Monday, October 22, 2012

မြန်မာအလှမယ် နန်းခင်ဇေယျာ ၊ ဘလော့ဂါ ကျနော် နှင့် ဘ၀တစ်ကွေ့ မှာ ကြုံတွေ့ ခဲ့သော နိုင်ငံတကာရောက် တော်လှန်ရေး သူငယ်ချင်းမိတ်ဆွေများ (၁ - ၂ )

မြန်မာအလှမယ် နန်းခင်ဇေယျာ ၊ ဘလော့ဂါ ကျနော် နှင့် ဘ၀တစ်ကွေ့ မှာ ကြုံတွေ့ ခဲ့သော နိုင်ငံတကာရောက် တော်လှန်ရေး သူငယ်ချင်းမိတ်ဆွေများ

မြန်မာအလှမယ် နန်းခင်ဇေယျာ ၊ ဘလော့ဂါ ကျနော် နှင့်
 ဘ၀တစ်ကွေ့ မှာ ကြုံတွေ့ ခဲ့သော နိုင်ငံတကာရောက် တော်လှန်ရေး သူငယ်ချင်းမိတ်ဆွေများ

မြန်မာအလှမယ် နန်းခင်ဇေယျာသည် Miss Internet ဆုနှင့် People Choice Award ဆုနှစ်ဆုရရှိခဲ့မှု အပေါ် မြန်မာတိုင်းရင်းသား မိဘနှစ်ပါးကမြန်မာပြည်မှာ မွေးဖွားပြီး မြန်မာပြည်ကို ( ၂၄ ) နှစ်တိုင် ပြန်ခွင့်မရသေးသော ကျနော်လို  မြန်မာနိုင်ငံသား တစ်ဦးအနေနဲ့ မြန်မာပြည်သူပြည်သားများနှင့် အတူ အတိုင်းမသိ ၀မ်းမြောက်ဝမ်းသာဖြစ်လျက် ကြည်နူးရပါသည် ။
 အခုလို ဆုရရှိခြင်းသည် လှပ ကျော့ရှင်း နန်းဆန်တဲ့မြန်မာအလှမယ် နန်းခင်ဇေယျာ၏ ပင်ကိုယ်စွမ်းရည်နှင့် သူမရဲ့ ကြိုးစားမှုကြောင့် ဖြစ်သလို တကမ္ဘာလုံးရှိ  မြန်မာပြည်သူပြည်သားများ၏ မဲပေး အားပေးမှုကြောင့်ဆိုလည်း မှားမည် မထင်ပါ။

 
ပြည်တွင်း ပြည်ပ ရှိ မျိုးချစ် မြန်မာများ၏ နေ့  မအား ညမ အား မနားမနေ Vote မဲပေး နေမှုကို ပြည်တွင်းပြည်ပ အင်တာနက် စာမျက်နှာများ ၊ ဘလော့များ၊ ဖေ့ဘုတ်စာမျက်နှာရှိ လူမှုကွန်ယက်များ ၊ မီဒီယာများမှာတွေ့ ရပါသည်.။မြန်မာပြည်ကို ချစ်သူများ၏စည်းလုံး ညီညွတ်ခြင်းရဲ့ အကျိုး ရလဒ်ကို လက်တွေ့ ကျကျ ပြသလိုက်တာလည်းဖြစ်ပါသည်.။ ( စကားချပ် . ဒီလိုသာ အင်တာနေရှင်နယ် မယ်ကို လစဉ်မဲပေးကာရွေးချယ်နေလျှင် ကွန်ပြူတာနားမှ မခွာပဲ နေ့ ရော ညရော ကိုယ့်မြန်မာအနိုင်ရရေးအတွက် သဲကြီးမဲကြီး မဲပေးနေမိသဖြင့် မြန်မာမယ်သည်.ကို ယ့်သမီးအရွယ်ဖြစ်ပေမဲ့ ကြီးမှဝက်သက်ပေါက်သည်ဟု အတူတူနေသော ချစ်ဇနီးမယားမှ အထင်လွဲကာ ကျနော်တို့ ပြည်ပရောက် မြန်မာလင်မယားများ ကွဲနိုင်ကြောင်း ထင်မြင်ယူဆမိပါသည် ။ )
ကျနော် ကိုယ်တိုင်လည်း   ခေတ်ဆိုးက တွန်းပို့ သဖြင့် နိုင်ငံရေးနှင့်ပတ်သက်သော ကဗျာတွေ ဆောင်းပါးတွေ ရေးနေရာမှ မယ်မြန်မာနှင့်ပတ်သက်သော ပုံများနှင့် ဘလော့စာမျက်နှာများ ၊ ဖေ့ဘုတ်စာမျက်နှာများမှ မဲပေးဖို့ နေ့ ညမအား လှုံဆော်နေခဲ့ ရာ ဒီလူတော့ လိုင်းပြောင်းသွားပြီဟု အထင်ရောက်မှာလည်း စိုးရိမ်မိပါသည် ။
၂၀၀၇ေ၇ွှဝါရောင်တော်လှန်ရေး မြန်မာပြည်တွင် ဖြစ်ပွားခဲ့စဉ် ကနေဒါနိုင်ငံ မြို့ တော် အိုတာဝါ မြို့  မြန်မာသံရုံ့းရှေ့ တွင်တိုင်းရင်းသားပေါင်းစုံနှင့်အတူ ပူးပေါင်းလျက် ဦးဆောင် ဆန္ဒပြခဲ့ပါသည် ။ထို့ အပြင်  ပြည်တွင်းမှ သတင်းအချက်အလက်များကို ဖော်ပြရန် ဘလော့လုပ်ဆောင်ရင်း ဘလောဂါတစ်ယောက်ဖြစ်ခဲ့ပါသည်။ ဘလော့ လုပ်ခါစတွင် အကြောင်းအမျိုးမျိုးကြောင့် သတင်းအချက်အလက်များကို သတင်းဌာနများမှ ရယူခဲ့သလို ပြည်ပ ပြည်တွင်းရှိ အီးမေးများမှ ရရှိသော ခိုင်လုံသော သတင်းများကိုရယူကာ ဘလော့မှာ တင်ပြခဲ့သည် ။ထို့ နောက် ဘန်ကောက်တွင် အတူတူ နိုင်ငံရေးလုပ်ဖော် ကိုင်ဖက်ဖြစ်သော ကိုညီညီအောင်သည် မြန်မာစစ်အစိုးရ၏ မတရားဖမ်းဆီး ထိမ်းသိမ်းခံရသော အခါ နိုင်ငံတကာသို့ ရောက်နေကြသော  တော်လှန်ရေး နိုင်ငံရေး သူငယ်ချင်းမိတ်ဆွေများကို ဖုန်းဆက်ပြီး FREE NYI NYI AUNG Campaign ကို ဘလော့မှာ တင်ပြီး အားလုံး၏ နာမည်များအားဘလော့မှာဖော်ပြခဲ့ပါသည် ။ ကိုမင်းကိုနိုင်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး FREE ALL POLITICAL PRISONERS IN BURMA Campaign ကို၎င်း ၊ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး FREE DAW AUNG SAN SUU KYI Campaign ကိုလည်း ဘလော့မှာ လုပ်ဆောင်ခဲ့ပါသည် ။ ယခင် စစ်အစိုးရသည် တော်လှန်ရေး နိုင်ငံရေးလုပ်ဆောင်သူများအားနည်းမျိုးစုံဖြင့် ဖိနှိပ် လုပ်ဆောင်ခဲ့ရာ ထိုအချိန်အခါက ဒုလက်ထောက်တိုင်းမှူး (လူဝင်မှု ကြီးကြပ်ရေး ) ဖြစ်သော ဖခင်အားနယ်ပြောင်းပစ်ခြင်း ၊ ပင်စင်ပေးခြင်း ၊ဒီမိုကရေစီရေးနှင့် မည်သို့ မျှ မပတ်သက်သော ကျနော့ ညီအား ဒုလက်ထောက် မြို့ နယ်မှူး ( လူဝင်မှု ကြီးကြပ်ရေး ) ရာထူးမှဖြုတ်ပစ်ခြင်း ၊စသော ဖိအားပေးနှိပ်ကွပ်မှုများသည်လည်း ကျနော်ဘလော့ဂါ ဖြစ်စေရန် တတပ်တအား တွန်းပို့ သည့်အရာများ ဖြစ်ပေလိမ့်မည် ။   ဘလော့ကို လုပ်ဆောင်စဉ်က တစ်နေ့ ကို အယောက် ( ၂၀ ) လောက်လာရောက်လည်ပတ်ခဲ့ကြပေမဲ့ ( ၅ )နှစ်ကျော် ( ၆ )နှစ်နီးပါး တစိုက်မတ်မတ်လုပ်ဆောင်ခဲ့ရာ ယခု အခါ နေ့ စဉ် ဘလော့ကို လာရောက်လည်ပတ်သူ ( ၂၀၀ )ကျော် ( ၃၀၀ )နီးပါးရှိနေပါသည်။ကျနော်သည် ဘလော့တွင် ကြော်ငြာများထည့်ပြီး ငွေကြေးရယူဖို့ ဘယ်သောအခါမျှစဉ်းစားမည် မဟုတ်သလို ဒီမိုကရေစီရေးအတွက် အသက်ပေးလှူခဲ့သူများ၏ မျက်နှာကို အမြဲမြင်ယောင် သတိယရင်း အတိတ်ကို ပြန်လည်တွေးနေမိပါသည် ။
အဘယ်ကြောင့် ဆောင်းပါးများ အရေးကြဲ သွားသလဲ ဆိုသော စောင့်မျှော်နေသည့် စာဖတ် ပရိတ်သတ်ကို အသိပေးလိုသည်မှာကျနော်တွင် နှစ်ပေါင်းများစွာ ကပ်ငြိနေသော ဆီးချိုရောဂါ ၊ အသည်းရောင်အသားဝါရောဂါ ၊ဝေဒနာများကို ခံစားနေရပြီး ဆေးကို သောက်လိုက် ဖြတ်လိုက်လုပ်ခါ ပြင်းထန်သော ဆေးဝါးများနှင့် နပမ်းလုံးနေရသောကြောင့် ဖြစ်ကြောင်း ပြောကြားလိုပါသည် ။
  ( ၈၈၈၈ )ဒီမိုကရေစီ အရေးတော်ပုံကာလပြီး နောက် တောခို စဉ်အခါတွင် တောထဲမှာ  အစားအသောက် အနေအထိုင်ဆင်းရဲခြင်းများ ၊ ထိုင်းနိုင်ငံ ထောင်တွင် နိုင်ငံရေးမှုဖြင့် အကြိမ်ကြိမ် ထောင်ကျခဲ့မှုများသည် မှ ရခဲ့ဟန်ရှိသော ရောဂါများသည် အခုမှ စုပေါင်းပြီး တိုက်စစ်ဆင်တာ ကျနော့မှာ အလူးအလဲ ခံနေရပါသည်။ ကိုယ့်ကိုကိုယ်ဖော် မသူတော်လို့ ပြောသည့် စကားကို တစ်ခါတစ်ခါ ပြန်လည် သုံးသပ်စစ်ဆေးစေလိုသည်မှာ ယခုလို ခေတ်ဆိုးထဲမှ ရုန်းထွက်သော ကာလမှာ ကိုယ့်အကြောင်းကို သိသော သူများ ကွယ်လွန်သေဆုံးခဲ့ခြင်းကြောင့်ဖြစ်စေ ၊ နှစ်ရှည် ဖမ်းဆီး ထောင်ချ အထိမ်းသိမ်းခံနေရသောကြောင့်ဖြစ်စေ ၊ ကိုယ့်အကြောင်းမှ ကိုယ်ဖော်ပြမပြောလျှင် မည်သူသည် အရေးအဖက်လုပ်ပြီး ပြောမည်နည်း ဟူသော ကိစ္စရပ်ဖြစ်ပါသည် ။

 မှတ်မှတ်ရရ ထိုင်းနိုင်ငံတွင် နိုင်ငံရေးမှုဖြင့် ထောင်ကျမှုများကို စိတ်ဖြင့်ရေတွက် ကြည့်ရာ  ထိုင်းနိုင်ငံ ဘန်ကောက်တွင် ထိုင်းကျောင်းသားများ ၊ ထိုင်း NGO များနှင့်အတူတူ ကျင်းပ ပြုလုပ်သော  မြန်မာပြည်တွင် ပြုလုပ်မည့် ရေကာတာများ ဆောက်လုပ်မှုဆန့် ကျင်ရေး အစည်းအဝေး၌ ကိုမောင်မောင်သန်း( သြစီ ) ၊ ကိုစိုးလွင် ( သြစီ ) ၊ မလေးလေးနွယ် ( ကနေဒါ ) ၊ ကိုကြည်ဌေး ( USA )တို့ နှင့်တစ်ကြိမ် ၁၉၉၃ ၀န်းကျင်က ဖမ်းဆီးခံခဲ့ရမှုကိုလည်း အမှတ်ရနေသေးသည် ။
  ထိုင်းနိုင်ငံတွင် ဆူချင်ဒါ ဦးဆောင်သော စစ်တပ်မှ စစ်အာဏာသိမ်းခဲ့စဉ်၌ ထိုင်းကျောင်းသား အဖွဲ့ အစည်းများနှင့် အတူတူဆန္ဒပြခဲ့မှုကြောင့် ထိုင်းစစ်တပ်မှ ဘန်ကောက်ရှိ နေထိုင်ရာ အိမ်ကို ထိုင်းစစ်တပ် ၊ ထိုင်းထောက်လှမ်းရေးများက ၀ိုင်းဝန်းဖမ်းဆီးစဉ် ကိုတင်မောင်ဌေး ( ကိုငှက်ကြီး ) ၊ ကိုမင်္ဂလာ ( ကိုဇော်နေယျ ) ၊ ကိုငြိမ်းငြိမ်း ( ကရင်ကြီး ) တို့ နှင့်အတူတူ ဖမ်းဆီးခံခဲ့ရသည် ။ လူကသာ တောထဲမှ တက်လာပြီး ငှက်ဖျားအကြိမ်ကြိမ် ဖြစ်ကာ လူရုပ် မပေါက်ပေမဲ့ လူ့ အခွင့်အရေးတော့ လိုချင်သေးသော ဆန္ဒ၏ တိုက်တွန်းမှုကြောင့်ဖြစ်သလို ငယ်ရွယ်စဉ်က စွဲစွဲလန်းလန်းဖတ်ခဲ့သော ချေဂွေဘားရာကို အားကျကာ ထိုင်းနိုင်ငံကိုလည်း စစ်အာဏာရှင် စနစ်လက်အောက်မှ လွတ်မြောက်လိုမှုကြောင့် ထိုင်းကျောင်းသားများနှင့် အတူ ပါဝင်ဆန္ဒပြခဲ့သည်လည်း ဖြစ်မည် ထင်ပါသည် ။ မြန်မာပြည်လို နေရာမျိုးမှာ ယခုလို တိုင်းတစ်ပါးသားကသာ နိုင်ငံရေးလှုပ်ရှားမှုတွင် ပါဝင် ပတ်သက်လျှင် ထောင်နှစ်ရှည် ကျခံရမည်လား မသိပါ။ ထိုင်းနိုင်ငံတွင်တော့  ထိုင်းဘုရင်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာရာ ကံကောင်းချင်၍ ဒီတစ်ခေါက်ဖမ်းဆီး ခံရမှုသည် ထိုင်းအချုပ်တွင် သိပ်မကြာလိုက်ပါ ။
ထိုအချိန်က ထိုင်းအစိုးရမှ မြန်မာကျောင်းသားများကို မြန်မာစစ်အစိုးရလက်ထဲ လွှဲပြောင်းပေး မှုများရှိနေရာ ရနောင်းမှ ကော့သောင်းသို့ အကူး လှေပေါ်တွင် ကိုယ့်ကိုကိုယ် ချွန်ထက်သော ဇွန်းဖြင့်ထိုးကာ သေကြောင်းကြံခဲ့သော ကိုအောင်ထွန်း ( နော်ဝေ )အမှုက ခေတ်စားနေသောအချိန်လည်းဖြစ်သည် ။ တစ်ချိန်တည်းတွင် ကုလသမဂ လက်အောက်ခံ ဒုက္ခသည်ဟု အသိအမှတ်ပြုခံထားရသော မြန်မာကျောင်းသားများစွာသည် ထိုင်းအစိုးရ၏ တရားမ၀င်ဝင်လာသူများဟု သတ်မှတ်ကာ ဖမ်းဆီးထိမ်းသိမ်းခံနေခဲ့ရသည် ။ ဒီနေရာ၌ သေချာတာ တစ်ခုက နိုင်ငံရေးကို  ပြည်တွင်း ၊ တောတွင်း ၊ပြည်ပ မည်သည့်နေရာတွင် လုပ်စေ လွယ်ကူသော ကိစ္စမဟုတ်ပဲ အခက်အခဲ အကြပ်အတည်း မျိုးစုံကို ရင်ဆိုင်တွေ့ ကြုံရစမြဲဖြစ်ပါသည် ။ ရန်သူက ဟ ပေးသော ညီညွတ်ရေးပြိုကွဲမည့် အက်ကြောင်းထဲ မ၀င်ပဲ  ဒီမိုကရေစီကို ချစ်မြတ်နိုးသူချင်း ပြည်တွင်း ပြည်ပ ညီညွတ်ရေးသည် အထူးအရေးကြီးကြောင်း သတိချပ်သင့်ပါသည် ။ 

ထိုင်းအစိုးရမှ ဖမ်းဆီးခံမြန်မာကျောင်းသားများကို မြန်မာစစ်အစိုးရလက်ထဲ လွှဲပြောင်းမှုကို မြန်မာကျောင်းသားကျောင်းသူ ( ၃၈ ) ယောက်နှင့်အတူဆန္ဒပြစဉ် တစ်ကြိမ် ဖမ်းဆီးခံရသည် ။ ၄င်း ( ၃၈ ) ယောက်တွင်ပါဝင် သော ကိုစိုးလွင် ၊ ကိုညီညီအောင် ၊ ဖိုးသက် ၊ မမြင့်မြင့်စန်း ၊ကိုစိုးစိုး ၊ ဖွားဖွား ( မယဉ်ယဉ်ဌေး) ၊ ကိုငြိမ်းချမ်း ၊ ကိုမင်းနိုင်အောင် ၊ ကိုမိုးမြင့် ၊ကိုလင်းအောင် ၊ကိုမင်္ဂလာ ( ကိုဇော်နေယျ ၊ ကိုရွှေလ ၊ ကိုအောင် ( လအောင်ကြီး ) ကိုကျော်နီ  ( ခ ) ဂျော်နီ( ကွယ်လွန် ) ၊ ကိုဝင်းမြင့် ( ကွယ်လွန် )၊ ကိုနေစိုး ( ကွယ်လွန် ) ၊  တို့တွင် တစ်ချို့ သည်လည်း လူ့ လောကမှ ထွက်ခွာခဲ့ပြီ။ ဘ၀တစ်ကွေ့ မှာ ကြုံဆုံခဲ့ရသောတစ်ချို့  တော်လှန်ရေး သူငယ်ချင်းမိတ်ဆွေများသည် ယခုအခါ  နိုင်ငံတာသို့ ရောက်နေသူများလည်းရှိခဲ့ပါသည် ။
 SDC တွင် တစ်နှစ်နီးပါး ဖမ်းဆီး ထိမ်းသိမ်းမခံရစဉ် IDC ( Immigration Detention Center ) နှင့် လရောင်ထောင် ( ဘန်ကောက်ထောင်ကြီး)တို့ တွင် အရင် ထိမ်းသိမ်းခံခဲ့ရပါသည် ။အသေးစိတ်ကို အတိအကျ နောက်မှရေးဖြစ်မှာဖြစ်ပေမဲ့ IDC တွင် ထိမ်းသိမ်းခံရစဉ်အတွင်း အမှတ်တရ ကိစ္စရပ်များကို တော့ အခုတင်ပြလိုပါသည် ။
IDC တွင် တရားမ၀င် ခိုးဝင်သူများ အပါအ၀င် မြန်မာပြည်သားအများစုမှာ တလကျော်-(၂ )လ နီးပါး ထိမ်းသိမ်းခံရပါသည် ။ တစ်ချို့ ဆိုလျှင် မိမိ အလွှတ်ခံရမည့် လက်မှတ်ကို တခြားလူသို့ ရောင်းစားရင်း လွှတ်ရက်မရှိဖမ်းဆီးခံနေရသူများလည်းရှိပါသည် ။စစ်အာဏာရှင် လက်ထက် မြန်မာသံရုံးကတော့ မြန်မာပြည်သားများကို ကူညီမှုများ မကြားဘူးပါ ။အချုပ်ခန်းက ကျဉ်းပြီး တခန်းတွင်ဖမ်းဆီးထိမ်းသိမ်းခံရသူများက ၁၅၀ ကျော် ၂၀၀ နီးပါးမျှ အဆမတန်များပါသည် ။ ထို့ ကြောင့် အိပ်စက်ခြင်းကို နေရာရမှ အလှည့်ကျအိပ်စက်ခဲ့ရသည် ။ ထိုအခါ လူသားတို့ ၏ ထုံးစံအတိုင်း ခလုတ်ထိမှ အမိတ ၊ ဒုက္ခရောက်မှ ဘုရားသတိယ ကြရာ မွန် မြန်မာလူမျိုးများက ဗုဒ္ဒသာဘာလို တနေ့  မနက်တကြိမ် ည တစ်ကြိမ် ၊ မြန်မာပြည်ဖွား ကုလားများက အစ္စလာမ်ဘာသာလို တစ်နေ့ ( ၂ ) ကြိမ် ၊ ကရင်လူမျိုးအပါအ၀င် လူမျိုးပေါင်းစုံက ခရစ်ယာန်သာဘာလို တစ်နေ့ ( ၂ )ကြိမ် နှင့် အခန်းကျဉ်းကျဉ်းလေးထဲတွင် ဘုရားရှိခိုးသံများသည် သာယာငြိမ်းချမ်းခြင်းအသွင် မဆောင်ပဲ အချိန်တန်ဆူညံသလို ဖြစ်နေပေသည် ။ IDC အတွင်းရှိ ထိုင်း Immigration အရာရှိများကို တရားဝင် လာပ်ထိုးထားသဖြင့်ဘုရားရှိခိုးနေသူများဘေးတွင် ဖဲရိုက်နေသူများလည်းရှိပါသည် ။ ထိုအခါ ဆန္ဒပြရာမှ အတူတူဖမ်းဆီးခံနေရသော ကျောင်းသား ( ၃၅ ) ယောက်ထဲမှ ( အမျိုးသမီး ၃ ယောက်မှာ အမျိုးသမီးဆောင်တွင်ဖမ်းဆီး ထိမ်းသိမ်းခံခဲ့ရသည် ။ ) ဘုရား ရှိခိုးသံများကြောင့် အိပ်ရေးပျက်တာများနေသည့်ကိုအောင် ( လအောင်ကြီး သြစီ)သည် စောဘွဲ့ မှူး၏ တပည့် ဂစ်တာတီးသော အနုပညာသမားပီပီ ဆူညံသော ဘုရားရှိခိုးသံများကို သီးမခံနိုင်ဖြစ်နေခဲ့သည် ။
နောက်ဆုံးတွင် သူ့ ကိုယ်သူ ဂျိမ်းစ်ဘာသာဝင်ဟု တရားဝင် ကြေငြာပြီး ကိုယ်တုံးလုံးချွတ်ကာ အရွဲ့ တိုက်လျက် ဘုရားရှိခိုးမည် လုပ်သဖြင့် ကျနော်တို့ မှ ဘုရားမရှိခိုးဖို့ တောင်းပန်ခဲ့ရသည် ။ ပေါက်ပေါက်ရှာရှာ ဘ၀တွင် ဘုရားမရှိခိုးဖို့ တောင်းပန်ရသည်မှာ ပထမနှင့် နောက်ဆုံး အကြိမ်ဖြစ်မည် ထင်သည် ။ တောခိုစဉ်ကာလ၌ ထိုင်းနိုင်ငံ ရနောင်း အောက်အိမ်တွင် နေထိုင်စဉ် ယခုအခါ အမေရိကားတွင်ရှိနေကြသော  ကိုတင်မောင်လေး ( လေတပ် )ကိုဝင်းအောင် ( လေတပ် ) ၊  ၊ ကိုဝေမိုး ( ဟော်လန် ) ၊ကိုမင်္ဂလာ ( ကနေဒါ ) ၊ ကိုထွန်းထွန်း ( ရနောင်း )၊ တို့ နှင့်အတူ နေထိုင်စဉ် အိမ်နှင့်မလှမ်းမကမ်း ဘုန်းကြီးကျောင်းမှ ရခိုင်ဘုန်းကြီး တစ်ပါး၏ အစီအစဉ်ဖြင့် ထမင်းဟင်းများကို ပလပ်စတစ်ပုန်းနှင့်သယ်ပြီး စားသုံးခဲ့စဉ်ကတော့ ဗုဒ္ဒဘာသာဖြစ်ခဲ့ဘူးသည် ။
အဲဒီအချိန်က ဘုရားသုံးဆူမှ ငှက်ဖျားမိပြီး ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ သို့  ရောက်လာခဲ့သော ကိုအောင်ဇော် ( ဧရာဝတီ ) ၊ ကိုမောင်မောင် ( FTUB )  ကိုအောင်ခိုင် ( လေတပ် ) ၊ ကိုညီညီတင် ( ရနောင်း )တို့ က ရနောင်းအပေါ်အိမ်တွင် နေထိုင်ခဲ့ကြသည် ။ ထိုအချိန်က စားစရာ မရှိအောင် ငတ်ပြတ်ခဲ့မှုများကို ကျနော်တို့ အမှတ်ရနေစဲဖြစ်သည် ။ 

 တော်လှန်ရေးကာလ ၌ ငတ်ပြတ်နေသော ကျနော်အဖို့ သာသာတရား အားလုံးက စားကောင်းသောက်ဖွယ်များ ယူဆောင်လာတတ်သဖြင့် ဘာသာရေးကို အငြင်းမပွားပဲ အားလုံးကောင်းပါတယ်ဟု အကြမ်းမျဉ်း ဆုံးဖြတ်ကာ ခေတ်က တော်တော်ဆိုးသဖြင့် ဘုရားအားလုံး စောင့်ရှောက်မှ တော်ကာကျမည်ဟု တွေးတောမိသလို မကြာခဏ ဒုက္ခရောက်နေသဖြင့် ဒီမိုကရေစီကို ချစ်မြတ်နိုးသူပီပီ ဖြစ်နိုင်ရင် ဘုရားသခင်ကို ရွေးကောက်ပွဲမှ ပြန်လည်ရွေးချယ် တင်မြောက်ချင်စိတ်များဖြစ်နေခဲ့သည် ။ ကျနော့ အမျိုးသမီးက ၁၀၀% ကရင် ၊ ၁၀၀ % ခရစ်ယာန် ဖြစ်သဖြင့် အိမ်မှာ Jesus ရုပ်ပုံ ချိတ်ဆွဲထားသည် ။ ကျနော်က မိရိုးဖလာ ဗုဒ္ဒဘာသာနှင့် မြန်မာ ၁၀၀%ဖြစ်သဖြင့် သီရိလင်္ကာ ဘုန်းကြီးတစ်ပါးက အိန္ဒိယ ဗုဒ္ဒဂါယာမှ ဗုဒ္ဒဆင်းတုတော်တစ်ဆူ အိမ်ကို ပင့်ဆောင်လာသဖြင့် အိမ်တွင် ဘုရားစင်လည်း ရှိပါသည် ။ သာသာတရား အားလုံး ကောင်းရာ မွန်ရာ ညွန်ကြားပေမဲ့ လူများက ဘာသာစွဲဖြင့် မိမိဘာဘာမှ မိမိဘာသာ လုပ်နေသဖြင့် ပြဿနာများ မလိုလားအပ်ပဲ ကြီးထွားနေရသည်ဟု ထင်မြင် .ယူဆမိပါသည် ။
ထိုင်းနိုင်ငံတွင်  ထောင်ကျနေစဉ်အတွင်း တစ်ခါတစ်ခါ ဘာသာရေးဖြင့် ခွဲခြား စည်းရုံးမှုများလည်း ရှိခဲ့ပေသည် ။ထောင်ထမင်း ထောင်ဟင်းစားရာ၌  ထောင်ထဲတွင် စကွဲသာသာ ဆန်နီကျင်ကျင်နှင့် ဘာမှန်းညာမှန်းမသိသောအရွက်ပြုပ်ထဲ နစ်မြုပ်နေသော အသားစလေးကို ပါတယ် ဆိုယုံလေးမြင်ခဲ့ရသည် ။ နိုင်ငံခြားထောင်ဆိုပြီး စာဖတ်သူက ထမင်းကောင်း ဟင်းကောင်းတွေ စားရမှာပဲ အထင်ရောက်နေမည် စိုးရိမ်၍ ယခုလို ရှင်းပြ ရခြင်းဖြစ်ပါသည် ။လက်နက်ကိုင် တောခို စဉ်အခါက တောထဲ၌ မျှစ်နှင့် နှစ်ပါးသွားပြီး စားသောက်ခဲ့ရပေမဲ့ ယခုလို သံတိုင်ထဲတွင် မဟုတ်၍ လွတ်လပ်မှု အရသာ ရှိသေးသည် ။
တစ်ကြိမ်တွင် အစ္စလာမ်ဘာသာဝင်များက ထောင်ကျနေသူများအား အစ္စလာမ်ဘာသာဝင်ဖြစ်ပါက ကြက်သား ဒန်ပေါက် ထမင်းကျွေးမည် ဖြစ်သဖြင့် ငတ်နေသော ကျနော်တို့ အမောင်ကျောင်းသားအားလုံးသည် တိုင်ပင် မထားပဲ အားလုံး အစ္စလာမ်ဘာသာဝင်ဟု စာရင်းပေးကာ ဒန်ပေါက်စားခဲ့ကြသည် ။ နောက်တနေ့ တွင် ခရစ်ယာန်သာသာဝင်များမှ ထောင်ထဲတွင် လာရောက်လှူဒန်းစဉ် ကျနော်တို့ အမောင် ကျောင်းသားများ အားလုံးသည် ထိုတနေ့ စာ ခရစ်ယာန်ဘာသာဝင်ဖြစ်ခဲ့ပါသည် ။အစ္စလာန်သာသာဝင် စစ်စစ်များတကော့ အပြောင်းအလဲ မြန်သော မြန်မာ ကျောင်းသားများကို စိတ်ဆိုးရခက် ၊ တော်လှန်ရေး နိုင်ငံရေးလုပ်ပြီး ထောင်ကျလာသဖြင့် လေးလည်းလေးစားကာ မည်သို့ မျှ မပြောခဲ့ပါ ။ ထောင်ထဲ၌ တန်းစီးလုပ်သောမြန်မာပြည်သားများသည် မြန်မာပြည်သားအချင်းချင်း ကူညီ ရမည့်အစား ထိုင်းအာဏာပိုင်များနှင့်ပေါင်းကာ ထောင်တွင်း စီးပွားရှာဖွေကြပါသည် ။ အဆိုးဆုံးမှာ ထောင်ထဲသို့ ဝင်ရောက်လာသူများကို ယင်းတန်းစီးများက အချုပ်ခန်းထဲ ၀င်ရောက်လာလျှင် လာချင်း ပုံစံထိုင်ခိုင်းကာ အဖမ်းအဆီးခံရသူများ၏ ပါသမျှ ရွှေငွေ လက်ဝတ်လက်စားများကို သိမ်းယူယုံမက အုပ်စုဖွဲ့ ကာ ၀ိုင်းဝန်း ရိုက်နှက်မှုများလည်း ရှိခဲ့ပါသည် ။

ယင်းအထဲမှ အဖြစ်အပျက်တစ်ခုမှာ ယခင် န၀တ စစ်အစိုးရလက်ထက်မှ အနောက်တောင်တိုင်း စစ်တိုင်းမှု၏သားသည် IDC တွင် ဖမ်းဆီးထိမ်းသိမ်းခံနေခဲ့ရပါသည် ။ အသားညိုညို ဗလ ကောင်းကောင်းဖြင့် အရပ်ထောင်ထောင်မောင်းမောင်း နှင့် ကင်းကောင် ဂေါ်ဇီလာ.ဟု သူ၏အပေါင်းအသင်းများမှ ခေါ်ဆိုသူသည် ထောင်ထဲတွင် တန်းစီး လုပ်ကာ အုပ်စုဖွဲ့ ဗိုလ်ကျနေခဲ့သည် ။ အဖေတူသားမို့ ဇာတိပြသည်ဟု ဆိုနိုင်ပါသည် ။ဆိုလိုသည်မှာ ( ၈၈၈၈ ) ဒီမိုကရေစီ အရေးအခင်းကို စစ်တပ်မှ အကြမ်းဖက် နှိမ်နှင်းရာတွင် ၄င်း၏ ဖခင် ဗိုလ်ချုပ်မြင့်အောင်သည် နာမည်ဆိုး ဖြင့် ကျော်ကြားသည် ။ အဖမ်းဆီးခံ ကျောင်းသားပြည်သူ ဒီမိုကရေစီ ဘက်တော်သားများကို နည်းမျိုးစုံဖြင့် အကြမ်းဖက် စစ်ဆေးယုံသာမက ဂျပန်ခေတ်ကလို နေပူထုတ်လှမ်းပြီး အသေရိုက်နှက်မှုများ ရှိခဲ့သည်ဟု ကြားခဲ့ဘူးသည်  ။ ထိုအထဲတွင် ပုသိမ်တွင် ကျနော်နှင့် အတူ ( ၈၈၈၈ ) အရေးအခင်း၌လှုပ်ရှားသူမျာလည်း ပါဝင်ခဲ့သည် ဟု နောင်တွင် သိခဲ့ရသည်။ ၄င်းကင်းကောင်သည် တန်းစီး လုပ်ပြီး အချုပ်ခန်းထဲကို ၀င်ရောက်လာသူမှန်သမျှအား လူမျိုးဘာသာ မရွေး မတရားရိုက်နှက် အာဏာပြမှုများလုပ်ခဲ့သည် ။ ကျနော်တို့ုမြန်မာ ကျောင်းသား များသည်အင်အားကတောင့်တင်းသဖြင့် ကျောင်းသားများကိုတော့ ရိုက်နှက်ခြင်း မပြုလုပ် ရဲယုံမက ကျနော်တို့ ကျောင်းသားများက တန်းစီးအဖြစ် အာဏာ သိမ်းမည် ကို စိုးရိမ်လျက်ရှိခဲ့သည် ။လူတွေကလည်း ခက်သည် ငွေ အာဏာအတွက် ထောင်ထဲတွင်ပင် အာဏာသိမ်းချင် သူများရှိခဲ့ကြောင်း အံ့သြစွာ တွေ့ ခဲ့ရသည် ။အင်အား တောင့်တင်းသော ကျနော်တို့ မြန်မာကျောင်းသားများက အာဏာ မသိမ်းခြင်းသည် ကင်းကောင်အနေဖြင့် ကျနော်တို့ အား လေးစားရသည့် အကြောင်းအရင်းများတွင် တစ်ခုဖြစ်ခဲ့ဟန်တူသည် ။  ဒီလိုနှင့် တစ်နေ့ တွင် အထက်ပါ ကင်းကောင်သည် အချုပ်ထောင်မှ လွတ်ရက်စေ့ သဖြင့် ထိုင်းအာဏာပိုင်များက သူ့ ကို ထိုင်းမြန်မာ နယ်စပ်သို့ ပို့ ဆောင်ရမည်ဖြစ်ပေသည် ။ သို့ သော် ကင်းကောင်သည်  ၄င်းကိုယ်တိုင် ရိုက်နှက် နှိပ်စက်ပြီး သူများ၏ ချွေးနည်းစာဖြင့် စုဆောင်းထားသော ရွှေငွေများကို မတရား သိမ်းဆည်း ခဲ့သဖြင့် ထိုင်းမြန်မာ နယ်စပ် အရောက်တွင် သူ့ ကို သတ်ဖြတ်မည့် သူများတန်းစီ စောင့်နေသည်ဟု သတင်းများလည်းဖြစ်ပေါ်နေခဲ့ပါသည် ။ သို့ ဖြစ်၍ ကျနော်တို့  မြန်မာ ကျောင်းသားအချင်းချင်း တိုင်ပင်ကာ သူ့ အဖေ၏ မတရား လုပ်ဆောင်ခဲ့မှုများကို ခွင့်လွှတ်ကာ လူ့ အသက်တစ်ချောင်းတော့ ကယ်ကောင်းပါသည်ဟု ဆုံးဖြတ်လျက် ကင်းကောင်၏ နယ်စပ်သို့ သွားမည့်ထောင်ထွက်စာကို မွန်ကျောင်းသားခေါင်းဆောင် ( အမည်ကိုမဖော်ပြတော့ပါ )ကယူလိုက်ပြီး၊  ၄င်း မွန်ကျောင်းသားခေါင်းဆောင်၏နာမည်ဖြင့် နိုင်ငံရေး အကျဉ်းထောင် SDC သို့  ကင်းကောင်သည် လိုက်ပါခွင့်ရကာ အသက်ချမ်းသာရာ ရခဲ့သည် ။ထိုအချိန်က ထိုင်းအစ်ုးရသည်  နိုင်ငံရေးအမှုဖြင့် ထောင်ကျ သော မြန်မာကျောင်းသား ကျောင်းသူများကို IDC တွင် ကြာကြာ ဖမ်းဆီးကာ ထိမ်းသိမ်းခြင်းမပြုပဲ SDC နိုင်ငံရေးအကျဉ်းထောင်သို့  ပို့ ဆောင်ဖမ်းဆီး ချုပ်နှောင်ခဲ့ကြသည် ။

 ကျနော်နှငိအတူ ထိုင်းနိုင်ငံ ချုံဖွန်ကမ့်တွင် တောခိုသူများဖြစ်သော ကိုတင်မောင်လေး ၊ ကိုပါပ ( ကိုညီညီစိုး ) ။ ကိုချစ်ကြည် ၊ ကိုသီဟ ( ဒေါက်တာသီဟ ) ၊ ကိုဘသိုက် ၊ တို့ ထဲတွင် ကျနော်နှင့် ဘားတိုက်တစ်ခုထဲ အတူတူ နေထိုင်ခဲ့သော ကိုထင်ပေါ်လည်း လူ့ လောကကြီးမှ ထွက်ခွာခဲ့ပြီ ။ကျနော်တို့ ချုံဖွန်စခန်းမှ  တောခိုရာကနေ အကြောင်းအမျိုးမျိုးကြောင့်  ဘန်ကောက် တွင်  နေထိုင်စဉ်အတွင်း ဖြစ်ပေါ်နေသောမြန်မာ့ နိုင်ငံရေး အခြေအနေအပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ကိုကိုယ် ကြိုးဆွဲ ချ အဆုံး စီရင်သွားသူလည်းရှိသည် ။
လက်နက်ကိုင်ဖို့ တောခိုခဲ့သော ဒီမိုကရေစီ ညီညွတ်ရေး တပ်ပေါင်းစု ( ဒညတ ) ချုံဖွန်ကမ့်အကြောင်းကို နောက်အလျဉ်းသင့်မှ အသေးစိတ်ရေးပါမည် ။
 ဒါပေမဲ့ မှတ်မှတ်ရရ ၁၉၉၀ ၀န်းကျင် တောထဲမှ ဘန်ကောက်အရောက်တွင် ဒညတခေါင်းဆောင် ဦးအောင်( ဦးနု၏သား )ဖိတ်ကြားမှုဖြင့် တွေ့ ဆုံဆွေးနွေးပွဲတစ်ခုသို့ သွားရောက်ခဲ့ရသည် ။ချုံဖွန်ကမ့်  တောထဲတွင်နေစဉ် တစ်ခါမှ မမြင်တွေ့  ခဲ့သော ဒညတခေါင်းဆောင်တစ်ဦးဖြစ်သော  ကိုဇောင်္ဦး ( ယခု သမ္မတဦးသိန်းစိန်  အကြံပေးအဖွဲ့ ဝင် )၏ ဆွစ်ဇာလန်နိုင်ငံပြန် အတွေ့ အကြုံများပြောရင်း ကျနော်အပါအ၀င် မြ၀တီ ဦးရဲခေါင် ၊ ကိုချစ်ကြည် ၊ ကိုသောင်းထွဠ်ဦးတို့ ကို အကြံပေးခဲ့မှုကို အမှတ်ရနေပါသေးသည် ။ အဲဒီ အချိန်တတည်းက ကိုဇော်ဦးမှာ အကြံပေးချင်စိတ်များ ပြည့်နှက်နေသည်ကို လုံးဝမရိပ်မိခဲ့ပါ။
.အခုတလော ကျနော်၏ မြန်မာပြည် ဒီမိုကရေစီ တော်လှန်ရေး ၊ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များသည် အကြောင်းအမျိုးမျိုးကြောင့် သေမင်းက အနိုင်ယူမှုများ ကြုံတွေ့ နေရသည် ။
 ကျနော်တို့ ဘန်ကောက်တွင် နေထိုင်စဉ်က အတူတူ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ကိုမောင်မောင်စိုးလည်း မရှိတော့ပြီ..။ နိုင်ငံရေးမှုဖြင့် ထိုင်းနိုင်ငံ SDC ( Special Detention Center ) တွင် အတူတူ အဖမ်းအဆီးခံရင်း မြန်မာ့ဒီမိုကရေစီအရေးကို ကမ္ဘာသိဖို့ ထိုင်းနိုင်ငံ ဘန်ကောက်ရှိ မြန်မာသံရုံးကို ၀င်ဆီးပြီး လူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နာကျင်အောင် မလုပ်ခဲ့သော ညီအကို သူငယ်ချင်းလို ချစ်ခင်ရသော ကိုကျော်နီ ( ဂျော်နီ )လည်း လူ့ လောကမှ ထွက်ခွာသွားခဲ့ပြီ ..။ အနုပညာကို မြတ်နိုးပြီး ဂစ်တာတီးတာ ၀ါသနာထုံသော သူငယ်ချင်း ကိုဗေဒါတစ်ယောက် ထိုင်းနိုင်ငံမှ ဆေးရုံကို ၀င်ရောက် စီးနင်းရင်း ထိုင်းအစိုးရမှ ပစ်သတ် ဖမ်းဆီးခြင်းခံရပြီး သူချစ်သော မြန်မာပြည်ကို နှုတ်ဆက်ခဲ့ပြီ..။ 
ထိုင်းနိုင်ငံ SDC ( Special Detention Center ) တွင်ချုပ်နှောင်ခံ နေရစဉ်အတွင်း အကျဉ်းထောင်တစ်ခု အတွင်း တွေ့ ဆုံခဲ့သောလေယာဉ်ကို ပြန်ပေးဆွဲခဲ့သည့် ကို ရဲရင်.၊ ကိုရဲသီဟတို့ ၏ မြန်မာ့ဒီမိုကရေစီအရေးကို ကမ္ဘာသိဖို့ လုပ်ဆောင်ချက်တွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နာကျင်ခြင်းမရှိခဲ့ပေမဲ့ သူတို့ သည် black list ထဲမှာရှိနေပြီးတော့များ သူတို့ ချစ်သော မြန်မာပြည်ကို ပြန်နိုင်ဦးမည်လားဟု တွေးတောနေမိသည်ကလည်း များပြီ..။မှတ်မှတ်ရရ သတိတရ ရှိသည်မှာ ကျနော်တို့ SDC တွင်ထောင်ကျနေစဉ်အတွင်း ABSDF  မြောက်ပိုင်းတွင် ကျောင်းသားများကို သူလျိုဟု ဖမ်းဆီး စွပ်စွဲ သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ရာ ကိုရဲသီဟ၏ တမြို့ ထဲနေ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် တစ်ဦးလည်း ၄င်းအထဲတွင်ပါသွားခဲ့သဖြင့် သူမှ ငိုယိုပြီး ကျနော်တို့ ကိုအခိုင်အမာ ပြောသည်မှာ သူ့ သူငယ်ချင်းဟာ ဘယ်လိုမှ ထောက်လှမ်းရေး မဖြစ်နိုင်ဘူးဟုပြောခဲ့ခြင်းကို ယနေ့ အချိန်ထိ ပြန်လည် ကြားယောင်နေခဲ့ပါသည် ။

ကျနော်တို့ မြန်မာ ကျောင်းသား ကျောင်းသူများသည် မျိုးချစ်စိတ်ပြင်းထန်းပြီး ရောက်ရာအရပ်မှ ကျရာတာဝန်ကို ပြည်တွင်း ၊ တောတွင်း ၊ ပြည်ပ ရောက်ရာအရပ်မှ နိုင်ရာဝန်ထမ်းပြီး တပ်အားသမျှ အနုနည်း အကြမ်းနည်း နည်းမမျိုးစုံဖြင့် လုပ်ဆောင်နေကြသည် ။သို့ အတွက်ကြောင့်လည်း မြန်မာပြည်၌ ယခုလို အပြောင်းအလဲများ တစ်နည်းတစ်ဖုံ ဖြစ်ပေါ်စေခဲ့သည် ဟု သက်ဝင်ယုံကြည် မိပါသည် ။ ထိုအထဲတွင် ပြည်သူကို နည်းမျိုးစုံဖြင့် ဖိနှိပ်သောယခင်က မြန်မာစစ်အစိုးရကို တော်လှန်ရာမှာ လက်နက်ကိုင်နည်းဖြင့် ၄င်းတို့ ၏အသက်အိုးအိမ်ကို ထိခိုက်အောင် လုပ်ဆောင်နိုင်မှသာ စစ်အာဏာရှင် ကျဆုံးမည် ၊ လူထု၏နည်းမျိုးစုံဖြင့် လှုပ်ရှားမှုများဖြင့်သာ ဖောက်ပြန်သောစစ်အာဏာရှင်စနစ်သည် တနည်းမဟုတ်တနည်း အပြောင်းအလဲများဖြစ်ပေါ်မည် ဟုယုံကြည်သူများလည်း ရှိခဲ့ပါသည် ။
မှတ်မှတ်ရရ ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ချူလာလောင်ခွန် တက္ကသိုလ်တွင် ပြုလုပ်ခဲ့သော  ၂၁ရာစုလူထု ညီလာခံအား တက်ရောက်ခဲ့စဉ် ထိုအချိန်က အင်ဒိုနီးရှားမှ ခွဲထွက်ရေးအတွက်ကြိုးစားပြီး စစ်အာဏာရှင် ဆူဟာတိုကို တော်လှန်ဆန့် ကျင်နေသော အိစ်တီမောမှ ကျောင်းသားများသည် မြန်မာကျောင်းသားများ၏  လက်နက်ကိုင်တော်လှန်ရေးကို အထူး စိတ်ဝင်စားကာ မြန်မာကျောင်းသားများကို အထူးလေးစားကြောင်းနှင့် ဖြစ်နိုင်ရင် တောထဲတွင် လက်နက်ကိုင်တော်လှန်ရေးကို လေ့လာသင်ယူချင်သည် ဟု ကမ်းလှမ်းမှုများရှိခဲ့သည် ။ လက်နက်ကိုင် တော်လှန်ရေး၏ အောင်မြင်ခြင်း မအောင်မြင်ခြင်းသည် တခန်းဖြစ်ပေမဲ့ ထိုင်းကျောင်းသားကျောင်းသူများ ကိုယ်တိုင်မြန်မာကျောင်းသားများကို အားပေးထောက်ခံမှုများရှိခဲ့သည် ။
ထိုအချိန်တွင် ကျောင်းသားအများစုသည် မိမိတို့ ယုံကြည်ရာကို မိမိတို့ သက်ဆိုင်ရာ အသင်းအဖွဲ့ များဖြင့် လျို့ ဝှက်၍သော်၎င်း ၊ ကျယ်ကျယ်ပြန့် ပြန့် သော်၎င်းပြည်တွင်း ပြည်ပ၌ လုပ်ဆောင်ခဲ့ကြပါသည် ။ ထိုအထဲတွင် ကျနော်သိသလောက်မှာ ကိုလင်းအောင် အစ်ကို ( ကိုနေလင်း ) ၊ ကိုသိန်းထွန်း ၊ ကိုနိုင်ကိုကို တို့မှာ ကျနော်တို့ နှင့်ထိစပ်ပြီး ပြည်တွင်းလှုပ်ရှားမှုများလုပ်ရာမှ ထောင်နှစ်ရှည်ကျသွားခဲ့ကြပါသည် ။ယခုအခါ ကိုသိန်းထွန်းသည် ထောင်မှလွတ်ပြီး နောက် ရွှေဘိုနယ်တွင် ကိုယ်ထူကိုယ်ထ ကလေးစာသင်ကျောင်းတစ်ခုကို ထူထောင်ပြီး ကလေးငယ်များ ပညာရေးကို လုပ်ဆောင်နေရာ ငွေရေးကြေးရေ့းအကြပ်အတည်းတွေ့ နေရာ ၊  NGO များမှ ငွေကြေးထောက်ပံ့ ကူညီမှုမရှိသော ကျနော်တို့ မှ ၀ိုင်းဝန်း ထောက်ပံ့ကူညီဖို့ ကြိုးစားနေပါသည် ။
ယခင်ကာလများမှသည် ယခုကာလ အထိ တစ်ချို့ နိုင်ငံရေးအဖွဲ့ များသည် ယခင်စစ်အစိုးရကဲ့ သို့ ပင် ပွင့်လင်းမှုမရှိပဲ လူထုနှင့်ကင်းကွာခဲ့သည်ဟုထင်ပါသည် ။ ထို့ အတွက်ကြောင့် လူထုများကြားတွင် ကောလ ဟာလများပြန့် နေပြီး  ၀န်ကြီးတွေ အဖွဲ့ ၊ အလုပ်သမားအဖွဲ့  ၊ အင်ဂျီအို အဖွဲ့ များက ဒေါ်လာသန်းချိပြီးရနေသလိုလို သတင်းမျိုးမကြာခဏ ကြားရပါသည် ။ သို့ သော် ကျနော်တို့ လို မျိုးချစ်စိတ်ရှိသောသူများသည် ငွေကြေးရခြင်းမရခြင်းသည် မိမိတို့ နှင့်မဆိုင် မြန်မာပြည်တွင် စစ်အာဏာရှင်စနစ်ပြုတ်ကျရေး ၊ ဒီမိုကရေစီထွန်းကားရေးသည်သာ အဓိကဖြစ်သည်ဟု ခံယူရင်း ဆင်းဆင်းရဲရဲ အငတ်ငတ်အပြတ်ပြတ်နှင့် ရင်ဆိုင်ရင်းလုပ်ကိုင်ခဲ့ကြပါသည် ။

အလျဉ်းသင့်၍ နောက်တစ်ခု ပြောကြားလိုသည်မှာ ကျနော်တို့ သည် ထိုင်းနိုင်ငံတွင် နေထိုင်စဉ်  မြန်မာပြည်တွင် စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် လုပ်ဆောင်နေစဉ် ထိုင်းအစိုးရ၏ ဖိအားပေးမှုများကို အမျိုးမျိုးခံရပါသည် ။ ထိုင်းအစိုးရ၏ မူဝါဒမှာ တစ်ချိန်က ထိုင်းဝန်ကြီးချုပ် ချာဖာလစ် ယောင်ချာယု ( ကျနော်တို့ မြန်မာကျောင်းသားများက သူ့ ကို ယောင်ချာရူး ဟုခေါ်ပါသည် ။ )၏ပြောစကားကဲ့သို့ ထိုင်းအစိုးရအနေဖြငိ့ အမေရိကန် ၊ ဥရောပနိုင်ငံတွေလို ခေတ်မီဖွိ့ ဖြိုးတိုးတက်သော နိုင်ငံမဖြစ်ရင်တောင်မှ အိမ်နီးချင်းနိုင်ငံများထက် တိုးတက်ဖွိ့ ဖြိုးသော ခေတ်မီနိုင်ငံဖြစ်ရမည် ဟူသော မူဝါဒဖြစ်ပါသည် ။ ထို့ ကြောင့် ထိုင်းအစိုးရသည် ၄င်းတို့ ၏ ကိုယ်ကျိုးစီးပွားအတွက်သော်၎င်း ၊ ထိုင်းနိုင်ငံ အကျိုး စီးပွားအတွက်သော် ၄င်း ၊လူ့ အခွင့်အရေးကို ဗြောင်ကျကျ ချိုးဖောက်နေခဲ့သော ယခင် မြန်မာစစ်အစိုးရကို ထောက်ခံကူညီခဲ့ပါသည် ။ထို့ ကြောင့်လည်း မြန်မာကျောင်းသားများသည် ထိုင်းနိုင်ငံတွင် နေထိုင်ကာ နိုင်ငံရေး လှုပ်ရှားမှု မှန်သမျှ ဖြိုခွဲခြင်း ခံရသလို ကျနော့ သူငယ်ချင်း ရဲဌေး သည် ထိုင်းအစိုးရမှ မြန်မာစစ်အစိုးရကို လွှဲပြောင်း ဖမ်းဆီးခြင်းခံခဲ့ရပါသည် ။

 ကျနော် ယခုလို ပြောနေခြင်းက အလကားတော့ မဟုတ်ပါ ။ ပြည်တွင်းပြည်ပတွင် မြန်မာ့ ဒီမိုကရေစီ အရေးကို တတ်နိုင်သည့်ဖက်မှ အကြမ်းနည်း ၊ အနုနည်းများဖြင့် ကျရာတာဝန်ကို ရောက်ရှိရာအရပ်မှ လုပ်ကိုင်နေသူများကို အသိအမှတ်ပြု မှတ်တမ်းတင်ရင်း ပြည်တွင်းပြည်ပမှ ဒီမိုကရေစီ လှုပ်ရှားသူအချင်းချင်း စည်းလုံးညီညွတ်စွာ မြန်မာ့ဒီမိုကရေစီအရေးကို ၀ိုင်းဝန်းလုပ်ဆောင်စေချင်သော စေတနာ အရင်းခံဖြင့် ရေးသားရပါသည် ။
 

မသေခင် အချိန်အတွင်းတွင် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး တိုးတက် ချမ်းသာတာကို မြင်တွေ့ လိုသူများ အထဲတွင် ကျနော်လည်း တစ်ယောက်အပါအ၀င် ဖြစ်ပါသည် ။

  အသက်အားဖြင့် ( ၅၀ ) တန်းနားကပ်နေပြီဖြစ်သော ကျနော်သည် အခုအချိန်ထိတော့ သေမင်း၏ black list ထဲတွင် ပါဝင်နေသေး၍ သေမင်းနိုင်ငံကို သွားခွင့်မရသေးပါ ။အခုအချိန်ထိတော့ ၀ါသနာပါသော အကျိုးပြု စာများရေးသားဖို့  ဆုံးဖြတ်ပြီး ဆက်လက်ရေးသားခွင့်ပြုဖို့  သေမင်းကို ဆန္ဒပြခွင့်တောင်းထားပါသည် ။
ထခင် အစိုးရ အဆက်ဆက်တွင် ကောလဟာလများ ကြားသိရသည်မှာ သက်ဆိုင်ရာ လူကြီးများ၏ မကင်းရာ မကင်းကြောင်းတွေကို အရည်အချင်း ရှိရှိ မရှိရှိ နိုင်ငံခြားလွှတ်ပြီး နိုင်ငံတကာ အားကစားပြိုင်ပွဲများကို စေလွှတ်ခဲ့ခြင်းကြောင့် နိုင်ငံတကာပွဲများတွင် အရှုံးများစွာ ရင်မှာပိုက်၍ မြန်မာတွေ ခေါင်း မဖော်ရဲအောင် အရှက် အကြိမ်ကြိမ် ကွဲခဲ့မှုများရှိခဲ့ပါသည် ။ ဆိုလိုသည်မှာ ယခုတစ်ကြိမ်တွင်လည်း စစ်တပ်ဖက်မှ အရာရှိကြီးတစ်ဦး၏ ပုံပျက်ပန်းပျက် သမီး တစ်ဦးကို မယ်အင်တာနေရှင်နယ်ပွဲသို့ စေလွှတ်လျှင် ကျနော်အပါအ၀င် ပြည်တွင်းပြည်ပမှ မြန်မာပြည်သူပြည်သားများသည် ယခုလို အိပ်ရေးပျက်ခံပြီး မဲပေးဖြစ်မည် မထင်ကြောင်း ရိုးသားစွာပြောလိုပါသည် ။ ဆိုလိုသည်မှာ နေရာတကာတွင် လူမှန် နေရာမှန်ဖြစ်ရန် အထူးလို အပ်ပါသည် ။

ယခုဆိုရင် ကမ္ဘာ တစ်ဝှမ်းရှိ နိုင်ငံရေးခေါင်းဆောင်များသည်ပင်လျှင် ဖေ့ဘုတ် စာမျက်နှာ များမှ တဆင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးခြင်းများ ရှိနေပါပြီ။ စီးပွားရေး လုပ်ငန်းရှင်များ ကိုယ်တိုင် အင်တာနက် စာမျက်နှာများမှ ကြော်ငြာပြီး စီးပွားရေး လုပ်ငန်းကို ဈေးကွက်တွင် အရောင်းမြင့်တင်ဖို့  ကြိုးစားလုပ်ကိုင်လာတာ တွေ့ ရပါသည် ။
တခြားတစ်ဖက်မှလည်း ဒုစရိုက်လုပ်သူများက ဓားမြတိုက်ဖို့  ဖေ့ဘုတ်ကနေ တစ်ဆင့် လူစုတာမျိုးလည်း၇ှိတယ်လို့  မကြာသေးခင်က သတင်းတစ်ခုမှာ ဖတ်လိုက်ရပါသည် ။ ။နောက်သတင်းတစ်ပုဒ်ကတော့ ပီကာဆို ပန်းချီကား အပါအ၀င် သန်းပေါင်းများစွာတန်သောပန်းချီကားတွေကို ခိုးယူခံရမှုနှင့်အတူ ၄င်း ပန်းချီကားများကို အင်တာနက် စာမျက်နှာများမှတဆင့် ပြန်လည်ရောင်းချသော တရားမ၀င် ဈေးကွက်များလည်း ရှိကြောင်းသိရပါသည် ။ အင်တာနက် စာမျက်နှာများမှ တဆင့် Bully အနိုင်ကျင့် ခြင်းကြောင့်လည်း ကနေဒါမှာ မိမိကိုယ် မိမိအ ဆုံးစီရင်သွားတဲ့ ၁၅နှစ် အရွယ် ကလေးမလေးတစ်ယောက်၏ ရင်နင့်ဖွယ် အဖြစ်အပျက်ကိုလည်း တွေ့ ရပါသည် ။ ကျောင်းသင်ခန်းစာများအပါအ၀င် အင်တာနက်မှ တဆင့် ဘဏ်လုပ်ငန်းများ ၊ဖုန်း ၊ အီးလ်မေး စသော ဆက်သွယ်ရေးလုပ်ငန်းများကို အချိန်ကုန် ငွေကုန် သက်သာစွာဖြင့်  နိုင်ငံတကာတွင် တရားဝင်လုပ်ကိုင်နေကြပါသည် ။သတင်းတစ်ပုဒ် အဆိုအရ အင်တာနက် သုံးစွဲတဲ့သူဦးရေဟာ ကမ္ဘာ့တလွှားမှာ တရိပ်ရိပ်တိုးပွားနေပါသည်။ လူမှုကွန်ယက် တစ်ခု ဖြစ်တဲ့ Facebook ဆိုရင် သုံးစွဲနေတဲ့ အကောင့်စုစုပေါင်းဟာ မကြာမီကပဲ ၁ ဘီလျံ (သန်း ၁ ထောင်) ကျော်သွားခဲ့ပါပြီ။
သို့ ဖြစ်ပါ၍ မြန်မာနိုင်ငံတွင် Viber ကိစ္စနာမည် မထွက်ခင်ကတည်းက အင်တာနက်မှ ဖုန်းခေါ်ဆိုမှုတွေ ဖြစ်တဲ့ skype, Gtalk, Pfiingo, Vzo..) စတာတွေကို အရေးယူမယ် ဆိုတတွေ ထွက်ပေါ်နေခဲ့ပြီး နိုင်ငံတကာ ရင်းနှီးမြုံပ်နှံမှုအပါအ၀င် ခေတ်မီ ဖွံ့ ဖြိုး တိုးတက်သော နိုင်ငံအဖြစ် အသွင် ကူးပြောင်းလိုလျှင်ဖြင့် ယင်းလုပ်ရပ်ကို ပြန်လည် သုံးသပ်စေလိုပါသည် ။
ဖေ့ဘုတ် အင်တာနက် စာမျက်နှာများတွင် အချိန်ကုန်ခံကာ သတင်းများ ၊ ဆောင်းပါးများ ၊ ကဗျာများ ၊ ဓာတ်ပုံများ တင်ကာ ကွန့် မန့် ( comment )များပေးနေခြင်းသည် အားအားယားယား အလုပ်မရှိ အကိုင်မရှိ  အလုပ်အကိုင်ပျက် လုပ်နေခြင်းတော့ ဟုတ်မည် မထင်ပါ။ တဆက်ထဲမှာပဲ ခေတ်စနစ်တစ်ခု၏ နည်းပညာ အပြောင်းင်းအလဲမှာ အင်တာနက်သည် တန်ဆေး လွန်ဘေး ဆိုသလို သုံးတတ်လျှင် ဆေး မသုံးတတ်လျှင် ဘေးဖြစ်နိုင်ပါသည် ။
 သေချာ စဉ်းစား ဆင်ခြင် သုံးသပ်ကြည့်ရင် ခေတ်မီ ဆက်သွယ်ရေး နည်းပညာများဟာ အပြောင်းအလဲတွေကို ဖြစ်ပေါ်စေတာကိုပါ...။ အာရပ်နွေဦးလို လူထု လှုပ်ရှားမှုတွေဟာ အင်တာနက် ဖေ့ဘုတ် စာမျက်နှာများမှ တဆင့် ပြည်တွင်း ပြည်ပမှ မျိုးဆက်သစ် လူငယ် အာရပ်နိုင်ငံသားများ၏ ပူးပေါင်းဆောင်ရွက်ရာမှ အာဏာရှင် အစိုးရများကို ဆန့် ကျင်တော်လှန်သော လူထုအုံကြွမှုများကို ဖြစ်ပေါ်လာရခြင်းပါ.။
ယခုအဖြစ်အပျက်တွင်လည်း မြန်မာအလှမယ် နန်းခင်ဇေယျာ၏ Miss Internet ဆုနှင့် People Choice Award ဆုနှစ်ဆုရရှိခဲ့မှု သည် နိုင်ငံတကာရောက် ကျနော်၏  တော်လှန်ရေး သူငယ်ချင်းမိတ်ဆွေများ အပါအ၀င်  တကမ္ဘာလုံးရှိ မျိုးချစ်  မြန်မာပြည်သူပြည်သားများ၏ မဲပေး အားပေးမှုကြောင့်ရရှိခဲ့သည်ဟုဆိုလျှင် အင်တာနက်နည်းပညာသည် အပြောင်းအလဲများကို ဖြစ်ထွန်းစေကြောင်း သက်သေပြလိုက်ခြင်းပင်ဖြစ်ပေတော့သည် ။ကျနော်တို့ သည် ခေတ်မီ နည်းပညာများနှင့် ချီတက်နေသော ကမ္ဘာကြီးတွင်ခေတ်နောက်ပြန်ဆွဲသည့် စိတ်ဖြင့် အိပ်ပျော်နေမည်လား ၊ ပြုပြင်ပြောင်းလဲရေးကို လုပ်မည်လား မိမိကိုယ် မိမိ အချိန်မနှောင်းခင် မေးခွန်းထုတ်ရမည် ဖြစ်ပေသည် ။

အားပေးကျသော မိတ်ဆွေအားလုံးကို ခင်မင်လေးစားလျက် ကျေးဇူးအထူးတင်ပါသည် ၊


အောင်ခိုင်မြင့်
၂၂ အောက်တိုဘာ ၂၀၁၂


 ( နောင်အလျဉ်းသင့် လျှင်  တောတွင်း ၊ ဘန်ကောက် ၊ ထိုင်းအစိုးရမှ ဖွင့်လှစ်သော ကျောင်းသားစခန်းများ အကြောင်းကို အခန်းဆက်ရေးသားသွားမှာ ဖြစ်ပါတယ် ။)

No comments: