Friday, May 24, 2013

မငိုပါနဲ့  မိရှည်။



ဒုက္ခတွေနဲ့ စီချင်းထိုးရတဲ့အရပ်
ယုံကြည်ချက်တွေကိုသာ
ရင်မခုန်တတ်ရင်
ရူးပြီ။

ခေတ်ကိုပုခုံးနဲ့ ထမ်းမရလို့
နှလုံးသားနဲ့ ထမ်းလိုက်ရတာပါ။
လေးလံလွန်းလှပါတယ်။
ဘာများထူးစမ်းလို့ လဲကွယ်
အိမ်ထောင်သက်တလျှောက်လုံး
ကိုယ်က
အပူပြင်ဆုံးမ္မေတ္တာတွေ
အရက်စက်ဆုံးအချစ်တွေကို
ခွက်ဆင့်တိုက်ခဲ့သူလေ

မစို့မပို့ပျော်ရွှင်မှုလေးတချို့နဲ့
မိသားစုကိုဖြားယောင်းပြီး
နှစ်နှစ်ဆယ်လုံးလုံး
သောက ပူပူတွေကိုသာ
တနင့်တပိုးပေးအပ်ခဲ့သူ မဟုတ်လား။

ထွက်ပေါက်မျိုးစုံကိုအကြောင်းပြ
ဝါသနာတွေကို ဦးစားပေး
မင်းရဲ့ဆန္ဒတွေကို ထုချေခဲ့လို့
အိမ်ထောင်တာဝန်မကြေခဲ့သူလေ
ဒါတောင်-ကိုယ်ညံ့တာ-အကုန်မဟုတ်သေးဘူးနော်။

ဖအေမမြင်ဘူးခဲ့တဲ့သမီးကို
ဖခင်နဲ့အနီးဆုံးဆွဲယူပြခဲ့တဲ့
ရိုက်ချက်မျိုး။
ဘယ်မိခင်မျိုးက
တတ်နိုင်မတုန်း။

သုံးယောက်သာရှိတဲ့
ကမ္ဘာငယ်လေးကို
သာသာညှင်းညှင်းနဲ့ လည်ပါတ်စေခဲ့သူ။

ဝါဒရေး
လူမှုရေး
စီးပွားရေး
ချက်ဆိုနားခွက်ကမီးတောက်

မင်းက လက်ကုန်တော်လေ
ငါက ပုံပြင်ထဲက ငန်းပိုင်ရှင်လိုစဉ်းစားလေ
ဒါ---ဆန်းသလား။
သမီးကို သခင်
လင်ကို ဘုရား
ချစ်ခြင်းမေတ္တာကို အတိုင်းအဆမဲ့
မွမ်းမံပြရင်း
ဒါဏ်ရာတွေ
တခု ပြီး တခု ရတာတောင်
ရယ်မောဖို့  မမေ့ခဲ့သူလေ
မငိုပါနဲ့မိရှည်
နိုင်ငံရေးသမားတဦးရဲ့ ဇနီးဟာ
လောကဓံကို ပျက်လုံးထုတ်နိုင်ခဲ့
အရည်အချင်းလည်း
ရှိရမယ်မဟုတ်လား
ဝါဒရေး
နိုင်ငံရေး
ပုဂ္ဂိုလ်ရေး
ရောင်စုံစိတ်ကူးတွေနဲ့
ငါ့ရဲ့တာဝန်မကျေခဲ့တာတွေကို
စကားလုံးတွေနဲ့စွပ်စွဲလိုက်စမ်းပါ
ပုံရိပ်တွေနဲ့ပေါက်ကွဲလိုက်စမ်းပါ
နိုင်ငံရေးသမားတယောက်ရဲ့
အတ္တကြောင့်
မင်းရဲ့မျက်ရည်တွေကို
အလဟသမဖြစ်စေနဲ့ ကွယ်

လွမ်းစရာ၇ှိရင် နာစရာနဲ့ဖြေပါ
တတိုင်းပြည်လုံးဘေးသင့်နေတုန်းပါကွယ်
ကျေးဇူးပြု၍
ဒုက္ခတွေနဲ့ခဏလောက်
လက်ပွန်းတတီး
ရင်ခြင်းအပ်ဆက်ဆံပေးပါ

စစ်အာဏာရှင်တွေအောက်က
အားလုံလွတ်မြောက်တဲ့အခါ
မင်းစိတ်ရှိသလောက်
ငိုရပါစေ့မယ်။

တိုးသစ်။ ၂၀၁၃။မေလ(၂၄)။

1 comment:

Unknown said...

ဆရာ တိုးသစ်ရေ
ကဗျာ စဖတ်ဖတ်ခြင်း အားနိမိတ်ကောင်းတဲ့ နိမိတ်ပုံတွေ တော်အတန် ကျစ်လစ်တဲ့ အရေးအသားတွေနဲ့ အရသာခံမလို့ ပြင်ခါရှိသေးတယ် ထူးစမ်း ဆိုတာကြီးဖတ်မိတော့ လူတော် တွန့်သွားတယ်ထင်တာပဲ။ စာရိုက်တဲ့သူရဲ့အမှားနဲ့တူပါတယ်။
facebook ပေါ်မှာလည်း စာလုံးပေါင်းအမှားတွေ တော်တော်တွေ့ရတယ်။
အသုံးနည်းလို့ မှားတာတွေကတော့ ခွင့်လွှတ်လို့ ရသေးတယ်။
ထူးဆန်းကို ထူးစမ်းလို့ ဖတ်လိုက်ရတော့ အရှိန်ပျက်သွားတာပေါ့ ဆရာ။ ဒါပေမယ့် အဆုံးထိဖတ်ပြီး ဆရာပေးချင်တဲ့ message ကို ခံစားတွေးတော လို့ ရပါတယ်
ကျန်းမာပါစေဆရာ