Saturday, October 27, 2012

တပ်ပေါင်းစုနှင့်မြန်မာစစ်တပ် တိုက်ပွဲတွင် မြန်မာတပ်ဖွဲ့ ၃ ဦးကျဆုံး၊ ၈ ဦးဒါဏ်ရာရ


၂၇ ရက်၊ အောက်တိုဘာလ ၂၀၁၂ ခုနှစ်။
တိုင်းရင်းသားတပ်ပေါင်းစု စစ်ကြောင်းနှင့် မြန်မာတပ်ဖွဲ့ ခမရ ၅၀၁၊ ခလရ ၁၄၄ တပ်ဖွဲ့တို့သည် နမ့်ခမ်းမြို့နယ် စယ်နေနှင့် ဖာပြင် ကျေးရွာအကြားတွင် ထိပ်တိုက်ရင်ဆိုင်တွေ့ဆုံပြီး ၂၇ ရက် အောက်တိုဘာလ ၂၀၁၂ ခုနှစ် နံနက် ၉ နာရီ ခန့်မှ စတင်ကာ နေ့လည် ၂ နာရီခန့်အထိ ပြောက်ကျားတိုက်ပွဲငယ်များ ဆက်တိုက်ဖြစ်ပွားခဲ့ကြပြီး မြန်မာတပ်ဖွဲ့မှ အနည်းဆုံး ၃ ဦးကျဆုံးပြီး ၈ ဦး ဒါဏ်ရာရရှိကြောင်း သိရှိရသည်။
တိုက်ပွဲပစ်ခတ်သံများ ငြိမ်သက်သွားပြီးနောက် ညနေပိုင်းအချိန်တွင် ဒါဏ်ရာရရှိသူများကို မိုင်းဝီးဆေးရုံသို့ သယ်ဆောင်လာပြီး ဆေးကုသမှုခံယူနေသည်ဟု ဒေသခံများပြောကြားချက်အရ သိရှိရပါသည်။
K.I.A, S.S.P.P / S.S.A နှင့် T.N.L.A တို့ပါဝင်သည့် တိုင်းရင်းသားတပ်ပေါင်းစုသည် ထိုဒေသတခွင်တွင် နယ်မြေစိုးမိုးရေးအတွက် စည်းရုံးလှုပ်ရှားစဉ် မြန်မာတပ်ဖွဲ့နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ကြခြင်းဖြစ်သည်။
ထိုဒေသသည် ရွှေသဘာဝဓါတ်ငွေ့ပိုက်လှိုင်း ဖြတ်သန်းသည့် ဒေသဖြစ်ပြီး၊ မြောက်ဘက်တွင် ဘိန်းခြံစိုက်ပျိုးခြင်း၊ မူးယစ်ဆေးဝါးထုတ်လုပ်ခြင်းများပြုလုပ်သည့် ပန်ဆေးဒေသ တည်ရှိသည်။ ယမန်နေ့တွင်လည်း ပန်ဆေးပြည်သူ့စစ်နှင့် မြန်မာတပ်တို့ ပူးပေါင်းသည့်တပ်ဖွဲ့နှင့် တိုင်းရင်းသားတပ်ပေါင်းစုတို့ သာပန်ကုန်း-ရှောက်ပန်းကုန်းအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ယနေ့ညနေပိုင်းတွင် ထိုဒေသရှိ ရွှေသဘာဝဓါတ်ငွေ့ပိုက်လှိုင်း လမ်းမကြီးတလျှောက်တွင် မြန်မာတပ်ဖွဲ့များ အင်အားတိုးချဲ့နေရာယူထားကြောင်းနှင့် တိုင်းရင်းသားတပ်ပေါင်းစုဘက်မှလည်း အင်အားများဆက်လက်ဖြည့်တင်း ထားကြောင်း သိရှိရသည်။

သတင်းနှင့်ပြန်ကြားရေးဌာန
P.S.L.F / T.N.L.A

No comments: