Friday, May 24, 2013
အမေသာတဲ့ည
ညက
လမသာပေမယ့်
အမေသာတယ်။
၄၂ နှစ်လုံးလုံး
အမေဆိုတဲ့ဂါထာကို
လှပအောင် မရွက်ဆိုနိုင်ခဲ့တဲ့ ကောင်လေ။
မွေးချင်းတွေကြားမှာ
သားက
အဆိုးဆုံးကဗျာလေ
ဘယ်သူမှ မဖတ်ခဲ့ကြဘူး
အတန်းပိုင်ဆရာမ
မွေးခဲ့တဲ့အမေ
နှစ်ထပ်ကွမ်းကျေးဇူးတွေ
ကျေဖို နေ နေ သာ
ကိုယ်ဆန္ဒတွေကို ဦးစားပေး ၀တ်ဆင်ဖို့အတွက်
မေမေရဲ့ နုညံ့တဲ့ မျှော်လင့်ချက်တွေကို
တဘ၀လုံးစာ ပေါင်နှံသုံးစွဲပစ်ခဲ့တာတောင်
နောင်တမရခဲ့တဲ့ကောင်လေ
မေမေအပြုံးတွေရဲ့ ခြေသံကိုလည်း
မကြားတက်ခဲ့တဲ့ကောင်
မေ့မေ့ဒေါတွေနဲ့ ရယ်သံတွေကိုလည်း
ဟားတိုက်ခဲ့တဲ့ကောင်။
နိုင်ငံရေးယောင်ယောင်
ကဗျာဆရာယောင်ယောင်
ရွက်ကြမ်းရေကြိုကောင်
ဒီလိုကောင်ရဲ့ ဆိုးပစ်ခဲ့သမျှကို
တိုးချစ်ပြခဲ့တယ်။
တသက်လုံးဆုံတဲ့မြစ်တစင်းအဖြစ်
မေတ္တာတွေနဲ့ အေးငြိမ်းတောက်လောင်
အချစ်တွေ မှော်အောင်ပြခဲ့တော့
ကျနော့်ဘ၀မှာ
ဘယ်အလှတရားမှ ခေါင်းထောင်မပြရဲတော့ပါဘူး မေမေ။
မေမေခေါင်းချခဲ့တဲ့အရပ်ကို
ဦးချလို့
ခုထိ ပျံသန်းဖို့ မတက်နိုင်တော့တဲ့ကောင်ကို
ခွင့်မလွှတ်ပါနဲ့လေ
ဒါမှ
သားရင်တွေ မကွဲကြေရမှာ။
သားကိုနမ်းလိုက်တယ်မဟုတ်လား
ဘာဖြစ်လို့နှိုးမသွားရတာလည်းဗျာ
သားရင်ထဲကို အချစ်တွေနဲ့လာတွေ့ပုံက
တိတ်တဆိတ်နဲ့မို့
မေမေရေ …
မျက်ရည်တွေနဲ့ သားဘယ်လိုပြန်အိပ်ရမတုန်း။
(သင်္ဂြီုလ်ခွင့်မရလိုက်သော မေမေသို့ …)
တိုးသစ်
Labels:အတိတ်က မြိတ်သမိုင်း
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment