Monday, October 22, 2012

အမာရီလိုမြို့ ရွှေညဝါဆရာတော် အထူးတရားပွဲ အောင်မြင်စွာကျင်းပပြီးစီး


မိုးမခအထောက်တော်
အောက်တိုဘာ ၂၂၊ ၂၀၁၂
ပြည်ထောင်စုမြန်မာနိုင်ငံမှနေ၍ အမေရိကန်နိုင်ငံ၊ ပြည်နယ်ဒေသအနှံ့အပြားသို့ လှည့်လည်ကြွရောက်ကာ တရားဟော သာသနာပြုလျှက်ရှိ သော ဓမ္မာစရိယ၊ ဂဏဝါစက နိုင်ငံကျော်ဓမ္မကထိက ရွှေညဝါဆရာတော်  ဘဒ္ဒန္တပညာသီဟ၏ အထူးဓမ္မသဘင်ကို အမေရိကန်ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည်နယ် အမာရီလိုမြို့၊ ဇေယျသုခ ဓမ္မရိပ်သာကျောင်းတိုက်တော်အတွင်း၌ အောက်တိုဘာလ (၂၀) ရက်နေ့မှ (၂၁) ရက်နေ့အထိ နှစ်ရက်တိုင်တိုင် စည်းကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။

တရားပွဲဆင်ယင်ကျင်းပခဲ့ရခြင်း ရည်ရွယ်ချက်နဲ့ပတ်သက်၍ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာအသင်းမှ ဥက္ကဌ ဦးညီညီလွင်က မိုးမခသို့ ယခုလို စပြောသည်။
“မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ဆန်ကျင်ရေးနှင့် ဒီမိုကရေစီအရေးအတွက် ရဲရဲတောက်တိုက်ပွဲဝင်ခဲ့တဲ့ ရွှေညဝါဆရာတော်ကြီးကို ကျ နော်တို့အနေနဲ့ အပြင်မှာဖူးမြှော်ကြည်ညိုခွင့်ရဖို့ဆိုတာ မလွယ်ကူပါဘူး။ ဆရာတော်ကြီး အမေရိကကိုကြွလာတဲ့အချိန်အခါမျိုးမှာ ဆရာ တော်ကြီးကို အနီးကပ်ဖူးမြှော်ကြည်ညိုချင်တာရယ်၊ ဆရာတော်ကြီးရဲ့ဆက်ရှေ့လုပ်မယ့် အမျိုးဘာသာ သာသနာရေးလုပ်ငန်းတွေမှာ တတ်အားသရွေ့ဝိုင်းဝန်းပံ့ပိုးချင်တာရယ်၊ ကျနော်တို့ရဲ့ရှေ့ဆက်လုပ်ကြမယ့် ဘာသာရေးသာသနာရေးနှင့် အမျိုးသားရေးလုပ်ငန်းတွေအ တွက် ဆရာတော်ကြီးဆီမှာ ဆုံးမသြ၀ါဒခံယူချင်တာရယ် နောက်တစ်ခုက တခြားဘာသာကြီးတွေလွှမ်းမိုးနေတဲ့ဒီအရပ်မှာ ကျနော်တို့ရဲ့မျိုး ဆက်သစ်ကျောင်းသားလူငယ်လေးတွေ မိမိတို့ယုံကြည်ကိုးကွယ်နေတဲ့ဘာသာကနေ တစ်ခြားဘာသာသို့ လွယ်လင့်တကူ မကူးပြောင်း သွားစေရေး စတဲ့ရည်ရွယ်ချက်တွေနဲ့ ခုလိုတရားဓမ္မသဘင်ပွဲတော်ကိုကျင်းပခဲ့ကြတာပါ” ဟု သူက ရှင်းလင်းပြောဆိုသည်။
အဆိုပါဓမ္မသဘင်တွင် ရွှေညဝါ ဆရာတော်ကြီးက “ငါးပါးမမှောက်ကြပါစေနဲ့ ” တရားတော်ကို နှစ်ပိုင်းခွဲပြီး နှစ်ရက်တိုင်တိုင် ဟောကြားခဲ့ရာ အသိရှိပြီး အကျင့် မပါရင် အသိဟာမပြည့်စုံကြောင်း၊ ဒါ့ကြောင့် သိတဲ့ အသိနဲ့ ကျင့်တဲ့ အကျင့်တို့ ကို ဟန်ချက်ညီညီ အချိုးကျကျသိအောင် ကြိုးစားကျင့်ကြံနေထိုင်တတ်ဖို့ လိုအပ်ကြောင်းကိုလည်း မိန့်ကြားခဲ့သည်ဟု ဦးညီညီလွင်က မိုးမခသို့ပြောကြားသည်။
ဆရာတော်ကြီး ဟောကြားဆုံးမ သြ၀ါဒပေးသည့် လောကီ လောကုတ္တရာတရားတော်များကို အလွန်နှစ်ထောင်းအားရ ကျေနပ်ကြောင်းကို ဦးညီညီလွင်က ယခုလိုပြောဆိုသည်။
“ဆရာတော်ကြီး ဟောကြားတဲ့တရားတွေကို လွန်စွာမှနှစ်ထောင်းအားရ ကျေနပ်မှုတွေ ဖြစ်ရပါတယ်။ ကိုယ့်မြို့သူ မြို့သားတွေနှင့် မျိုး ဆက်သစ် ကျောင်းသားလူငယ်လေးတွေကိုဆုံးမတဲ့အပေါ်မှာရော မြန်မာထေရ၀ါဒဗုဒ္ဓဘာသာအသင်း၏ တိုးတက်ရာ တိုးတက်ကြောင်း အတွက် နာယကဂုဏ်၊ ဆရာကျင့်ဝတ်နှင့် တပည့်ကျင့်ဝတ်တို့ကို အကျယ်တ၀င့် ရှင်းလင်းသြ၀ါဒပေးသွားတဲ့အပေါ်မှာပါ မြန်မာထေရ၀ါဒ ဗုဒ္ဓဘာသာအသင်း၏ အနာဂတ် ဘာသာရေး သာသနာရေးကိစ္စတွေကို ဆတိုးတပိုး တိုးတက်ဆောင်ရွက်နိုင်အောင် ဆရာတော်ကြီးက၀ိုင်း ၀န်းပံ့ပိုးသွားတယ်လို့ကို အသင်းသူ အသင်းသားတွေနဲ့အတူ စိတ်ထဲမှာ နှစ်ထောင်းအားရ ကျေနပ်မှုဖြစ်ရပါတယ်” လို့ သူကဆိုသည်။
ရွှေညဝါဆရာတော်မှလည်း အမေရိကန်နိုင်ငံ ပြည်နယ်ဒေသအနှံ့အပြားသို့ လှည့်လည်ကြွရောက်ကာ တရားဟောသာသနာပြုခဲ့ရာ ယခု အမာရီလိုမြို့ မှမြန်မာတိုင်းရင်းသားများ၏ အထူးဓမ္မသဘင်ပွဲသည် အဖက်ဖက်မှ အခမ်းနားဆုံးနဲ့ အထူးခြားဆုံးဖြစ်သည်ဟု ချီးကျူးးထုတ် ဖော်ဆိုသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါတရားပွဲကို အမာရီလိုမြို့ မြန်မာထေရ၀ါဒဗုဒ္ဓဘာသာအသင်းက ဦးဆောင်ဦးရွက်ပြုလုပ်ကာ မြန်မာတိုင်းရင်းသားများမိသားစု ပံ့ပိုး ကူညီမှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ခြင်းဖြစ်သည်။ နှစ်ရက်တိုင်တိုင်ပြုလုပ်သော အဆိုပါတရားပွဲတော်သို့ အမာရီလိုမြို့ တစ်ဝိုက်မှ ဗုဒ္ဓဘာသာဝင် လူပေါင်း (၂၀၀) ရာနီးပါးတက်ရောက်ခဲ့ပြီး တရားပွဲတော်ကို အောက်တိုဘာလ ၂၁ ရက်နေ့ ညနေ (၈) နာရီကျော်တွင် ရေ စက်ချ အမျှဝေကာ အောင်မြင်စွာအဆုံးသတ်ခဲ့ကြောင်း သိရှိရသည်။

No comments: