Friday, April 6, 2012

စိတ်သာရှင်စော ဘုရားဟောနှင့် ကဗျာများ



စိတ်ဆိုးရင်
စိတ်ညှိုးတတ်သမို့
စိတ်မဆိုးအောင် စိတ်ကိုလျှော့
စိတ်ပျော့မှကိုယ်ချမ်းသာ
စိတ်လဲကျန်းမာလာမည်။

စိတ်ကိုထိန်းမှ စိတ်ကခိုင်
စိတ်ခိုင်မှ အရာရာပိုင်
စိတ်ကပိုင်ပိုင် သမာဓိခိုင်
စိတ်နိုင်တော့ ဥာဏ်စဉ်တိုး
စိတ်တန်ခိုးကြီးထွား ဥာဏ်တွေပွား
စိတ်ထားမယိမ်းယိုင် နိဗ္ဗာန်တိုင်
စိတ်ကဦးဆောင်နိုင်။

စိတ်မနိုင်သူများ အကုသိုလ်ပွား
စိတ်ကယုတ်ညံ့သွား
စိတ်အမှားနဲ့ ဘ၀ကိုလျှောက်
စိတ်ကအလိုလိုပေါက်
စိတ်ဖေါက်ဖေါက်နဲ့ဆက်သာလျှောက်
စိတ်ဆောင်ရာ ငရဲရောက်
စိတ်တံခါးပေါက် အပေါက်နှစ်ပေါက်
စိတ်ကနိဗ္ဗာန်ကိုရောက်
စိတ်ကလည်းငရဲရောက်
စိတ်သာရှင်စော ဘုရားဟော
စိတ်..စိတ်…စိတ်.. စိတ်စိတ်ပါကွယ်။

တက္ကသိုလ်ဘုန်းကြွယ်
ဧပြီ ၀၆ ၂၀၁၂
 
လွမ်းသံသရာဝယ်

လွမ်းမပြေ
လွမ်းပါသလေ
လွမ်းစာခွေ အထွေထွေကမ်း
လွမ်းစိတ်တွေသာလွှမ်း
လွမ်းပါများတော့ လွမ်းမျက်ရည်
လွမ်းမိုးလိုရွာစွေ
လွမ်းလေလွမ်းလေ
လွမ်းလို့ကိုးမပြေ
လွမ်းချင်လာပြန်ပေ
လွမ်းစာခွေ ထပ်ကာကမ်း
လွမ်းဆွေးတွေက မြင့်တောင်တန်း
လွမ်းတွေကျွမ်းတော့ ပန်းလှပြီ
လွမ်းအိပ်မက်ထဲဆီ
လွမ်းအလီလီဆက်ကာလွမ်း
လွမ်းသံသရာ မဆုံးစတမ်း
လွမ်း…လွမ်း…လွမ်း…။

တက္ကသိုလ်ဘုန်းကြွယ်
ဧပြီ ၀၃ ၂၀၁၂


ပြောင်းပြန်အချိုးကျ ရင်ကျိုးရ

လျှပ်စစ်မီး
ပိုလျှံပြီးရောင်းချတဲ့နိုင်ငံ
ဖယောင်းတိုင်မီးနဲ့ စာတွေအံ။

လျှပ်စစ်မီး
ဝယ်ယူပြီးသုံးစွဲတဲ့နိုင်ငံ
ထိန်ထိန်ဝင်းလို့မိုးလင်းသည့်သဏ္ဌာန်။
 
တက္ကသိုလ်ဘုန်းကြွယ်
ဧပြီ ၀၄ ၂၀၁၂
 

ဧရာဝတီမြစ်ဆုံရဲ့ဒဏ်ရာ
အသံသာရှိ အဆန်မရှိတဲ့
သင်္ကြန်အမြောက်လို
ဖေါက်လိုက်တဲ့ရုပ်သေးသိန်းစိန်ရဲ့စကား
အရေးမထား မလေးစားလို့
ပေါက်ပွားလာတဲ့မီးပွားလေးပါ။

လူထုအော်သံ မိုးလုံးညံတာကို
မခံနိုင်လို့ တရုတ်ထံ
မျက်ရည်ခံပြီး တောင်းပန်လိုက်တာပါ။

သူရဲ့တာဝန် ကျော်လွန်သွားအောင်လည်း
သူအမှုထမ်းဆဲကာလ
ဘာမျှဆက်မလုပ်ကြပါဘူးလို့
ထမင်းရေပူလာ လျှာလွှဲလိုက်တာပါ။

တကယ်တော့ ကြောက်ကြောက်နဲ့
တရုတ်ကိုဒူးထောက်ပြီး
နှစ်ပေါက် တစ်ပေါက်ရိုက်
အကြံအိုက်အိုက်နဲ့ လူထုအကြိုက်
သံယောင်လိုက်ပြီး ခဏတဖြုတ်ဖြေရှင်းလိုက်တဲ့
အချော့ကြိုက်တဲ့ကလေးကို
ချော့တိတ်ပေးတဲ့ ကလေးချော့တေး တစ်ပုဒ်ပါ။

ဒါကိုအရင်းစစ်တော့ အမြစ်မြေက
အဓိကပိုက်ဆံစားထားသူက
(သန်းရွှေနဲ့တင်အောင်မြင့်ဦး)
သူတို့နှစ်ဦးဆီက မျိုချသွားတဲ့ငွေကိုပြန်ကလော်ထုတ်
တရုတ်လုပ်ပြီးသွားတဲ့အလုပ်ရဲ့တန်ဖိုး
ပြန်အစားထိုးမပေး ပြန်မဆပ်ပေးရင်
ကြွေရှင်သူဌေး ကျေအေးစရာမရှိ
အဓိကကျတဲ့ဒီအရေး မဖြရှင်းပေးနိုင်သမျှ
ဧရာဝတီအရေး မအေးနိုင်တော့ပါ။

တက္ကသိုလ်ဘုန်းကြွယ်(ဧပြီ ၀၃ ၂၀၁၂)
 
ဧရာဝတီအရေး အေးမနေနဲ့
မြန်မာပြည်ဖွား
မြန်မာ့ဆန်ကိုစားပြီး
မြန်မာပြည်မှာပေါက်ဖွားလာကြတဲ့
အို မြန်မာပြည်သားတို့။

ဒီပြည်မှာနေ
ဒီရေကိုသောက်
ဒီပြည်မှာထွန်းပေါက်လာတဲ့
ခြံပေါက်နွားအခြေ
ကိုယ့်တိုင်းပြည်
ကိုယ့်မြစ်ရေတွေကို
မသွေစောင့်တိရန်
တာဝန်ရှိပါသည်။

သင်တို့ပိုင်ရာ အိမ်မြေရာကို
မသမာလူတစု
အပိုင်လုပြီး လူမှုဒုက္ခ
အ၀၀ကို မုချမသွေ
ပေးဝေနေလျှင် သွေးမြေကျကျ
မာန်ကြွကြွနှင့် ခံချရမည်။

အသက်အိုးအိမ် သင့်စည်းစိမ်ကို
ဖရိုဖရဲ ပြိုလဲသွားအောင်
စွမ်းဆောင်လာလျှင်
သင်ကအမှန် ငုံ့မခံဘဲ
ဇွဲမာန်နှင့်တုံ့ပြန် တော်လှန်ရမည်။

သဘာဝပန်းချီ အလှတွေစီတဲ့
ရေဇလာနဒီ ဧရာဝတီကို
အစီအရီ ခန်းခြောက်
အလီလီလမ်းပျောက်အောင်
ရေကာတာတွေဆက်ဆောက်တော့မတဲ့။

လျှပ်စစ်ရမဲ့အကျိုးထက်
ဆိုးကျိုးက အဆမတန် ခံရမှာမို့
အားမာန်ထက်မြက် ကန့်ကွက်ကြလော့။

ကွင်းဆက်ဆိုးကျိုး ဘယ်ကလောက်ဆိုး
အရိုးပါမသွေထုပ် အမျိုးပါပြုတ်သွားနိုင်သည်။

မေခ နှင့်မလိခ မြစ်ငယ်နှစ်သွယ်က
စီးကျလာကြတဲ့ရေအားနဲ့
(စင်္ကာပူပြည်မျှ) ကြီးမားလှတဲ့ရေကာတာ
သွေကာမဆိုင်း ခွေခါဝိုင်းလိုက်လျှင်
ရေဇလာအပိုင်းမှာ ရေသေတွေဖြစ်
ရေအရှိန်နဲ့လျှပ်စစ်တွေဖြစ်လာပေမဲ့
ဆိုးညစ်တဲ့ရေသေမှ ပိုးမွှားတွေထလာပြီး
မာကျူရီလို့ခေါ်တဲ့ အဆိပ်တွေပွလာပါတယ်
ရေကာတာက မချွတ် လွှတ်လိုက်ကြတဲ့ရေတွေဟာ
မာကျူရီအဆိပ်တွေသယ်ဆောင်လာပြီး
အောက်ပြည်အောက်ရွာ အောက်နေရာမှာ
ဧရာဝတီကိုအမှီပြုတဲ့ လူထုနဲ့ ရေသတ္တ၀ါအားလုံး အမျိုးတုံး အမျိုးပြုန်းရပေရော့မည်။

ဤတချက်နဲ့ပင် အသက်ပေါင်း
ထောင်သောင်းမက သေကြမှာမို့
ဘာနဲ့မှ မလဲနိုင် မြဲခိုင်ခိုင်ဟန့်တား
ဆန့်ကျင်ကြစို့လား… အိုမြန်မာပြည်သား။

ဒါနှင့်မလုံလောက် အထောက်အထား
ထပ်များအသိယှဉ် ကြည့်ချင်ပါလျှင်
ယခင်က သုတေသန ပြုထားကြတဲ့
သာဓက အထောက်အထား
တောင်းကြည့်ပါလား။

ဆိုးကျိုးကိုကွယ်ဝှက် သူတို့ကိုယ်ပိုင်အကျိုးအတွက်
တွက်ချက်ပြီးသား ကြီးပွားမှာမို့
ဘယ်သူများကန့်ကွက်ကန့်ကွက်
မပျက်မရုပ် နောက်မဆုတ်ဘဲ
ဆက်လုပ်သွားမယ်လို့
လျှပ်စစ်ဝံ(၀န်)ကြီးဇော်ဖျင်း(မင်း)က
စကားဖေါင်ဖေါင် အာဘောင်ကောင်းကောင်းနဲ့
မောင်းထုကြေညာ ထုတ်ပြန်ခဲ့တာအများအသိပါ။

အမှန်စင်စစ် အဖြစ်သနစ်ကဒီလို
ရေကာထာကို မကြောက် တည်ဆေက်လိုက်ပါပြီတဲ့
ရေကာတာထဲဝင်တဲ့ရေနဲ့အတူ
တလူလူမျောပါလာတဲ့ နုံမြေများဟာ
ဆည်အောက်လွှာရဲ့မြေသားကိုဖြည့်
တရွေ့ရွေ့ပြည့်လာတဲ့အခါ
ရေလွှာမှာတိမ်ကော
လျှစ်စစ်သဘောလဲလျှော့ပါး
အကျော့သားစားပြီးတဲ့တရုတ်က
နောက်ဆုတ်သွား အမှိုက်များရှင်းရမှာက
သိမ်ဖျင်းတဲ့မြန်မာပြည်သား
ဒါကိုတွက်ချက်မိပါရဲ့လား။

မြစ်စုံနေရာက မြေငလျင်ကြောနေရာဗျ
သဘာဝဘေးရန်မလတ်
ဒဏ်ခတ်လာတဲ့အခါ ရေကာတာကျိုးပေါက်
ရေများရဲ့ထိုးဖေါက်လာရင် အကြောက်ရဆုံးက
မြစ်ကြီးနားတမြို့လုံး
စက္ကန့်၂၀ အတွင်းရေဖုံးသွားနိုင်သတဲ့။

တောတောင်အနေထားအရ
သဘာဝလှနေတဲ့ဧရာဝတီမြစ်ဟာ
ဖြစ်ချင်သလိုဖြစ် နစ်ချင်သလိုနစ်
အသက်တွေပါ အဆစ်ပါသွားမဲ့ကိန်းကို
ကျိမ်းသေကြုံရ ကိန်းသေဆုံရပါမယ်။

မသိလို့မကြောက်
မကြောက်လို့မကန့်ကွက်ခဲ့ရင်
မျက်ကန်းတစ္ဆေမကြောက်တဲ့အဖြစ်မျိုး
ကြုံတိုးရပေတော့မည်။


ဧရာဝတီအရေး မြန်မာအရေး
မြန်မာ့အရေး ပြည်သူ့အရေးမို့
အရေးတယူ ဖေးကူပါဝင်
လွှတ်တော်တင်ပြီး ဆင်ခြင်ပိုင်းခြား
အဖြေများရှာကြပါ။

ရောင်းသူဝယ်သူ သဘောတူချက်
စီးပွားကွက်ကို မပြတ်ထောက်ရှု
အကြောင်းပြုရပါမည်။
တဖက်သူက စပေါ်လည်းပေး
လာလ်လည်းပေးပြီးမှ
ဘာမျှမလုပ် နောက်ပြန်ဆုတ်ရလျှင်
ကြည်ရွှင်မည်မဟုတ်
တရုတ်တကယ်နောက်ပြန်ဆုတ်ရန်
သူအကုန်ကျခံထားတဲ့နစ်နာကြေး
တွက်မပေးခဲ့လျှင် ကျေအေးဖွယ်မမြင်
သခင်ဗိုလ်ချုပ်တို့ သင်တို့လုပ်ခဲ့သမျှ
ပြဿနာဖြစ်လာမှ ပြည်သူတွေအပေါ်ပုံမချနဲ့
စားခဲ့သမျှအန်ထုတ် လုပ်ခဲ့တဲ့မူ တာဝန်ယူ
လူထုတွေကိုနိုင်လို့ရတိုင်းမနိုင်နဲ့
မြန်မာပိုင်တဲ့မြေ မြန်မာပိုင်တဲ့ရေ
မြန်မာမြေမှရခဲ့တဲ့သယံဇာတတွေကို
အကာကွယ်မပေးဘဲ စစ်အစိုးကိုလုပ်ကျွေးမယ့်
၂၀၀၈အခြေခံဥပဒေကိုကာကွယ်နေတဲ့အစိုးရ
အလိုမရှိဘူးဗျ။ဒါလူထုတွေရဲ့အဓိကဆန္ဒ။

ဒီမိုကရေစီလို့ကြွေးကြော်ပြီး
အတွေးအခေါ်အယူဆနဲ့ မူဝါဒတွေက
ဒီမိုကရေစီမကျ ဒီမိုကရေစီနဲ့ မညီမျှခဲ့ရင်
ပလ္လင်ပေါ်က တွန်းသာချ ဂျွမ်းပြန်ကျစေ့မယ်။

တက္ကသိုလ်ဘုန်းကြွယ် (ဧပြီ ၀၄-၂၀၁၂)




No comments: