Saturday, October 27, 2012

အသံထက်မြန်သော လေယာဉ် ထပ်မံစမ်းသပ်ပျံသန်းရန် အမေရိကန်စီစဉ်

Saturday, 27 October 2012

အသံ၏ မြန်နှုန်းထက် (၆)ဆမြန်သော လေယာဉ် စမ်းသပ် ပျံသန်းမှု မအောင်မြင်ခဲ့သည့်တိုင် နောက်တစ်ကြိမ် ကြိုးစားရန် အမေရိကန် စစ်တပ်က စီစဉ်ထားကြောင်း သိရသည်။

အမေရိကန် စစ်ဘက် အရာရှိများက လူလိုက်ပါခြင်း မရှိသော လေယာဉ် စီမံကိန်းကို ဆက်လက် လုပ်ဆောင်မည်ဟု ဗုဒ္ဓဟူးနေ့က အတည်ပြု
ပြောဆိုခဲ့သည်။ ထိုလေယာဉ်သည် အသံ၏ မြန်နှုန်းထက် (၆)ဆရှိသော Mach 6 (သို့မဟုတ်) တစ်နာရီလျှင် မိုင်(၃၆၀၀)နှုန်းထိပျံသန်းနိုင်မည်
ဖြစ်သည်။

B-52ဗုံးကြဲလေယာဉ် တစ်စင်းက လေထဲတွင် လွှတ်ပေးလိုက်ချိန်တွင် ယင်းX-51A Waveriderသည် မြန်နှုန်းမြင့်မားစွာ ပျံသန်းနိုင်ရန် ရည်ရွယ်ခဲ့သော်လည်း လေတပ်၏ စမ်းသပ်ချက်မှာ မအောင်မြင်ခဲ့ချေ။

အမေရိကန် စစ်တပ်သည် အသံလွန်မြန်နှုန်း နည်းပညာအပေါ် အာရုံစူးစိုက် လေ့လာနေပြီး ယင်းအနေအထားဖြင့် ကမ္ဘာတစ်ဝှမ်းရှိ
နေရာတိုင်းသို့ လျင်လျင်မြန်မြန် ထိုးစစ်ဆင်နိုင်ရန် ရည်ရွယ်ထားသည်။

လွန်ခဲ့သော (၂)လက စမ်းသပ်မှုတွင် X-51A လေယာဉ်ကို
(၃)ကြိမ်မြောက်အဖြစ် စမ်းသပ်ခဲ့ရာ ထိန်းသိမ်းမှု စနစ်တွင်
ပြဿနာ ပေါ်ခဲ့ပြီး ဟန်ချက်ပျက်ကာ ကယ်လီဖိုနီးယားတောင်ပိုင်း ကမ်းခြေတွင် ပျက်ကျခဲ့သည်။

မည်သို့ပင်ဖြစ်စေ B-52မှ လွှတ်ပေးလိုက်ချိန်တွင် Mach 4.8ထိ
မြန်နှုန်းရောက်ရှိအောင် ပျံသန်းခဲ့ခြင်းအတွက်မူ လေတပ် အရာရှိများက ကျေနပ်လျှက်ရှိသည်။

လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ မည်သည့် လေယာဉ်မှ အသံ၏ မြန်နှုန်း
(၆)ဆဖြစ်သော Mach 6ထိ ရောက်အောင် မစွမ်းဆောင်နိုင်သေးချေ။ (၂၀၁၀)ပြည့်နှစ်က ပထမဆုံး စမ်းသပ်ပျံသန်းမှုတွင် X-51Aသည်
Mach 5မြန်နှုန်းတွင် (၃)မိနစ်ကြာ ပျံသန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

Source: Yahoo
Planet Myanmar Network

No comments: