Tuesday, October 2, 2012

ကရင်ကရင် ဘယ်လိုထင် ~ စောက်ရမ်းပဒဲကော အရိပ်တွေမြင်



  ခေါင်းစဉ်ကြမ်းတော့ လန့်သွားကြမလား မသိဘူး ။
   အမှန်တော့ ကိုယ့်ဖင်ကိုယ်လှန်ပြရတာ သိပ်ကောင်းလှတယ်တော့ မဟုတ် ။ အထူးသဖြင့်
ကရင်လို ရေးဖို့အဆင်မပြေလို့ လူလယ်ခေါင်ထွက်ပြီး လှန်ရတာ ပိုမကောင်းတာတော့ အသေ
ချာ ။ ဒါပေမယ့် ဆိုရေးက ရှိလာခဲ့ပြီကိုး ။ 

 တစ်လောကတော့ မန်းရောဘတ်ဇံတစ်ယောက် ကလို့ထူးဘော ဥက္ကဌရာထူးကနေ ရွေ့
လျောသွားတယ် ။ (လင့်)
 ခုတစ်ခါ ဘားအံမှာ ဆက်ဆံရေးရုံးဖွင့်ဖို့ KNU နဲ့ KNLA တို့ သိပ်အဆင်ပြေကြပုံမရ ။ (လင့်)

   ဘာတွေ ဖြစ်နေကြပြီလဲ ။ အမြင်မတော်တော့လို့ တစ်ယောက်ထဲအမြင်ကို ပြောကြည့်ပါမယ် ။

   ကရင့်အဖွဲ့စည်းတွေ ခုလိုဖြစ်နေကြတာကို နွားကွဲရင်ကျားကိုက်မယ်တို့ ၊ ဟင်္သာကိုးသောင်း
ဇာတ်ခင်းတာတို့ ၊ စစ်အာဏာရှင်တွေက သွေးထိုးခွဲထုတ်တာတို့ဆိုတဲ့ ဖန်တစ်ရာ ရိုးအီနေတဲ့
စကားတွေနဲ့ မခိုင်းနှိုင်းချင်ဘူး ။

   အရှင်းဆုံးနဲ့ အတိုဆုံးပြောရရင် - လက်နက်ကိုင်တော်လှန်ရေး အဖွဲ့စည်းတစ်ခုမှာ နိုင်ငံရေး
ဦးဆောင်သူနဲ့ စစ်ရေးအကောင်ထည်ဖေါ်သူတွေဆိုတာ တွဲလျက်ရှိတဲ့ အမွှာပူးတွေခေါ်ခေါ် ၊
ချက်ကြိုးဆက်နေတယ် ပြောပြော ၊ ပိုင်းခြားလို့ မရစကောင်းဘူးဆိုဆို အတူတူပါပဲ ။

   ဒီတော့ ကွဲကြမယ် ခွဲကြမယ်ဆိုရင် ဘာနဲ့တူမလဲ ….
   ကျနော့်ကိုယ်ပိုင် အတွေးအရတော့ ဒီလိုကွဲတာဟာ ရုပ်နဲ့ နာမ် (ကိုယ်ခန္ဓာနဲ့ ဝိညာဉ်) နှစ်ခု
ကို ခွဲထုတ်လိုက်တာနဲ့ သွားတူပါတယ် ။

   အငွေ့သဘောဆောင်တဲ့ နာမ်ဟာ ဦးဆောင်မှုတွေ ပေးနိုင်ပေမယ့် ထိရောက်တဲ့ လက်တွေ့
လုပ်ငန်းတွေ ဖက်မှာတော့ မစွမ်းဆောင်နိုင်လှသလို ၊ တစ်ဖက်က ရုပ်ခန္ဓာဟာလည်း နာမ်ကို
ထုတ်လိုက်တဲ့အခါ ရုပ်ရှင်ထဲက Zombie တို့ Vampire တို့လိုပဲ စွမ်းအားအင်မတန်မြင့်ပြီး လွယ်
လွယ်နဲ့ ဖျက်ဆီးလို့မရပေမယ့် ၊ အသိမဲ့ အတွေးခေါ်မဲ့တာကြောင့် သူတို့အတွက်လမ်းဆုံးဟာ
တိုတတ်ပါတယ် ။

   မခွဲခြားကောင်းတာကို ခွဲခြားလိုက်တာနဲ့ နှစ်မျိုးလုံးရဲ့ ပျက်စီးရာလမ်းဟာ အာမခံချက်တွေ
ရှိသွားပါပြီ ။

"ပဿနာက သူတို့ကို လေးစား မှီခို မျှော်လင့်နေသူတွေ ၊ သူတို့ကိုယ်စားပြုတယ် ဆိုသူ
တွေနဲ့ သူတို့အပေါ် တည်မှီနေတဲ့ အနာဂါတ်တွေပါ ။"

   ဒါတွေကို အပြည့်အစုံထည့်မတွက်ပဲ ထင်ရာစိုင်းကြရင်တော့ ကျနော့်ခေါင်းစဉ်လို စောက်ရမ်း
ပဒဲကော အရိပ်အယောင်တွေ မြင်ရတယ်ဆိုတယ် လွန်မလား ။

 ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 
  ဖြစ်နိုင်ရင်တော့ အဖွဲ့စည်းတစ်ခုလုံးကိုခြုံပြီး စေတနာရှေ့ထား ပြောလိုက်ချင်ပါတယ် ။
  ဒါပေမယ့် လူကြီးသူမနဲ့ လက်လှမ်းမီသူတွေက အဖွဲ့စည်းမှာ ချွတ်ယွင်းချက်တွေ ဗလပွနဲ့မို့
ဘယ်ကစပြောရမှန်း မသိဘူးလို့ ဆိုသူတွေက များပါတယ် ။ ဒါကိုထောက်ပြီး ပြောချင်တိုင်း
ပြောလို့လည်း မကောင်းပြန်လေတော့ အပေါ်ယံလျှပ်ပြီးပဲ ပြောပါ့မယ် ။

  ပထမ ကွဲကွာခွဲခွာတယ်ဆိုတာ မဖြစ်ခင်ကပဲ ပိုကာကွယ်ဖို့ လွယ်ပါတယ် ။ အဖွဲ့စည်းတစ်ခု
အတွင်း တစ်ကဏ္ဍနဲ့တစ်ကဏ္ဍ လေးစားနားလည် ဖေးမကူညီမှုတွေ အပြန်လှန်ထားတဲ့ အလေ့
အထ ထန်းသိမ်းနိုင်ကြရင်တော့ အကောင်းဆုံးပေါ့ ။ “လူကိုဖယ်ပြီး မူကိုတည်”ရင် ကွာဟမှုတွေ
မစေ့စပ်နိုင်ရင်တောင် တစ်နေရာမှာတော့ အချင်းချင်း တွဲဆက်နေနိုင်ပါလိမ့်မယ် ။

  ခုမတော့ များမကြာခင်က အဖွဲ့စည်းကို ခပ်ကြပ်ကြပ်ဆုပ်ကိုင်မယ့်သူ မရှိတော့တာကြောင့်
ပွင့်လင်းပြီး အများအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် လမ်းကြောင်းသစ်တစ်ခုကို ဖန်တီးလျှောက်
လှမ်းဖို့ အခွင့်လမ်း ပွင့်ခဲ့တယ် ။ တစ်ကယ်တန်းကျ ဒီအခွင့်လမ်းကို လက်လွှတ်လိုက်ကြပြီး
ကိုယ်ပိုင်အစွဲတွေကို ရှေ့တန်းတင် လာကြသလား ။ တစ်မိသားစု ၊ တစ်ရွာ ၊ တစ်စုတစ်ဖွဲ့အ
ရေးတွေများ လုပ်နေကြသလား မေးခွန်းထုတ်ချင်စရာတွေ ဖြစ်လာပြီ ။ ဒါပေမယ့် ဒါတွေကို
ယိုးမယ်ဖွဲ့ပြီး နိုင်ငံရေးခေါင်းဆောင်မှုတွေကို စွန့်ပစ်လိုသူတွေရှိရင်တော့ ကိုယ့်လည်ပင်းကိုယ်
ကြိုးကွင်းစွပ်မိသလို မိုက်မဲရာကျပါလိမ့်မယ် ။

   တစ်ဖက်မှာကလည်း စစ်ရေးမှာ တာဝန်ထမ်းသူတွေဟာ ပေးဆပ်မှုအများဆုံး ရှိခဲ့ကြတဲ့အပိုင်း
ကို အသိမှတ်ပြုဖို့ လိုပေမယ့် ၊ ငါတို့သာ အရေးအပါဆုံး ငါတို့လုပ်ရင် အားလုံးဖြစ်တယ်လို့ စိတ်
ထားတွေများ ဝင်လာကြသလားလို့ သံသယဖြစ်စေတဲ့ အပြုမူတွေက မြင်လာရပြန်တယ် ။

  ဒီနေရာမှာ စစ်ရေးခေါင်းဆောင်တွေဟာ ပြည်မက စစ်အာဏာရှင်တွေ လုပ်ခဲ့သလိုပဲ “ငါတို့မှ
ငါတို့”ဆိုရင်တော့ အတော်ပြဿနာရှိလာပြီ ။ ကိုယ် ကိုယ်စားပြုဖို့ ကြိုးပမ်းနေသူတွေ ဒုက္ခရောက်
ခဲ့ကြရတဲ့ အကြောင်းရင်းကိုလျစ်လျူပြီး ၊ ကိုယ့်ကို ဒီအခြေနေရောက်အောင် ပို့ပေးခဲ့တဲ့သူတွေကို
အတုခိုးသလို ဖြစ်နေမှာသေချာတယ် ။ လက်နက်နဲ့ လုပ်နိုင်တဲ့အရည်ချင်း ရှိရုံနဲ့လည်း အားလုံး
ကို ကိုယ်စားမပြုပါ ။ ဒီကြားထဲ ပြည်သူတွေနဲ့ တိုင်ပင်ပြီးမှ လုပ်တာပါလို့ ဆင်ခြေပေးသူများပါ
ရှိလာရင်တော့ အတော့်ကို လွဲနေပြီလို့ ပြောရမယ် ။

  အရင်ပြောခဲ့ဘူးပါတယ် ။ ကရင်လူမျိုးတွေ အခြေချရာ နေရာတွေဟာ အများကြီးကွဲနေပါတယ်။
ပြည်တွင်းပြည်ပနဲ့ နယ်စပ်ဆိုပြီ အကြမ်းဖျင်းခွဲလို့ရရာမှာ ပြည်တွင်းမှာတောင် ရေမြေ ဆက်စပ်မှု
အရ တနင်္သာရီ ၊ မွန် ၊ ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းမှာ နေသူတွေနဲ့ ရန်ကုန် ၊ မြစ်ဝကျွန်းပေါ်နေသူ
တွေလို့ ထပ်ခွဲနိုင်တယ် ။ ပြည်ပမှာလည်း ထိုင်းနိုင်ငံတွင်းမှာတင် ရှိနေတဲ့ သိန်းချီတဲ့သူတွေနဲ့ အ
ခြားနိုင်ငံပေါင်းစုံကို ရောက်နေသူ တွေဆိုပြီး ခွဲနိုင်သေးတယ် ။

  သေချာတာက အဲဒီထဲက ကရင်စကားတတ်တတ် မတတ်တတ် ၊ ဒုံးကလို့တတ်တတ် မတတ်
တတ် ၊ ကိုယ့်ကိုယ်ကို ကရင်လို့ မသတ်မှတ်ပဲ အခြားလူမျိုး အခြားနိုင်ငံသားလို့ပဲ ခံယူယူ သူတို့ရဲ့
အသားရေ ၊ အလေ့ထ ၊ မေးရိုးကားကား ခြေသလုံးကြီးကြီးတွေကို ပြောင်းလဲလို့မရပါဘူး ။ သူတို့
ကိုယ်ကိုသူတို့ ကရင်လို့မပြောလဲ ကရင်တွေပါပဲ ။

  အဲဒီတော့ အဲသည်လူစုတွေထဲက ဘယ်အစုကို ဘယ်သူတွေက တိုင်ပင်ပြီးပြီလဲလို့ မေးစရာရှိ
လာတယ် ။ အချို့အဖွဲ့စည်းတွေက သူတို့ထိန်းချုပ်ရာမြေထဲမှာ လူထုကို မေးပြီးပြီ တိုင်ပင်ပြီးပြီ
လို့ ဆိုနိုင်ကြတယ် ။ ဟုတ်ပြီ .. ဒါဆို ကျန်တဲ့သူတွေကကော ကရင်တွေ မဟုတ်ကြတော့ဘူး
လား ။ ကျယ်ပြန့်တဲ့အမြင် ရဖို့ခက်နေတဲ့ နယ်မြေတစ်ခုက နယ်မြေခံလူထုကို တိုင်ပင်ရုံနဲ့ လူထု
တစ်ရပ်လုံး ၊ လူမျိုးတစ်မျိုးလုံးကို ကိုယ်စားပြုမယ့် စကားတွေ ပြောဖို့မဖြစ်နိုင်ဘူးဆိုတာ အထွေ
ထူး ရှင်းပြစရာလိုမယ်မထင်ဘူး ။ ဒါတွေဟာ ပကတိ သဘာဝတွေနဲ့ အရှိတရားတွေပဲ ။ ဒါတွေ
ကနေ သွေဖည်ချင်ရင်တော့ ဗိုလ်စောက်ရမ်းတွေလို့ပဲ ရှင်းရှင်း နာမည်တပ်ရတော့မယ် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~


   လုပ်ချင်ရာကို အရမ်းအရမ်းလုပ်ခဲ့ကြတဲ့ ဖြစ်ရပ်လေးနှစ်ခုကို နမူနာပြောချင်တယ် ။

   ပထမက စောဘဦးကြီးရဲ့ နောက်ဆုံးခရီးစဉ် ။
   သူ့ကို ရန်သူက ကျားကုတ်ကျားခဲ လိုက်ခဲ့သလို ၊ သူကိုယ်တိုင်ကလည်း နောက်ဆုံးကျည်ဆံ
တစ်တောင့်အထိ အကာကွယ်မယူပဲ မတ်တပ်ရပ်ရင်ဆိုင်ပြီး သူရဲကောင်းတစ်ယောက်ပီသစွာ စံ
နမူနာပြသွားခဲ့တယ် ။

   ဒီလိုခေါင်းဆောင်တစ်ယောက် အလဟဿဖြစ်အောင် ဘယ်သူတွေ လုပ်ခဲ့သလဲ ။ အတော်
များများက သစ္စာဖေါက် ကရင်တစ်ယောက်ကြောင့်ဆိုပြီး အပြစ်ဖို့ကြတယ် ။ မေးစရာက အဲသည်
သစ္စာဖေါက်ဆိုသူဟာ စောဘဦးကြီးကိုတောင်မှ သိခဲ့ရဲ့လား ။ နောက်တစ်ခုက အဲသည်လူက
ကရင်အချင်းချင်းကိုစိတ်နာပြီး ရန်သူတပ်ကို သတင်းသွားပေးရလောက်အောင် ဘယ်သူ ဘာ
အကြောင်းတွေက ဘယ်လိုတွန်းပို့ခဲ့သလဲ ။ အသေးစိတ်ကို နောင်ထွက်လာမယ့် မှတ်တမ်းစာ
အုပ်တွေမှာ ပါလာကောင်း ပါလာမှာမို့ အကျယ်မချဲ့ချင်ပေမယ့် လိုရင်းကတော့ စောဘဦးကြီးနဲ့
အတူလိုက်လာခဲ့သူတွေရဲ့ မဆင်မခြင် လုပ်ကိုင်ခဲ့မှုတွေကြောင့်ပါ ။

   ဒုတိယတစ်ခု ။
   ကရင်တော်လှန်ရေးရဲဘော်တစ်ယောက် ။ သူ့ရဲဘော်ရဲဘက် အချင်းချင်းတွေရဲ့ ရက်ရက်စက်
စက် စွပ်စွဲသတ်ဖြတ်တာကို ခံခဲ့ရတယ် ။ တိုက်တိုက်ဆိုင်ဆိုင် ကျောင်းကပြန်လာတဲ့ သူရဲ့သား
က အကွယ်အကာတွေနောက်ကနေ ချောင်းကြည့်ပြီး တွေ့သွားခဲ့တယ် ။ အကျိုးဆက်က လက်
နက်ကိုင်တော်လှန်ရေး မျိုးဆက်ဖြစ်တဲ့ ဒီကျောင်းသားလေး မြို့ပေါ်တက်သွားခဲ့တယ် ။ အရွယ်
ရောက်တော့ ရန်သူ့တပ်ထဲဝင်ပြီး တစ်သက်လုံး တာဝန်ကျေကျေ စစ်မှုထမ်းပေးခဲ့တော့တယ် ။
သူ့ရဲ့ သားသမီးတွေလက်ထက်မှာ ဒီအမုန်းမီး တန့်သွားခဲ့ပြီး ဘားအံ မဲဆောက်တွေမှာ ကျင်
လည်နေကြပေမယ့် မေ့ပျောက်ဖို့တော့ မဖြစ်နိုင်ပါဘူး ။ သေတစ်ပန် သက်တစ်ဆုံး ဒီအသိကို
သယ်သွားကြမှာပဲ ။

   ဒီဖြစ်ရပ်နှစ်ခုလုံးမှာ ဘယ်သူတွေက ဘယ်လိုလုပ်ခဲ့တာလို့ လုပ်ရပ်အတိကျတွေကို ဇာတ်ရှိန်
မြင့်အောင် စာမဖွဲ့ချင်ပေမယ့် ထင်ရာစိုင်းခဲ့ကြတဲ့ ကရင်တွေရှိခဲ့တယ်ဆိုတာ အရိပ်အမွက်တော့
ပုံပေါ်လိမ့်မယ်လို့ မျှော်လင့်တယ် ။

   ဒီတော့ ခုကော .. ဒီလိုစရိုက်မျိုးတွေ နောက်မှာကျန်ခဲ့ပြီလား … ဖက်တွယ်ပြီး ဆက်သယ်လာ
တုန်းလား ။ သေချာတာကတော့ ဖက်တွယ်ထားသူတွေ အတော်များများ ရှိနေသေးတာပဲ ။ ထစ်
ကနဲဆို သစ္စာဖေါက်လို့ စွပ်စွဲချင်ကြတယ် ။ ဒီလောက်နဲ့မပြီးပဲ အဲဒီလို အလွယ်သတ်မှတ်လိုက်
သူတွေအပေါ် ခြိမ်းခြောက်မှုတွေလည်း လုပ်တတ်ကြသေးတယ် ။ ဒီကြားထဲ ချောင်းနေတဲ့ ဒလန်
တွေက အဆင်းမှာ ဘီးတပ်ပေးလိုက်ရင် ရှူးရှူးရှားရှားနဲ့ အသိစိတ်တွေက ပျောက်ချင်ကြတယ် ။ 
ဒီတော့  ဒါတွေကို ပြောရင်းပြောရင်းနဲ့ နောက်ဆုံးမတော့ အေးအေးမနေနိုင်တဲ့ကိုယ်ပါ ထင်ရာ
စိုင်းသမားတွေထဲက တစ်ယောက်ဖြစ်ရပြီ ။

   ကရင်ရယ်လို့မှတော့မဟုတ် ၊ ဘယ်လူမျိုး ဘယ်ဘာသာကိုမှ မထိခိုက် မပျက်စီးစေချင်ပေမယ့် ၊
ကိုယ့်အရင်းချာမို့ နာနာထောင်းတော့ ခံရခက်သူတွေလည်း ရှိလိမ့်မယ် ။ ဒါပေမယ့် ချွတ်ယွင်းချက် ၊
အားနည်းချက်နဲ့ ကောင်းအောင်ပြင်ဆင် စရာတွေရှိရင် မြင်ရင် အချင်းချင်းပြောတာက ပိုသင့်တော်
တယ်လို့ ထင်တယ် ။ ရှမ်းတွေရဲ့အားနည်းချက်ကို ကရင်ကသွားပြောရခက်သလို ၊ ဗုဒဘာသာတွေ
လွဲချော်နေတာတွေရှိရင် ဟိန္ဒူတွေက ဝင်ပြောပေးဖို့ မသင့်သလိုပါပဲ ။ ဒီလိုအယူအဆတွေကို အ
ခြေခံပြီး ကိုယ့်ကရင်အဖွဲ့စည်းတွေအပေါ် တတ်နိုင်သမျှ ပွင့်ပွင့်လင်းလင်း ထောင်းထုတာကို နား
လည်ပေးနိုင်ကြမယ်လို့ မျှော်လင့်တယ် ။

=========================

   ဒီနေရာမှာ ပြီးခဲ့တဲ့ပို့စ်က မှတ်ချက်တစ်ခုကို ပြန်တင်ပြချင်တယ် ။

   သိလာကြုံလာခဲ့သမျှကို မူတည်ပြီး ခြုံငုံပြောရရင် -
ကရင်တွေဟာ အုပ်ချုပ်ရေးအဆင့်ဆင့်မှာ ဝန်ထမ်းကောင်းတွေဖြစ်ခဲ့တယ် ၊ ဒါပေမယ့်
နိုင်ငံရေးသမားကောင်းတွေ မဖြစ်ခဲ့ကြဘူး ။ စစ်တိုက်ကောင်းသူတွေဖြစ်တယ် ၊ ဒါပေ
မယ့် စစ်နိုင်အောင်တိုက်တတ်တဲ့ ဗိုလ်ချုပ်ကောင်းတွေ ဖြစ်မလာခဲ့ကြဘူး 
လို့ အကျဉ်းချုပ်ရပါလိမ့်မယ် ။

*************************************

   ဘယ်သို့ပင်ဖြစ်စေ မျှော်လင့်ချက်အားလုံး ကုန်ဆုံးနေသလားဆိုရင်တော့ … မကုန်သေး မဆုံး
သေးပါဘူးလို့ ဆိုရမယ် ။ ကံ ဥာဏ် ဝိရိယတွေအပေါ်မူတည်ပြီး သမိုင်းကို ပြင်ဆင်ဖို့ လမ်းကြောင်း
ပေးနိုင်တာလေးတွေ ရှိတယ် ။ သဘောထားသော်၎င်း လက်တွေ့သော်၎င်း ကွဲကွာခွဲခွာတယ်ဆို
တာကို ပေါင်းစုစည်းရုံးဖို့ အခွင့်လမ်းတစ်ခုအဖြစ် သဘောထားနိုင် အကောင်ထည်ဖေါ်လို့ ရနိုင်
တယ် ။

   အဲဒါတွေနဲ့ပတ်သက်ပြီး သီအိုရီ(ပုံသေနည်း)တစ်ခု ပြောပြချင်တယ် ။ “စနစ်တကျ ကစဥ့်
ကလျားဖြစ်ခြင်း” လို့ ခေါ်နိုင်ပါတယ် ။ ပုံပျက်ပန်းပျက်နဲ့ ဆက်စပ်လို့မရလောက်အောင် ကွဲပြား
ဖြစ်တည် လုပ်ကိုင်နေကြပေမယ့် အသေချာ ခြုံငုံသုံးသပ်မြင်နိုင်ရင် အရာရာဟာ သူ့အစုနဲ့သူ စ
နစ်တကျ ဘောင်အတိုင်းတာ တစ်ခုအတွင်းမှာသာ ပရမ်းပတာဖြစ်နေပြီး အားလုံးရဲ့ ဦးတည်ရာ
လမ်းကြောင်း ၊ သဘောသဘာဝနဲ့ ရလဒ်တွေမှာ တစ်ထပ်ထဲနီးပါး ရှိနေတတ်တဲ့ အခြေနေတစ်
ခုနဲ့ပတ်သက်လို့ ပုံသေနည်း အဆိုပြုချက်တစ်ခုပါ ။ တစ်စုတစ်စည်းထဲ ဘယ်လိုမှ မဖြစ်နိုင်ကြတဲ့
အနေထားမှာ ဖြစ်နိုင်ခြေ အနေထားဖြစ်စဉ်တစ်ခု လို့ဆိုနိုင်ပါတယ် ။

   ဆက်စပ်ပြောလို့ရတာက သေချာပြီး တူညီတဲ့တဲ့ ဦးတည်ချက်တစ်ခုဆီကို တစ်ညီတစ်ညွတ်
တည်း မဟုတ်ပေမယ့် တစ်ယောက်တစ်ပေါက် ထိထိရောက်ရောက် လုပ်ကိုင်ကြခြင်းအားဖြင့် အ
ဆုံးမှာ ပန်းတိုင်ဆီ အတူရောက်နိုင်တယ်ဆိုတဲ့ သဘောတရားပါ ။

   ဒီလိုပဲ လက်ရှိ လက်နက်ကိုင် တော်လှန်ရေးအပါဝင် အဖွဲ့စည်းတွေဟာ ကွဲတန်ကွဲ ခွဲတန်ခွဲ ၊
တစ်ခါတစ်ရံလည်း ပေါင်းတန်ပေါင်း စုတန်စုပြီး အင်အားစုကလေးတွေအနေနဲ့ အားကြိုးမာန်
တက် ရပ်တည်လုပ်ကိုင်ကြမယ်ဆိုရင် သွေးခွဲသပ်ရှိုသူတွေ ဘာမှမတတ်နိုင်လောက်အောင်
ရှုပ်ထွေးခက်ခဲတဲ့ အနေထားတစ်ခုကို ဖန်တီးနိုင်ပြီး ၊ အများနဲ့ အသင့်တော် အဆင်ပြေဆုံး ပန်း
တိုင်တစ်ခုဆီကို ရောက်နိုင်မှာပါ ။ ခနော်ခနဲ့ အိယောင်ဝါး ၊ အပြောနဲ့အလုပ် မညီသူတွေလည်း
နည်းနိုင်သမျှနည်းဖို့တော့ လိုမှာပေါ့ ။

   လက်လှမ်းမီသလောက် ပြောကြည့်တာပါ ။ မှားနိုင်သလို မပြည့်စုံတာလည်း အများကြီး ရှိမှာပါ ။
ခုလို အချိန်ကုန်ခံ လာဖတ်တာကိုပဲ ကျေးဇူးပါ ။


မန်းကိုကို
၀၂ ၊ ၁၀ ၊ ၂၀၁၂

No comments: