Monday, October 15, 2012

မီဒီယာများကို ၀မ်ပေါင် ကြေးနီကုမ္ပဏီ သတိပေး


2012-10-15
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို လုပ်ကိုင်ဆောင်ရွက်နေတဲ့ မြန်မာ ၀မ်ပေါင် သတ္ထုတွင်း တူးဖော်ရေး ကုမ္ပဏီနဲ့ မြန်မာ့စီးပွားရေးဦးပိုင် ကုမ္မဏီတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် အရေးအသားတွေ မီဒီယာတွေမှာ ဆက်လက် ဖော်ပြနေရင် တရားစွဲဆိုတော့မယ်လို့ ကုမ္ပဏီ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပက်သက်ပြီး မီဒီယာ တစ်ချို့မှာ ဖော်ပြနေတဲ့ သတင်းတွေဟာ ကုမ္မဏီနှစ်ခုစလုံးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့အတွက် တရားစွဲဆိုဖို့ စီစဉ်ရခြင်း ဖြစ်ကြောင်း၊ မြန်မာ ၀မ်ပေါင်သတ္တုတွင်း တူးဖော်ရေးကုမ္ပဏီရဲ့ အကြီးအကဲ မစ္စတာ ဂျင်းရီ (Mr. Geng Yi) က မြန်မာ စကားပြန်က တဆင့် ပြောခဲ့တာပါ။
“တမင်သက်သက် လုပ်ကြံသတင်းတွေကို မီဒီယာတွေမှာ ဖော်ပြနေတဲ့ အတွက် လုပ်ဖော် ကိုင်ဖော် ဦးပိုင် ကုမ္ပဏီရယ် ကျနော်တို့ ကုမ္ပဏီရယ် နောက်ပြီး ဒီပရောဂျက် တစ်ခုလုံးအတွက် နာမည် တော်တော်လေး ထိခိုက်ပါတယ်။”
ရန်ကုန်၊ လှိုင်မြို့နယ်မှာရှိတဲ့ ၀မ်ပေါင် ကုမ္ပဏီရုံးခန်းမှာ ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။
လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်း အတွက် မိုင်းခွဲတဲ့ အခါမှာလည်း ဗုဒ္ဓသာသနိက အဆောက်အအုံတွေနဲ့ ကိုက် (၄၀၀) ဝေးကွာတဲ့ အကြောင်း ဒီကနေ့ အောက်တိုဘာလ ၁၅ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ရှင်းလင်းပြသခဲ့ပါတယ်။

No comments: