Thursday, October 25, 2012

စိတ်ဆုံးဖြတ်ချက်တွေ မပြတ်သားလို့  ထိပ်တုံးခတ်ခံရတဲ့ အနာဂတ်မြစ်များ




စိတ်ဆုံးဖြတ်ချက်တွေ မပြတ်သားလို့  ထိပ်တုံးခတ်ခံရတဲ့ အနာဂတ်မြစ်များ


အချိန်မတန်ခင် သစ်ရွက်တွေလို ကြွေပြီးရင်း ကြွေ
ခေါင်မိုး မလုံတဲ့ အိမ်က အဖြစ်အပျက်များ သေပြီးရင်း သေ
ရုပ်သေးကြိုးပြတ် နေ့ ရက်တွေကို မီးလောင်တိုက် သွတ်သွင်းကြတော့
ရုပ်လုံးပေါ်လာစဲ ခါးသီးမှုများ ၊ မရပ်မနား ပွေ့ ဖက်နေကြတယ်..။

မရဲတရဲ  ကြိုးတန်းလမ်းလျှောက် စွှန့် စားခဲ့တော့
အကွဲကွဲ အပြဲပြဲ ထီးနန်းလဲ ပျောက် ၊ လမ်းမှားရောက်ခဲ့ဘူးတယ်..။
စက္ကူပေါ်က ရွှေရည်စိမ် ညီညွတ်ရေးတွေနဲ့ 
သွေးထွက်သံယိုမှုကို ပြည်ဖုံးကားချထားခဲ့ ရာဇ၀င်ဟာ 
အညတရ သူရဲကောင်းတွေကို ရက်လည်ဆွမ်းကျွေးတယ် ၊အမျှအတန်းပေးတယ်...၊
အာဇာနည်များအတွက် အလေးပြုတယ်..၊ အလံတစ်ဝက်လွှင့်တယ်...။
ဖောက်ပြန်သူတွေက စိတ်အေးလက်အေး သမိုင်းရေးနေတယ်..။
 
မကျေမနပ် ညိုညိုမဲမဲ တက်လာတဲ့ အတိတ် တိမ်တွေကို အကောင်းမြင် ၀ါဒနဲ့ ရေချိုး
အိမ်မက် ကမ်းခြေမှာ တယူသန်အစွဲတွေ စိတ်လှုပ်လှုပ်ရှားရှားနဲ့  အပမ်းဖြေ
ပြန်မပြောချင်တော့တဲ့ သံယောဇဉ်များကို စွန်တစ်ကောင်လို အဝေးမှာ လွှင့်တင်ရင်း
အမြီးအမောက်မတည့်မဲ့ စိတ်ကူးတွေတောင် နောက်ပြန်မလှည့်ချင်ဘူး ..။ 

အနုတ် လက္ခဏာနဲ့ အကြွေးတွေကို မမြင်ချင်ယောင်ဆောင် ခဲ့တယ်..။
တည့်တည့်တိုးဝင်လာတဲ့ ကျည်ဆံများအား ရှောင်ရှားချိန်မရလိုက်ဘူး..။
လမ်းမပေါ် ခြေကျင်လျှောက်နေပေမဲ့
 နောက်ဆုံးပေါ် ကားပေါ်က လူကို မမြင်ချင်ယောင်ဆောင်လို့ ဖြစ်တယ်..။
မတရားမှုများက အမာရွတ်နဲ့ ကိုယ့်ကို ဖြတ်တိုက်လာပြီဆိုရင်တော့
သစ္စာတရားလို ကွယ်ရာက လက်ပိုက်ကြည့်နေလို့ တော့ မဖြစ်ဘူး..။

ချိန်ခွင်လျှာ မညီမျှမှုတွေကို မျက်နှာမလွှဲ ရဲရဲကြည့်ပါ..။
လက်စွဲမှန်အိမ်က မီးဇာလို မသေခင် အချိန်ထိ ယုံကြည်ချက်အား ရဲရဲတောက်လောင်ပါ...။
စိတ်ဆုံးဖြတ်ချက်တွေ မပြတ်သားလို့ 
ထိပ်တုံးခတ်ခံရတဲ့ အနာဂတ်မြစ်များဖြစ်ခဲ့တယ်..။


အောင်ခိုင်မြင့်
၂၅ အောက်တိုဘာ ၂၀၁၂

( သေနတ်သံနှင့် အကြမ်းဖက်မှုများ ကင်းဝေးပြီး ရခိုင်ပြည်နယ် ၊ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ် ။ ရှမ်းပြည်နယ်အပါအ၀င် မြန်မာတပြည်လုံး ငြိမ်းချမ်းပါစေ...။ )

No comments: