Tuesday, August 6, 2013

ဒေါင်းတို့သမိုင်း မရိုင်းစေဖို့

(မြတ်ထက်)

“အိုးဝေ အိုးဝေ”နဲ့
ဒေါင်းတွေ ဒေါင်းတေ
များလှချေရဲ့
အမိမြေအတွက် ဟုတ်စ...။

မြင့်မြတ်တဲ့ဒေါင်း
ညစ်ပတ်တဲ့ဒေါင်း...။

မှန်ကန်တဲ့ဒေါင်း
အကြံအဖန်နဲ့ဒေါင်း...။

စာနာတတ်တဲ့ဒေါင်း
သာရာကပ်တဲ့ဒေါင်း...။

ဇွဲမလျှော့တဲ့ဒေါင်း
အသည်းပျော့တဲ့ဒေါင်း...။

သစ္စာရှိတဲ့ဒေါင်း
အပြစ်အနာအပြည့်နဲ့ဒေါင်း...။

တဏှာပြတ်တဲ့ဒေါင်း
အသပြာငတ်တဲ့ဒေါင်း...။

မိုးပေါ်တက်တဲ့ဒေါင်း
အကျိုးမျှော်မက်တဲ့ဒေါင်း...။

စိတ်ဓာတ်မပြယ်တဲ့ဒေါင်း
မိတ်ကပ်ခြယ်တဲ့ဒေါင်း...။

အသက်စွန့်တဲ့ဒေါင်း
လက်ရွံ့တဲ့ဒေါင်း...။

အရောင်မပြောင်းတဲ့ဒေါင်း
အတောင်ညောင်းတဲ့ဒေါင်း...။

အမှန်တရားဖော်တဲ့ဒေါင်း
ကံတရားမျှော်တဲ့ဒေါင်း...။

ပြောင်မြောက်တဲ့ဒေါင်း
အမှောင်ကြောက်တဲ့ဒေါင်း...။

ခွပ်လက်သွေးတဲ့ဒေါင်း
ဇွတ်ထွက်ပြေးတဲ့ဒေါင်း...။

ရေရှည်တိုက်တဲ့ဒေါင်း
တွေဝေငိုက်တဲ့ဒေါင်း...။

ပတ်ကြမ်းတိုက်တဲ့ဒေါင်း
ဖြတ်လမ်းလိုက်တဲ့ဒေါင်း...။

အနာခံတဲ့ဒေါင်း
အသာစံတဲ့ဒေါင်း...။

ကုဋေတသန်းတန်တဲ့ဒေါင်း
ခြေလှမ်းမမှန်တဲ့ဒေါင်း...။

နတ်လူအများ ကြည်ညိုတဲ့ဒေါင်း
ဇာတ်တူသား အဆီမျိုတဲ့ဒေါင်း...။

ခြင်္သေ့အသွင် ရင်ဆိုင်တဲ့ဒေါင်း
ပလ္လင်တွေ့လျှင် ဝင်ထိုင်တဲ့ဒေါင်း...။

ပြေဗမာအလို ပေးဆပ်တဲ့ဒေါင်း
ရေသာခို ဘေးကပ်တဲ့ဒေါင်း...။

အလို
ဒေါင်းပျို ဒေါင်းအိုတွေအကြား
ဒေါင်းဒလျှိုတွေကလည်း အများသား...။

ဒေါင်းအာဂ ဒေါင်းသဟာယတွေအလယ်
ဒေါင်းနာနာဘာဝတွေ ဘယ်က ရောက်လာပါလိမ့်...။

အုတ်ရောရော ကျောက်ရောရော
ဒေါင်းတော်လှန်ရေး မျောရချေရဲ့...။

ဒေါင်းအနာ ဒေါင်းအရိုင်းတွေကြောင့်
ဒေါင်းကမ္ဘာဒေါင်းသမိုင်း မပျက်စေဖို့
ရှေ့ဆက်ခရီးတခုအတွက်
ဒေါင်းအတု ဒေါင်းအယုတ်တွေကို
ပေါင်းစု မောင်းထုတ်ကြဖို့ အချိန်တန်ပြီ...။

လွတ်ကြောင်းဖွေရှာ
ခွပ်ဒေါင်းစေတနာနဲ့
ပြေရွာအေးချမ်းစေဖို့
ညီညာစွာ ဒေါင်းလက်တွေတွဲပြီး
အောင်ပွဲအလီလီ နွှဲနိုင်ရေးအတွက်
(ဒေါင်းသခင်တို့ရေ...)
အားခဲစေကြောင်း...။ ။

မြတ်ထက်
(၂၈၊ ၈၊ ၁၉၉၀)

No comments: