Sunday, October 7, 2012

ငှက်အလှ ဘုရင် ရွှေးချယ်ပွဲကြီး



ဟိုးရှေးရှေးတုန်းက ကမ္ဘာပေါ်မှာ လွန်စွာ နက်ရှိုင်းကြီးမားတဲ့ တောအုပ်ကြီးတစ်အုပ်ရှိခဲ့တယ် ။ အဲဒီခေတ်တုန်းက တောထဲမှာရှိတဲ့ငှက်တွေဟာ သူ့အစုနဲ့သူ ရွာကလေးတွေပြုလုပ်ပြီးနေထိုင်ခဲ့ကြတယ် ။ စာကလေးတွေက တစ်ရွာ ဒေါင်းတွေကတစ်ရွာ ခိုတွေကတစ်ရွာ ကျီးကန်းတွေက တစ်ရွာ အစရှိသဖြင့်ပေါ့ ။ သူတို့ဟာ တစ်လမှာ တစ်ကြိမ်ဆိုသလို အစည်းအဝေးလည်းပြုလုပ်လေ့ရှိကြတယ် ။

တစ်ခုတော့ အစည်းအဝေးမှာတော့ စာကလေးငှက်က အကြံပေးတယ် ။ “ ငှက်အပေါင်းတို့ခင်ဗျာ ကျွန်တော်တို့ ငှက်တွေထဲမှာ ဘယ်သူအလှဆုံးဆိုတာကို ငှက်အလှ ဘုရင် ရွှေးချယ်ပွဲကြီး ပြုလုပ်ကြရအောင် သဘောတူကြပါသလား ” “ တူပါတယ်တူပါတယ် ” ကျန်တဲ့ငှက်အကုန်လုံးက အားတတ်သရော ထောက်ခံကြပေမယ့် ဒေါင်းတွေကတော့ မအီမသာနဲ့မျက်နှာမကောင်းရှာကြဘူး ။ ဒေါင်းငှက်တွေနေတဲ့ရွာမှာ စည်းကမ်းချက်တွေရှိနေခဲ့တယ်

အဲဒါကတော့ ဒေါင်းငှက်မှန်သမျှဟာ ကိုယ့်အလှကိုယ် ဒေါင်းအချင်းချင်း ဒေါင်းရွာ ထဲကလွဲ၍ ပြင်ပမှာ ပြသခွင့်မရှိ ။ ကိုယ်အမွှေးအတောင် အသားအရည် ဘယ်လောက်လှပသလဲဆိုတာကို ပြင်ပမှာပြသခွင့်မရှိ ။ အကယ်၍ ငှက်အချင်းချင်း ပြင်ပမှာ အဲဒီလို ဒေါင်းငှက်တွေက အမွေးအတောင်တွေကို ဖြန့်ပြီးပြသခဲ့ပါက ဒေါင်းယဉ်ကျေးမှုနဲ့မကိုက်ညီဘူးဆိုပြီး အပြစ်တင်ပြောဆို ရှံ့ချခံရလေ့ရှိတယ် ။ ဒီတော့ ရွာထဲက အမွေးအတောင်လှတဲ့ဒေါင်းငှက်တွေက ၀င်ပြိုင်ချင်လို့ သူတို့ ရွာက ဒေါင်းငှက်တွေအားလုံးနဲ့တိုင်ပင်ကြတယ် ။

“ ကျုပ်တို့တော့ ဒီပြိုင်ပွဲမှာ ၀င်ပြိုင်ချင်တယ်ဗျာ ဒါဟာ ငှက်အားလုံပြိုင်တဲ့ပြိုင်ပွဲဖြစ်သလို ကျုပ်တို့ဒေါင်းတွေဟာ ငှက်တွေအားလုံးထဲမှာ အလှဆုံးဆိုတာကိုပြသချင်တယ် ပြီးတော့ဒါက ရိုးရိုးပြိုင်ပွဲမဟုတ်ဘူးလေ ငှက်အလှ ဘုရင်ရွေးချယ်ပွဲဆိုတော့ ကျုပ်တို့ သာဝင်မပြိုင်နိုင်ရင်တော့ ငှက်တောတိုးတော့မှာမဟုတ်ဘူးဒီရွာကလေးထဲမှာပဲ မျက်စိပိတ်နားပိတ်နေကြရတော့မယ် ” အဲဒီလိုပြောတဲ့အခါ ရှေးရိုးစွဲ ယဉ်ကျေးမှုကို ထိမ်းသိမ်းချင်ပါတယ်ဆိုတဲ့မျက်စိပိတ်နားပိတ်ငှက်တွေက ၀င်ပြီးကန့်လန့်တိုက်ကြတယ် ။ “ ဒါလုံးဝမဖြစ်နိုင်ပါဘူး တို့ယဉ်ကျေးမှုနဲ့မကိုက်ညီကြပါဘူး ကျုပ်တို့လုံးဝသဘောမတူပါဘူး ” အစရှိသဖြင့် ၀ိုင်းဝန်းပြောဆိုကြတယ် ။ အဲဒီအထဲက တချို့ဒေါင်းငှက်တွေကလည်း ၀င်ပြိုင်ရမယ်ဒါဟာ သာမန်ပြိုင်ပွဲမဟုတ်ဘူး ဒေါင်းတွေအလှကို တောအုပ်ကြီးတစ်ခုလုံးသိအောင်ပြသရမယ် ယဉ်ကျေးမှုက ယဉ်ကျေးမှုပဲဒါယဉ်ကျေးမှု ဖောက်ပြန်တာမဟုတ်ဘူး စည်းမျဉ်းစည်းကမ်းအရ အားလုံးပါဝင်ယှဉ်ပြိုင်ရတာဖြစ်တယ် စသဖြင့် ထောက်ခံပြောဆိုခဲ့ကြတယ် ။

ဒါပေမယ့် ဒေါင်းတွေနေတဲ့ရွာဟာ ရှေးရိုးစွဲ မျက်စိ ပိတ်နားပိတ် တစ်ဖက်စွန်းငှက်တွေများတဲ့အတွက် ပြိုင်ချင်တဲ့ငှက်တွေဟာ ရှုံးနိမ့်သွားခဲ့ရတယ် ။ အဲဒီလိုနဲ့ ငှက်အလှဘုရင်ရွေးချယ်ပွဲပြီးစတင်ခဲ့ပါပြီ ။

ရွာအသီးသီးက ငှက်တွေဟာ တောအုပ်ကြီး အလယ်မှာရှိတဲ့ကွင်းပြင်ကြီးထဲ မှာ မိမိတို့ အမွေးအတောင်တွေကို အစွန်းကုန်ဖြန့်ကျဲလို့ လှပမှုစွမ်းရည်ပြိုင်ခဲ့ကြတယ် ။ ဒေါင်းတွေကတော့ ဘေးနားက ခပ်ကုပ်ကုပ်လေးသာကြည့်နေခဲ့ရတယ် ။ ပြိုင်ပွဲပြီးဆုံးတဲ့အခါ ဒေါင်းတွေလောက်တောင်မလှတဲ့ ငှက် တစ်ကောင်က ငှက်အလှ ဘုရင် ဆိုတဲ့ဘွဲ့ကို ဆွတ်ခူးခဲ့ပြီးတောအုပ်ကြီးတစ်ခုလုံးမှာရှိတဲ့ငှက်တွေရဲ့ ချီးမြှောက်မှုကိုခံခဲ့ရတယ် ။ ဒေါင်းတွေကတော့ ကိုယ့်ရွာကလေးထဲမှာပဲ ရိုးရိုးကုတ်ကုတ်ကလေးနေပြီး သာမန်ငှက်တွေလိုပဲ တစ်သက်လုံးဘာမှထူးခြားမလာပဲ နေထိုင်သွားကြရတော့တယ် ။

-------------------------------------------

လက်ရှိ ကျွန်တော်တို့ အခြေအနေဟာလည်း တောအုပ်ထဲကဒေါင်းငှက်တွေလိုဖြစ်နေခဲ့ရတယ် ။ တစ်ကမ္ဘာလုံးကပြိုင်ပွဲမှာ မြန်မာဟာ ကမ္ဘာ့အလယ်မှာ မယှဉ်ပြိုင်နိုင်စရာ ဘယ်လို အကြောင်းမှမရှိဘူး ။ ဒါပေမယ့်မျက်စိပိတ်နားပိတ် တစ်ဖက်စွန်းရောက်ပြီး ယဉ်ကျေးမှု စကားလုံကို ကိုင်သုံးလို့ ကိုယ့်ရွာကလေးမှာပဲ သာမန်ဘ၀မျိုးနဲ့နေချင်တဲ့ ဒေါင်းငှက်တွေလို ကိုယ်ဟာ လှပပေမယ့် ကိုယ့်အလှကို မပြသနိုင်အောင် ဖိအားပေးမှုမျိုးတွေနဲ့ကြုံတွေ့နေခဲ့ရတယ် ။

ယဉ်ကျေးမှုဆိုတာ

၁ ။ ရိုးရာ ပွဲတော်တွေမှာ မြန်မာ့ရိုးရာနဲ့အညီ ၀တ်ဆင်ရမယ် နေထိုင်ရမယ်ပြုမှုပြောဆိုရမယ် ( သီတင်းကျွတ် မီးထွန်းပွဲတော် ၊ သင်္ကြန်ရေကစားပွဲတော် စသဖြင့် ) အရက်မူးရူးပြီး ဒူးပြဲပေါင်ကွဲ တွေ နဲ့ အမြင်မသင့်တော်တာတွေမလုပ်ရဘူး ဘုရားပေါ်ကို လည်း အဲဒီလို အ၀တ်အစားတွေမ၀တ်ရဘူး သိမ်မွေ့စွာနေရမယ် ။
၂ ။ လူကြီးသူမကို မစော်ကားရဘူး လူကြီးသူမရှေ့မှာ အရိုအသေတန်စေမယ့် စကားမျိုးမပြောရဘူး မစော်ကားရဘူး ။
၃ ။ ဘုရားတရားသံဃာ မိဘဆရာ ငါးပါးကို စိတ်မှာ ရိုသေ၀ပ်တွားပြီး ဦးညွတ်ပူဇော်ရမယ် ။ လေးစားကျိုးနွံရမယ် ။
၎ ။ မြန်မာဟာ ကမ္ဘာ့နိုင်ငံအသီးသီးနဲ့ဆက်ဆံတဲ့အခါ မြန်မာ့ ထုံးတမ်းအစဉ်အလာကို လေးစားရမယ် ဖော်ထုတ်ရမယ် ။
၅ ။ လူအချင်းချင်းရိုင်းပင်းရမယ်ကူညီရမယ် မနှိပ်စက်ရဘူး မေတ္တာတရားကို ဦးထိပ်ထားပြီး ပရဟိတကို ဆောင်ရွက်ရမယ် ။

ဒါပေမယ့် ဒေါင်းအလှပြိုင်ပွဲလို ငှက်အားလုံးပါဝင်ဆင်နွဲတဲ့ပွဲမှာတော့ ပြိုင်ပွဲက သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်း ၀င်ပြိုင်ရမယ် ။ ဒါဟာ ယဉ်ကျေးမှုကို ဖောက်ဖျက်တာမဟုတ်သလို ယဉ်ကျေးမှုကို စော်ကားတာလည်းမဟုတ်ဘူး ။ တစ်ကမ္ဘာလုံးအတိုင်းအတာ ယှဉ်ပြိုင်တဲ့ပွဲမှာ မြန်မာ့အလှဟာ တခြားကမ္ဘာ့နိုင်ငံတွေထက်မညံ့ဘူး အားပေးမှု စည်းလုံးမှု မညံ့ဘူးဆိုတာ ပြသရမှာဖြစ်တယ် ။ အဲဒါကို ရွာထဲက မျက်စိပိတ်နားပိတ်နေတဲ့တခြားဒေါင်းငှက်တွေလို ဝေဖန်မှုတွေသာ ပါးစပ်ကတွင်တွင်ပြောမျက်လုံးစုံမှိတ်ပြီး ခေါင်းခါနေမယ်ဆိုရင်တော့ သင်လည်း ပုံပြင်ထဲက ရှေးရိုးစွဲ သာမန်ငှက်တစ်ကောင်ပါပဲ ။

သက်တန့်ချိုစိတ်ကူးပုံဖော်ရေးသားသည် ။

No comments: