနီတွေလက်ထဲပဲ ငွေရောက်မယ်ဆိုရင် ၊
ပြည်သူတွေကရော အဲ့ဒီရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ ငွေ အလုံ အလောက်ရှိကြ
ပါရဲ့လား ။ အခြား ခရိုနီမဟုတ်သူ ငွေကြေးပိုင်ဆိုင်သူများကရော စီးပွားရေး
လုပ်ငန်းကြီးတွေမှာ ရင်းနှီး မြုပ်နှံရဲပါ့မလား ။
ခရိုနီလက်ထဲငွေရောက်မှာကြောက်လို့ စီးပွားရေးပိတ်မယ်ဆိုရင်တော့
စစ်အာဏာရှင်တွေအာဏာ ရနေသရွေ. ပိတ်ထားရမဲ့ သဘောဆောင်နေပါတယ် ။ ဒီတော့
စစ်အာဏာရှင်ကိုလည်းနိုင်အောင်မတိုက် ၊ ခရိုနီကိုလည်းကြောက်ဆိုရင်တော့
မြန်မာနိုင်ငံလည်း နာလံထူစရာ အကြောင်းမရှိသလို စီးပွားရေးပိတ်ဆို့မှုဟာလည်း
ပွင့်လာစရာ လမ်းစမမြင်ပါ ။ ခရိုနီကြီးပွားရေးကိုကြောက်လို့
စီးပွားရေးပိတ်ဆို့ပါတယ်ဆိုရင်တော့ နည်းမှန်လမ်းမှန် မဟုတ်ပါဘူး ။
အနာသိဆေးရှိ ဆိုသလိုပဲ ပုံစံမျိုးစုံ ဥပဒေကို လက်တလုံးခြားလုပ်၊
အကျင့်ပျက်ခြစား တာတွေကြောင့် ခရီုနီတွေဟာ တနှစ်လျှင် ဘီလျံနဲ့ ချီတဲ့
ဒေါ်လာ ဝင်ငွေရှိတယ် ဆိုတာမျိုးတောင် ထုတ်ဖေါ်ပြော ဆိုလာတာတွေ ရှိလာခဲ့ကြတယ် ။
ဒီနေ့ မှာ ဒါတွေကို ဖြေရှင်းနိုင်မဲ့ လမ်းစတွေ ရှိနေပြီဆိုရင် ..........
ကျွန်တော်တို့ လုပ်နိုင်တာတွေ အမြောက်အများရှိပါတယ် ။
၁။ ခရိုနီတွေနဲ့ စစ်အာဏာရှင်တွေ ဟာ ၄င်းတို့ရဲ့ ပိုင်ဆိုင်မှုတွေကို ဖေါ်ပြရပါမယ် ။
၂။ ထိုပိုင်ဆိုင်မှု ငွေကြေးတွေ ရရှိလာပုံကို ဖော်ပြနိုင်ရပါမယ် ။
၃။ ၄င်းတို့ ပိုင်ဆိုင်သည့် ငွေကြေးများအား အခွန်ပေးဆောင်ခြင်း ရှိ ၊ မရှိ စစ်ဆေးရပါမယ် ။
၎။ တရားဝင် နည်းလမ်းဖြင့် မဖော်ပြနိုင်သော ငွေကြေးပိုင်ဆိုင်မှု ၊
ဥပဒေနှင့် မညီသော ငွေကြေးပိုင်ဆိုင်မှုများကို
နိုင်ငံတော်ပိုင်အဖြစ်သတ်မှတ်ရပါမယ် ။
၅။ အခွန်ပေးဆောင်ရန် ပျက်ကွက်ခဲ့သည်များ နှင့် လက်ရှိပိုင်ဆိုင်မှုများ အပေါ်တွင် အခွန်စည်းကြပ်မှုများ ပြုလုပ်ရပါမယ် ။
ထိုသို့ လုပ်ဆောင်နိုင်ရန် ကော်မရှင် တခုကို သီးခြားလွတ်လပ်သည့်
ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းပြီး စုံစမ်း စစ်ဆေးများ ပြုလုပ်ခြင်းဖြင့်
ခရီုနီ ပိုင်ဆိုင်မှုများကို နိုင်ငံတော် ဘဏ္ဍာငွေများအဖြစ် ပြန်လည် သတ်
မှတ်နိုင်မှာ ဖြစ်ပါတယ် ။
ခရိုနီကြောင့်ဖြစ်ပေါ်ရသော ဆိုးကျိုးများ
ခရိုနီများရရှိသည့် အကျိုးအမြတ်များသည် များသောအားဖြင့် ပြည်သူပိုင်
ငွေများဖြစ်ကြသည် ။ ထို့ကြောင့် အများပြည်သူများ၏ စီးပွားရေး
အခွင့်အလမ်းများကို ဆုတ်ယုတ်စေသည် ။ ၄င်းတို့ လုပ်ငန်းအများစုကို
လက်ဝါးကြီးအုပ်ထားသောကြောင့် လည်း ဈေးကွက်ပြိုင် ဆိုင်မှု လျှော့
ကျလာခြင်း၊ ကုန်ဈေးနှုန်း ကစားခြင်းများ ၊ ဈေးကွက်လည်ပတ်မှုများ ၊
ရင်နှီးမြုပ်နှံလိုမှုများ ၊ နိုင်ငံခြားငွေကြေး လဲလှယ်မှုနှုံးများ ၊
ကုန်ထုတ်လုပ်မှုများကို အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်ပါတယ် ။
ခရိုနီ မျိုးတုန်းရေး
ခရိုနီ ဆိုသူများကို အမြစ်ပြတ် ဖြေရှင်းရန်မှာ မဖြစ်နိုင်သော နည်းလမ်းပါ ။
ဥပဒေ စိုးမိုးမှု အပြည့်ရှိ တယ်ဆိုတဲ့ နိုင်ငံတွေမှာတောင် ခရိုနီတွေဟာ
ရှိနေပါတယ် ။ ဥပဒေရဲ့ လစ်ဟာမှုတွေ ၊ အားနည်း မှုတွေ ကို အခွင့်ကောင်းယူပြီး
ခရိုနီနဲ့ အုပ်ချုပ်သူ လူတန်းစားဟာ အကျင့်ပျက်ကြပါတယ် ။ သို့သော်
မြန်မာနိုင်ငံကဲ့သို့ ဥပဒေဟာ စာအုပ်ထဲမှာ ၊ အာဏာရှင် ပါးစပ်ဖျားမှာသာ
ရှိသော နိုင်ငံ အနေဖြင့် ခရိုနီဟာ နိုင်ငံ ဆင်းရဲရာ အကြောင်းတရားရဲ့ အဓိက
တရားခံ ဖြစ်ပါတယ် ။ ဒါကြောင့် ခေတ်နှင့် လျှော်ညီမှု မရှိသော ဥပဒေများကို
ပြန်လည် ပြင်ဆင်ရပါမယ် ။ အားလုံးသော တာဝန်ရှိသူများဟာ ဥပဒေကို တိတိကျကျ
လိုက်နာဆောင်ရွက်ရပါမယ် ။ နိုင်ငံခြား ရင်းနှီးမြုပ်နှံ မှုတွေ ကိုလည်း ဥပဒေ
တင်းကျပ်ရပါမယ် ။ အများပိုင် ကုမ္မဏီများအဖြစ် စီးပွားရေး လုပ်ငန်းကြီး
များကို ဖော်ဆောင်နိုင်ရပါမယ် ။
အလယ်အလတ်တန်းစား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးလာအောင် အားပေးခြင်း အကူ အညီ
ပေးခြင်း များ အစိုးရက ပြုလုပ်ရပါမယ် ။ နိုင်ငံတော်ရဲ့ ရငွေ သုံးငွေ
ဘတ်ဂျက် ဟာ ပွင့် လင်းမြင် သာတဲ့ စာရင်းဇယား ဖြစ်ရပါမယ် ။ ဒါတွေဟာ
ခရိုနီတွေရဲ့ လက်ဝါးကြီး အုပ်မှုတွေ ကနေ ကင်း လွတ်နိုင်တဲ့ နည်းလမ်းတွေ
ဖြစ်ကြပါတယ် ။ တရားဥပဒေ စိုးမိုးမှုရှိလာတဲ့အခါမှာ ခရိုနီပျောက် ကွယ်
သွားလိမ့် မယ်လို့ မထင်လိုက်ပါနဲ့ ၊ ခရိုနီဟာ
ပိုမိုလျှို.ဝှက်သိပ်သည်းစွာဖြင့် ရှိနေအုန်းမှာပါပဲ ။ခရိုနီဆို
တာမျိုးကလည်း တစ်ဗိုလ်ဆင်းရင် နောက်တစ်ဗိုလ်တက်လာမှာပါပဲ ။ နောက်ဆုံး
ကုန်ကုန်ပြောရရင် ခရိုနီဆိုတာ ကမ္ဘာတည်သရွေ.ရှိနေမှာ ဖြစ်ပြီး သူတို့ရဲ့
တည်ရှိနေမှုကို ကြောက် လန့်နေမဲ့အစား ဘယ်လိုကာကွယ်ရမလည်းဆိုတာ က
ပိုကောင်းတဲ့ နည်းလမ်းသာဖြစ်ပါတယ် ။
ရဲသူရိန်မင်း
GMT 14:36
28.06.2012
No comments:
Post a Comment