Monday, October 15, 2012

မွန်ဒီမိုကရေစီပါတီ အလုပ်ရုံဆွေးနွေးပွဲကျင်းပ


Tuesday, October 16, 2012

မွန်ဒီမိုကရေစီပါတီ (MDP)ဥက္ကဌ နိုင်ငွေသိမ်းဦးဆောင်၍ မိမိပါတီ၏ ဗဟို
အလုပ်အမှုဆောင် ကော်မတီဝင်များအား ၃ ရက်ကြာအလုပ်ရုံဆွေးနွေး
ပွဲတစ်ရပ် မော်လမြိုင်မြို့တွင် ပြုလုပ်နေကြောင်း သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံရေး၊ ဖွဲ့စည်းပုံးအခြေခံဥပဒေ၊ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီနှင့်အခြားသော ဥပဒေပိုင်းဆိုင်ရာ လုပ်ထုံး
လုပ်နည်းများကို
ဆွေးနွေးခဲ့ကြပြီး မွန်ဒီမိုကရေစီပါတီ ဗဟိုကော်မတီဝင်
၅၂ ဦး တက်ရောက်နေကြသည်ဟုလည်း ဗဟိုအလုပ် အမှုဆောင်
ကော်မတီဝင် နိုင်စိုးမြင့်က ပြောသည်။

၎င်းက "ဥက္ကဌအဓိကထားပြီး ဦးဆောင်ဆွေးနွေးသွားတာက ဖွဲ့စည်း
အုပ်ချုပ်ပုံအခြေခံဥပဒေနဲ့ ဖက်ဒရယ် ပြည်ထောင်စုနှစ်ခုအကြောင်းပေါ့၊ ဒီအကြောင်းတွေ စာစောင်ဖြန့်ဝေပေးထားတယ်၊ အဲဒီအပေါ်မှာ ကျနော်တို့ အပြန် အလှန်ဆွေးနွေးကြတာဖြစ်တယ်" ဟု ပြောသည်။

ယခုပြုလုပ်နေသည့် မွန်ဒီမိုကရေစီပါတီ၏ပထမဆုံးအကြိမ်အလုပ်ရုံ
ဆွေးနွေးပွဲကို ပါတီဗဟိုဌာနရုံးချုပ်၌ အောက်တိုဘာလ ၁၄ ရက်နေ့မှ
၁၆ ရက်နေ့အထိ သုံးရက်ကြာပြုလုပ်သွားမည်ဟု ၎င်းကဆက်ပြောသည်။

မွန်ဒီမိုကရေစီပါတီ MDP သည် ပြီးခဲ့သောဇူလိုင်လ ၁၀ ရက်နေ့မှစ၍ နိုင်ငံရေးမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း
နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက် အမှတ်(၃၄/၂၀၁၂)ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ရရှိပြီးနောက် နေပြည်တော်ရွေးကောက်ပွဲကော်မရှင်သို့ ယခုလ ဆန်းပိုင်းတွင် ပါတီဝင်ဦးရေ တစ်ထောင့်ခြောက်ရာကျော်
စာရင်းကို တင်သွင်း၍ မှတ်ပုံတင်လျှောက်ထားပြီးပြီဟု ပါတီအထွေထွေ
အတွင်းရေးမှူး ဒေါက်တာမင်းစိုးလင်းက ပြောသည်။

မွန်ဒီမိုကရေစီပါတီ(MDP)သည် ယခင်မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ (MNDF)အမည်ဖြင့် ၁၉၉၀ရွေးကောက်ပွဲ တွင် ၅ နေရာ အနိုင်ရရှိခဲ့သော်
လည်း ရွေးကောက်ပွဲရလာဒ်ကို ယခင်စစ်အစိုးရက အသိအမှတ်မပြုပဲ ပါတီခေါင်းဆောင်များကို ဖမ်းဆီးထောင်ချခဲ့သည်။

မွန်အမျိုးသားဒီမိုကရေစီအဖွဲ့(MNDF) သည် ၂၀ဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ
အခြေခံဥပဒေကိုလက်မခံသဖြင့် ၂၀၁၀ ရွေးကောက်ပွဲကိုဝင်ရောက်
ယှဉ်ပြိုင်ခြင်း မပြုခဲ့သော်လည်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
(MDP) ပါတီက ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်သဖြင့် ယခုအခါ
မွန် ၂ ပါတီဖြစ်ပေါ်လာသည်ကို တွေ့ရှိနေရသည်။

မွန်သတင်း

No comments: