Sunday, October 7, 2012

ကျွန်မမှာ ချစ်သူဝိုင်းဝိုင်းလည်


ဂျပန်များ၏ မြန်မာပြည်သို့ တိတ်တဆိတ် ချီတက်ခြင်း


by Thanda Win on Sunday, October 7, 2012 at 11:22am ·

1999 ခုနှစ်တုန်းက ဆရာကြီး ဦးစောဆိုင်မွန်သာက ပြောပြခဲ့တာ။ ကုလားတွေဟာ တရုတ် ကိုကြောက် တယ်တဲ့။ တရုတ်တွေကတော့ ဂျပန်ကိုကြောက်ပါတယ်တဲ့။ ဘာလို့လဲဆရာလို့ မေးတော့ ကုလားတွေ ရပ်ကွက်ထဲ တရုတ်ဝင်လာရင် ရှိသမျှစီးပွားရေ
း သိမ်းသွားတာပဲ တဲ့။ အဲဒီလိုပဲ ဂျပန်ဝင် လာရင် တရုတ်တွေ ပြေးရတာပဲတဲ့။ ဘာနဲ့ ဆိုင်သလဲဆိုတော့ Neuro surgeon (ဦးဏှောက်နှင့် အာရုံကြော ဆိုင် ရာ ခွဲစိတ်အထူးကုဆရာဝန်) ပီပီ ဖြေပါတယ်။ Frontal Lobe ( ဦးဏှောက်ရှေ့ဆုံးပိုင်း ဧရိယာ) အကြီး အသေးနဲ့ ဆိုင်ပါတယ်တဲ့။ အဲဒီတုန်းက ကိုယ့်ခေါင်းကို အသာပြန်စမ်းမိသေးတယ်။ အခုတော့လဲ သိနေပြီမို့ မလိုတော့ပါဘူး။

European တွေရဲ့ အပြောတခုလည်း ဖတ်ဖူးသေးတယ်။ ငါတို့က မျိုးဆက်တဆက်စာပဲ စဉ်းစားတာ၊ ဂျပန်တွေ ကတော့ မျိုးဆက် ၃ ဆက်စာစဉ်းစားတာ။ ဒါကြောင့်လဲ ငါတို့ကိုကျော်ပြီး နံပါတ် ၃ နေရာကို မျိုးဆက်တခုအတွင်းမှာ ရသွားတာပေါ့တဲ့။
ရှာမှရှားတဲ့ စူပါဘရိန်း လီကွမ်ယုကလည်း ကုမ္ပဏီတခုတည်းအောက်က စက်ရုံနှစ်ရုံမှာတောင် ဂျပန်မန်နေဂျာရှိတဲ့စက်ရုံကထုတ်လုပ်မှုသာတဲ့အကြောင်
းရေးထားသေးတယ်။ ဂျပန်မန်နေဂျာတွေက အောက် သက်ကြေပြီး စက်ဆီပေမှာ မကြောက်ပဲ အောက်ခြေ အလုပ်သ မားတွေနဲ့ အတူဝင်လုပ်နိုင် လိုအပ်ချက်ကိုဖြည့်ဆည်းနိုင်လို့တဲ့။

မရိုးနိုင်တဲ့ ဗမာဆုံးမစကားတခွန်းလဲ ရှိပါသေးတယ်။ တရုတ်လိုရှာ ကုလားလိုစု ဗမာလို မဖြုန်းနဲ့တဲ့။ တရုတ်ရယ် ဗမာရယ် ကုလားရယ် စင်္ကာပူရယ် ဂျပန်ရယ် European ရယ် ကိုများ နံပါတ်စီ လိုက်ကြ မယ်ဆိုရင် ---- ဒါကြောင့်ပြောတာပေါ့။ သိပြီးသားမို့ ခေါင်းကို စမ်းစရာ မလိုတော့ ပါဘူး လို့။


ကြားဖူးနားဝကို လက်တွေ့သိရတဲ့အချိန်ကျတော့ သူတို့ပြောတာ အပိုမဟုတ်ဘူးဆိုတာ မြင်လာပါတယ်။ ဆင်တကောင်လုံးတွေ့လို့ ဆင်ခြေရာခံမိတာပေါ့လေ။ JICA ဆိုတာ အရင်က NGO အဖွဲ့အစည်းတခုလို့ပဲ နားလည်ခဲ့တာ။ဂျပန်ဆေးရုံသစ်ကြီးဆောက်ပေးတဲ့အ
ဖွဲ့ပေါ့။ သူတို့ပေးခဲ့တဲ့ ရေခဲသေတ္တာတွေ နောက်တနှစ် လာစစ်တော့ ဆေးရုံထဲမှာ မရှိဘဲ ဆေးရုံ လူကြီး အိမ်ရောက်နေတဲ့အကြောင်း၊ သူတို့ပေးခဲ့တဲ့ ကုတင်ပေါ်မှာ ပျော်ပျော်ပါးပါးအိပ်ရင်းနဲ့ အလုပ်သင် ညဂျုတီ အတူဆင်းခဲ့တဲ့ သူငယ်ချင်းတွေတောင် လွမ်းမိပါသေး။ နောက်တခါ ကြားရပြန်တာက JICA က ကုသိုလ်ဖြစ်ဆေးခန်းတွေကို ဆေးလှူမှာတဲ့။ သာဓုပါရှင်။ ဟိုတနေ့ကမှ သိတယ်။ ၁၅ နှစ်လုံးလုံး JICA တကယ်လုပ်နေတဲ့အလုပ်က တနေ့မှာ ဖွံ့ဖြိုးလာမယ့်မြန်မာပြည်မှာ ရင်းနှီးမြုပ်နှံနိုင်မယ့် နေရာတွေ၊ သတင်းတွေ၊ စီးပွားကွက်တွေနဲ့ စီးပွားဖက်တွေကို ရှာဖွေစုဆောင်းထားဖို့တဲ့။ မြတ်စွာဘုရား။ တို့များမြန် မာပြည်ကို ဖွံ့ဖြိုးဖို့ မျှော်လင့်နေတာ တို့တွေချည်းပဲမှတ်နေတာ။ အင်းလေ --နံပါတ်စဉ်ထဲမှာ ဘိတ်ချီး ဆိုတော့လဲ ထိပ်ဆုံးကကောင် ဘာလုပ်လဲ မသိနိုင်တာ မထူးဆန်းပါ။

သွားရင်းလာရင်းနဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဂျပန်ဘဏ်ခွဲတခု ဖွင့်လှစ်တာကို သတိထားမိပါတယ်။ သတင်း စာထဲမှာလည်း ဆီဒိုးနားဟိုတယ်မှာ ဂျပန်စီးပွားရေးရုးံခွဲတခု ဖွင့်လှစ်ကြောင်းနဲ့ အကူအညီ အကြံဥာဏ် လိုအပ်တဲ့ ဂျပန်စီးပွားရေးသမားများကို ကူညီမယ့်အပြင် ရုံးခန်းတလခွဲဖွင့်ခွင့်ကိုတောင
် အလကားပေးဦးမယ်တဲ့။

သံလျင်တံတားအဆင်းက Star City စီမံကိန်းနေရာကို လွန်ခဲ့တဲ့လက မိတ်ဆွေတယောက် နဲ့ ရောက် သွားပါတယ်။ တကယ်ဆောက်နေတဲ့ ကွန်ဒို အဆောက်အဦးက ၂ ခုထဲပဲရှိသေးတာပါ။ အရောင်းပြခန်း ကတော့ န၀ဒေးအိမ်ယာ ပြခန်းထက်တောင် အပုံကြီးသာပါတယ်။ အခန်းတွေ နမူနာဖွဲ့ပြထားပြီး ထိုင်းဒီဇိုင်နာက ဆင်ပေးထားတော့ မြင်တာနဲ့တင် လိုချင်စရာ။ အရစ်ကျ ငွေချေစနစ်ကို အုံနဲ့ကျင်းနဲ့ ၀ိုင်းဝယ်နေတဲ့လူတွေကတော့ ဂျပန်တွေပါ။ ကျွန်မတို့လို မြန်မာတွေကတော့ သွားရေကျရုံထက် မပိုပါဘူး။ ဘယ့်နှယ် ဒီလောက်ကျဉ်းတဲ့ စတုရန်း ပေ ၉၀၀ အခန်းလေးကို သိန်း ၈၀၀ တဲ့။ ရန်ကုန်မြို့ထဲ ကအခန်းတွေ ဈေးထက်များနေပြီ။ ပတ်ဝန်းကျင်လမ်းတွေ ရေကန်တွေ ပန်းခြံတွေကတော့ အပြတ်အ သတ် သာတာပေါ့လေ။ ဟိုဘက်က သီလ၀ါစီမံကိန်းကို ၁၅ မိနစ်လောက်သာ သွားရတော့မှာမို့ အလုပ်လာ လုပ်ကြမယ့် ဂျပန်များနေဖို့ ရည်ရွယ်ဆောက်လုပ်ပါတယ်တဲ့။ ဆောက်လုပ်ရေးက တာဝန်ခံမန်နေဂျာက စင်္ကာပူလူမျိုးပါ။ လိုချင်လှချည် တကဲကဲဖြစ်နေတဲ့ မေမေ့ကို အဝေးကြီးပါမေမေ ရယ်၊ နေနိုင် မှာ မဟုတ် ပါဘူးလို့ ညာတာပါတေးချော့ခေါ်လာခဲ့တယ်။ အဲဒီအထိလဲ လော ကကြီးဘာဖြစ်နေ မှန်း မသိသေးပါဘူး။


ပန်တင်းခေါင်းလျှော်ရည် ကြော်ငြာလိုပဲပြောရတော့မယ်။ ခုတော့ ကျွန်မသိပြီ။ ကိုကို ဂျပန်များသာ အလည် ဆုံး အတော်ဆုံးဆိုတာ။ အခုဘာသာပြန်မယ့် ဆောင်းပါးကို ဖတ်မိသွားတာမို့ပါ။ သမ္မတဦးသိန်းစိန် က လက်ယပ်ခေါ်ပြီး ၀ါတာနာဘီစံ မင်းကိုပေးစရာတခုရှိသတဲ့။ ဒီတကွက်ထဲနဲ့တင် ၁၅ နှစ်ရင်းနှီးခဲ့ရသမျှ တန်ပါပေ့လို့ ဆိုရမှာပါပဲ။ အကြွေးတွေမဆပ်နဲ့တော့ လို့ ပြုံးပြုံး ကလေးပြော သွားတာအပြင် နောက်ထပ်လည်း ထပ်ချေးဦးမှာတဲ့။ ဟုတ်ကဲ့ ကျေးဇူးကြီးလှပါပေရဲ့ရှင်။ အပေါ်မှာ နိဒါန်းချီထားသမျှ မှန် မမှန်ဆောင်းပါးလေးဖတ်ပြီး ဝေဖန်ကြည့်ကြပါဦး။ ( Reuters (အမေရိကန် သတင်း ဌာန) မှာ ၂.၁၀.၁၂ နေ့မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် အန်တိုနီ စလိုကော့စကီးရဲ့ လက်ရာဖြစ်ပါတယ်။)


ဂျပန်များ၏ မြန်မာပြည်သို့ တိတ်တဆိတ် ချီတက်ခြင်း


ဂျပန်များဟာ မြန်မာပြည်ကို အားဖြည့်နေပါပြီ။ မာရသွန်ပြေးပွဲဟာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလရဲ့ ညတည မှာ အစပြုခဲ့တာပါ။ မြန်မာသမ္မတသစ်က ညစာစားပွဲအပြီးမှာ မြေပုံကြီးဖြန့်ခင်းပြီး အသက်ကြီးကြီးဂျပန် လူမျိုး အာဏာပွဲစားကို ဆုတခုချလိုက်လို့ပါ။ ဒီဆုဟာ မာကူးမြို့လောက်ကြီး တဲ့ မြို့တော် တခု တည်ဆောက်နိုင်ခွင့်
ပါပဲ။

အသက်၆၇ နှစ်ရှိပြီဖြစ်တဲ့ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်ဟာ မြန်မာအရပ်သားအစိုးရရဲ့ သမ္မဖြစ်တာ ၆ လပဲ ရှိပါသေးတယ်။ သမ္မတဟာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားပြန်လည် သင့်မြတ်ရေးအတွ
က်လက်တွဲခဲ့ပြီးအာဏာရှင်စနစ်အောက်မှာနှစ်၅၀ကြာခဲ့တဲ့ မြန်မာ့စီးပွားရေးကို လမ်းပြန် ဖွင့်ပေးမှုတွေအတွက် အားပေးခံရသလို သတိကြီးကြီးနဲ့စောင့်ကြည့်ခံထားရသူ ဖြစ်ပါတယ်။ အခုတော့ သမ္မတဟာ အာရှတိုက်ရဲ့ ဒုတိယအဆင်းရဲဆုံးနိုင်ငံအတွက် ရင်းနှီးမြှပ်နှံသူတွေကို ရှာဖွေနေပါတယ်။

နေပြည်တော်မှာတရုတ်ပုံစံညစာစားပွဲအပြီးမှာဦးသိန်းစိန်ဟာ မြန်မာပြည်အရေးစိတ်ဝင်စားသူ ဂျပန်နိုင် ငံရေး သမား ဟီဒီယို ၀ါတာနာဘီ (၇၈ နှစ် ) ဘက်ကိုလှည့်လိုက်ပါတယ်။ သမ္မတသစ်ဟာ ရန်ကုန်မြို့အနီး မှာရှိပြီးအိန္ဒိယသမုဒ္ဒရာထွက်ပေါက်ဖြစ်တဲ့ သီလ၀ါဆိပ်ကမ်းမှာ အထူးစီးပွားရေးဇုံတည်ဆောက်ဖို့ အပေးအ ယူတခုလုပ်ခဲ့ပါတယ်။ အကြွေးတွေ ချေးငွေတွေ နဲ့ လဲလှယ်ဖို့ပါပဲ။


ကျွန်တော် တခုခုတော့ လုပ်ပေးနိုင်ပါလိမ့်မယ်လို့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ယာဆုဟီရို နာကာစုံရဲ့ အနီး ကပ်ဖြစ်ခဲ့သ၊ူ ယခင် ဂျပန်အစိုးရ၀န်ကြီးဟောင်း ၀ါတာနာဘီက ပြန်ပြောပြခဲ့ပါတယ်။


ဝါတာနာဘီဟာစကားတည်သူပါ။ တနှစ်မပြည့်ခင်မှာတင် မြန်မြန်ဆန်ဆန်ပဲ ဂျပန်က အကြွေးတွေကိုလျော် ပစ်ပြီး အနည်းဆုံး ၁၈ ဘီလီယံဒေါ်လာအကူအညီပေးဖို့ သဘောတူခဲ့ပါတယ်။


ရွှေရောင်ဝင်းတဲ့ မြန်နှုန်းမြင့် ချစ်ကြည်ရေး


ဒါအပြင် ဂျပန်ဟာ ၃.၂ ဘီလီယံဒေါ်လာကို မြန်မာနိုင်ငံတောင်ပိုင်းမှာ တည်ရှိပြီး အရှေ့တောင်အာရှရဲ့ အကြီးဆုံးစက်မှုဇုံဖြစ်လာမယ့် ထားဝယ်ဆိပ်ကမ်းမှာ အထူးစီးပွားရေးဇုံ တည်ဆောက်ဖို့ ရင်းနှီးမြှပ်နှံ မယ်လို့ လည်း သတင်းရရှိပါတယ်။ ဒီသဘောတူညီမှုတွေဟာ တညတာအတွင်းမှာ တင် ဖြစ်ပေါ်ခဲ့ တာပါ။ သီလ၀ါစီမံကိန်းရဲ့ တစိတ်တပိုင်းမှာတင် အကြွေးလျော်တာတွေနဲ့ ထပ်ချေးတာတွေဟာ ၅ ဘီလီ ယံဒေါ်လာထိအောင် ရှိတာမို့ ၂၀၁၁ -၂၀၁၂ မှာ အမေရိကန်တွေပေးတဲ့ ဒေါ်လာ ၇၆ သန်းနဲ့ အီးယူအဖွဲ့က ၂ နှစ်အတွင်းပေးမယ်ပြောထားတဲ့ ဒေါ်လာသန်း ၂၀၀ ကို သိမ်နုတ်စေပါတယ်။


ဂျပန်အစိုးရနဲ့စီးပွားရေးခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံနဲ့ သတိကြီးကြီးဆက်ဆံနေရာကနေ ဘယ်လိုများ တနှစ်အတွင်းမှာ ရွှေရောင်ချစ်ကြည်ရေးအဆင့်ကို တက်သွားရတာလဲလို့ သိရအောင် သတင်းဌာနအနေနဲ့ အာဏာပိုင်တွေ၊ အုပ်ချုပ်သူတွေ၊ နိုင်ငံရေးသမားတွေ အယောက် ၅၀ လောက်ကို လိုက်လံမေးမြန်းကြည့်ပါတယ်။ သူတို့ပြောပြတာကတော့ မြန်မာပြည်ရဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု
ဥပဒေသစ်အတွက် သက်တမ်းနုလှတဲ့ လွှတ်တော်ထဲမှာ ငြင်းခုန်နေဆဲအဆင့်မှာတောင်

သေးငယ်ကျစ်လျစ်ပြီး အဆက်အသွယ်ကောင်းလှတဲ့ ဂျပန်အဖွဲ့ဟာ တိုကျိုအုပ်ချုပ်ရေးပိုင်းနဲ့ ကူညီ ပံ့ပိုးရေးအဖွဲ့တွေကို ဆုံးဖြတ်ချက်တွေ မြန်မြန်ချနိုင်အောင် တိုက်တွန်းနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။


ဒါဟာအာရှရဲ့နောက်ဆုံးနဲ့အရေးအပါဆုံးဈေးကွက်ကိုလွှမ်းမိုးလိုက်တာပါပဲ။ ဂျပန်များကတော့ မြန်မာခေါင်းဆောင် များဟာ တရုတ်ပြည်ရဲ့ မဆုံးတမ်းလွှမ်းမိုးမှုက လွတ်မြောက်အောင် ကူညီမယ့်သူများက
ို ရှာဖွေနေတယ်လို့ ပြောကြပါတယ်။ ဂျပန်ရဲ့တွန်းအားဟာ မြန်မာပြည်အပေါ် အမေရိ ကန်နဲ့ အီးယူအဖွဲ့တို့ထက် တလှမ်းသာနေပါတယ်။ အမေရိကန်နဲ့ အီးယူအဖွဲ့တွေက ၁၉၉၀မှာ ချမှတ်ခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်ဖွင့်ပေးဖို့ တွန့်ဆုတ်နေကြတာမို့ပါ။ ဒီအတွက်ဖြစ်လာနိုင်တဲ့ ရလာဒ်ကတော့ ဂျပန်များရဲ့ ကုန်သွယ်ရေးရုံးခန်းတွေ၊ ဘဏ်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို တရှိန်ထိုးခုန်တက် သွားစေ တာပါ။

အမေရိကန်တွေက ကျွန်တော်တို့ကိုညှာတာပြီး မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့မှု လုပ်ပေးခဲ့တဲ့အတွက် ကံကောင်းသွားတာပါ။ ဒါကြောင့်လည်း အနောက်နိုင်ငံစီးပွားရေးလုပ်ငန်
းများဟာ မြန်မာပြည်ထဲမှာ လုံးဝကို ရှိမနေခဲ့ဘူးလေ လို့ ထားဝယ်သုတေသနဌာနရဲ့ မန်နေဂျာ ဂျပန်လူမျိုး ရှီဂက်တို အင်နာမီက ပြော ပါတယ်။ ဒီဥာဏ်ကြီးရှင်များအဖွဲ့ဟာ မြန်မာပြည်ရဲ့ သေးငယ်လှတဲ့ စတော့ရှယ်ယာဈေးကွက်ကို ၂၀၁၅ မှာ အကြီးအကျယ်ပြောင်းပစ်ဖို့ စီစဉ်နေပါတယ်။

အမေရိကန်နဲ့ အီးယူ သံတမာန်များကတော့ ဂျပန်က အခွင့်ကောင်းရသွားတယ်လို့ မမြင်ပါဘူးတဲ့။ ၀ါရှင်တန်က တိုကျိုအပါအ၀င် အားလုံးကို မြန်မာပြည်ကို ပြန်လည်ဝင်ရောက်ပြီး စီးပွားရေးမှာကူညီ ဖို့ မြန် မာအစိုးရရဲ့ ပြုပြင်ရေးသမားတွေကို ထောက်ပံ့ဖို့ တိုက်တွန်းနေခဲ့တာပါလို့ အမေရိကန်အစိုးရရဲ့ အကြီးတန်း တာဝန်ခံတဦးက ပြောပြပါတယ်။


လက်တဆုပ်စာ အမေရိကန်စီးပွားရေးလုပ်ငန်းကြီး
တွေဖြစ်တဲ့ ဂျီအီးနဲ့ ကိုကာကိုလာ ကုမ္ပဏီတွေ ကတော့ ပြန်ဝင်လာပါပြီ။ သီလ၀ါမှာဆိုရင် အနောက်နိုင်ငံလျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းများဖြစ်တဲ့ ဂျီအီးနဲ့ စီ မန်း တို့အပြင် ဆောက်လုပ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ ဘက်ခ်ျတယ်နှင့် ဘယ်လ်ဖိုး ဘက်တီ တို့ဟာ ဂျပန် များ ထံက ကန်ထရိုက်လုပ်ငန်းကို ခွဲဝေရရှိကြပါတယ်လို့ စီးပွားရေးဆိုင်ရာလေ့လာသူများ က ပြော ပါတယ်။

ကျွန်တော်တို့ရဲ့ ပြိုင်ဘက်အများအပြားဟာ ဈေးကွက်ထဲမှာ နှစ်ပေါင်းများစွာရှိနှင့်နေကြတ
ာမို့ ကျွန်တော်တို့ အတော်ကို နောက်ကျနေပါပြီလို့ အရှေ့တောင်အာရှဆိုင်ရာ အမေရိကန် ဦးဆောင်ညွှန်ကြားရေးမှုး ဂျွန် ဂိုယာကပြောပါတယ်။ ဒါပေမယ့်လည်း မြန်မာများက အမေရိကန်ကုမ္ပဏီများကို အလွန်လိုလားတယ် ဆိုတာ ကတော့ သိသာပါတယ် တဲ့။

မြန်မာပြည်အား ဈေးကွက်တင်ခြင်း


ဂျပန်များရဲ့ အလျင်စလို နိုင်မှုဟာ စွန့်စားမှုတွေများလှပါတယ်။ အမေရိကန်မှာ နာမည်ပျက်စာရင်း ၀င်နေတဲ့ လက်ဝါးကြီးအုပ်စီးပွားရေးသမားနဲ
့ အတူတွဲလုပ်ကိုင်ခြင်းဖြင့် ဂျပန်ကုမ္ပဏီများရဲ့ နာမည်ကောင်း ကို ထိခိုက်နိုင်စရာအကြောင်းရှိပါတယ်။

ဂျပန်များရဲ့ ဧက ၅၉၃၀ အကျယ်အ၀န်းရှိတဲ့ သီလ၀ါအထူးစီးပွားရေးဇုံ တည်ဆောက်ရေးဟာ ပတ်ဝန်း ကျင်မြေများမှာ အငြင်းပွားနေဆဲ ပိုင်ဆိုင်မှုပြသနာများကို မဖြေရှင်းရသေးခင်မှာ သဘောတူခဲ့ကြတာပါ။ အခုထိ သီလ၀ါမှာ ကွင်းပြင်ဟောင်းလောင်းကြီးဖြစ်ေ
နပါသေးတယ်။ စပါးစိုက်ပျိုးတဲ့လယ်မြေတွေကို စက်ရုံတွေဆောက်ကြမှာပါ။အလုပ်သမားများဟာရွှံ့မြေတွေကိုခြင်းနဲ့သယ်ကြပြီးကားကြီးတွေနဲ့ ကျောက်ခဲတွေ ကို လမ်းဆိုးပေါ်ပုံချတုန်းပဲရှိပါသေးတယ်။

ကျွန်တော်တို့ရဲ့ အယ်ဒိုရာဒို(အာဖရိက တောနက်အတွင်းမှ မြို့အမည်) နယ်မြေသစ်မှ ကြိုဆိုပါတယ်လို့ ယခင် အစိုးရတာဝန်ရှိသူတဦးဖြစ်ပြ
ီး အခုအခါမှာ နိုင်ငံခြားရင်းနှီးမြှပ်နှံသူတွေကို မြန်မာ့ဝန်ကြီးဌာနများနဲ့ ဆက်သွယ်ပေးနေသူက အစိမ်းရောင်လွင်ပြင်ထဲကားဖြတ်မောင်းရင်းနဲ့ ပြောပါတယ်။

ဂျပန်အမှုဆောင်အရာရှိများဟာ စွန့်စားခန်းတွေက များနေမှန်းသိကြပါတယ်။ အပေါ်ပိုင်းမှာ ပိုတောင်များ ပါသေးတယ်တဲ့။ အခုနေ ပြသနာစာရင်းကိုသာ ချရေးကြည့်မယ်ဆိုရင် စာကြောင်းရေ ၅၀-၆၀ လောက် ထွက် လာမှာပါ လို့ Marubeni ကော်ပိုရေးရှင်းရဲ့ အာရှနှင့် သမုဒ္ဒရာ စီမံကိန်းမန်နေဂျာ ယာဆုဟီရို မိုရိမိုတို ကပြောပါတယ်။ ဒါတောင်မှ သူကထပ်ပြောပါသေးတယ်။ ဖြစ်နိုင်ခြေရှိတဲ့ အကျိုးအမြတ်တွေက ကုန်သွယ် မှုကို ပျက်စီးနိုင်ခြေတွေထက် များပါတယ်တဲ့။


မြန်မာနိုင်ငံဟာဆုလာဒ်တခုလို့ မြင်ထားကြတာ ကြာပါပြီ။ မြေဧရိယာအားဖြင့် ဗြိတိန်နှင့်ပြင်သစ်နိုင်ငံပေါင
်း ထားသလောက် ကျယ်ပြောပါတယ်။ နယ်စပ်ခြင်းထိစပ်နေတာကလဲ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာနှုန်းဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နှင့် ထိုင်း နိုင်ငံတွေနဲ့ပါ။ အိန္ဒိယသမုဒ္ဒရာနှင့် အက်ဒမန်ပင်လယ်ထဲကို သွားနိုင်မယ့် ဆိပ်ကမ်းတွေကလည်း ကမ္ဘာ့အလုပ်အများဆုံး သင်္ဘောလမ်းကြောင်းဖြစ်တဲ့ မလ္လကာရေ လက်ကြား ရဲ့ မြောက်ဘက်လေးတင်ရှိနေပါတယ်။

တရုတ်နိုင်ငံဟာ မြန်မာပြည်ရဲ့ အဓိက ထောက်ပံ့သူဖြစ်နေတုန်းပါပဲ။ ၂၀၁၁ ခုနှစ် မတ်လစာရင်းများအရ စွမ်းအင်ဆိုင်ရာရင်းနှီးမြှပ်နှ
ံမှုတွေအပါအ၀င် တရုတ်နိုင်ငံက ၁၄ ဘီလီယံဒေါ်လာကျော်ဟာ မြန်မာနိုင်ငံမှာ စုစုပေါင်း နိုင်ငံခြားရင်းနှီးမှုများရဲ့ ၇၀% ရှိပါတယ်။ ဂျပန်နိုင်ငံကတော့ ၁၉၈၈-၂၀၁၁ အတွင်းမှာ ဒေါ် လာ ၂၁၂ သန်းသာ မြှပ်နှံခဲ့ပါတယ်။

အခုတော့ ဂျပန်များ ရှပ်အင်္ကျီလက်ပင့်တင်လို့ ဟန်ပြင်နေကြပါပြီ။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဂျပန်ကို လိုနီဖြစ်ခဲ့တာတောင်မှ ယနေ့ ဂျပန် မြန်မာဆက်ဆံရေးဟာ မယုံနိုင်စရာ နွေးထွေးလွန်းလှပါတယ်။


ကမ္ဘာစစ်အပြီးမှာ ဂျပန်နိုင်ငံကို စစ်လျော်ကြေးတောင်းတဲ့နေရာမှာ မြန်မာနိုင်ငံဟာ ပထမဆုံးသော အရှေ့တောင် အာရှနိုင်ငံဖြစ်ခဲ့ပါ
တယ်။ လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဏာရှင်ဟောင်း ဦးနေ၀င်း တို့ဟာ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်များ ဖြစ်ခဲ့ပြီး အင်္ဂလိပ်ကို ဆန့်ကျင်ဖို့ ဂျပန်နိုင်ငံမှာ သင်တန်း တက်ခဲ့ကြပါတယ်။

မြန်မာတွေဟာ ဂျပန်နဲ့ဖြစ်ခဲ့တဲ့အတိတ်ဆိုးတွေ
ကို ချန်ထားခဲ့ပြီး ဂျပန်ကွန်ဆာဗေးတစ်နိုင်ငံရေးသမားများ ကို ဖက်လှဲတကင်း ကြိုဆိုနေကြပါတယ်။ အနောက်နိုင်ငံများလိုမဟုတ်ပဲ ဂျပန်ဟာ ဘယ်တုန်းကမှ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးတွေကို ပိတ်ဆို့မှု မလုပ်ခဲ့ပါဘူး။ ဒါကြောင့်မို့လဲ ဂျပန်ကော်ပိုရေးရှင်း များ ဟာ မြန်မာပြည်ထဲမှာ ထင်ထင်ရှားရှားရှိနေခဲ့ပါတယ်။ ဘဏ်ကြီးတွေဖြစ်တဲ့ မီဆုဘီရှီ UFJ၊ Sumitomo Mitsui Financial and Mizuho Financial Group ရဲ့ရုံးခွဲတွေဟာ ဆုံချက်ကြီးတွေအဖြစ် ရန်ကုန် စီးပွားရေးနယ်မြေထဲမှာရှိနေခဲ့ပါတယ်။ ခိုင်မာတဲ့ ဂျပန်မြန်မာ ဆက်ဆံရေးကို ငွေပြန်ဖော်ဖို့ အချိန်ရောက်ပြီ လို့ ထိပ်ပိုင်းဘဏ်အရာရှိက ပြောပါတယ်။

တိုကျိုရဲ့ တာဝန်ခံ

တိုကျိုတာဝန်ခံ ၀ါတာနာဘီဟာ သြဇာရှိအပေါင်းအသင်းများနှင့် နိုင်ငံရေးသြဇာထူထောင်ရာမှာ အစွမ်း ထက် ခဲ့သူဖြစ်ပါတယ်။ မြန်မာနိုင်ငံအရေးဟာ သူ့အတွက် ဒုတိယမြောက် မှတ်တိုင်ပါ။ စစ်ပြီးစက ၀ါတာနာဘီ ဟာ ၁၁ နှစ်သားပဲ ရှိပါသေးတယ်။ သူ့အကိုကြီးတယောက်ကတော့ ကာမီကာဇေ လေ သူ ရဲကောင်းဖြစ်ခဲ့ပြိး အိုကီနာဝါကျွန်းတိုက်ပွဲမှာ ကျဆုံးခဲ့ပါတယ်။ ဒီအကြောင်းကို သူက မိန့်ခွန်းထဲမှာ တခါ တလေ ထည့်ပြောတတ်ပါတယ်။ သူဟာ ကွန်ဆာဗေးတစ်နိုင်ငံရေးသမားဝါရင
့်ကြီးဖြစ်ပြီး ၁၉၉၀ ခုနှစ်များ မှာ ဂျပန်နိုင်ငံဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာပြည်နဲ့ ပထမဆုံးပတ် သက်ခဲ့တာကတော့ ၁၉၈၇ ခုနှစ်မှာ စစ်အာဏာရှင် ဗိုလ်ချုပ်များကို တိုကျိုမှာ ဧည့်ခံခဲ့ရစဉ်ကပါ။ စစ် ဗိုလ်ချုပ်များက ကျောင်းသားများရဲ့ ဆန္ဒပြပွဲကို ဖြိုခွင်းခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ် ချ ထား ခဲ့ပေမယ့်၂ နှစ် အတွင်းမှာပဲ နာကာစုံဟာ ၀ါတာနာဘီကို မြန်မာပြည်နဲ့ တရားဝင်မဟုတ်သော ဆက်ဆံရေး များထူထောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဝါတာနာဘီရဲ့ အာဏာရှင်များကို ထောက်ခံမှုဟာ ဘယ်တုန်းကမှ တွေဝေယိမ်းယိုင်ခြင်းမရှိခဲ့ပါဘ
ူး။ မြန် မာပြည်မှာတရားဥပဒေကိုထိန်းသိမ်းဖို့ စစ်အာဏာရှင်စနစ်ကလွဲပြီး တခြားရွေးစရာမရှိခဲ့ပါဘူး လို့ ရင်းနှီးမြှပ်နှံ မှုများရရှိဖို့ သူကိုယ်တိုင်ထူထောင်ခဲ့တဲ့ ဂျပန်မြန်မာ ဖက်စပ်အဖွဲ့အစည်းရဲ့ website မှာ ရေး သား ထားပါတယ်။ သူဟာ သမ္မတ ဦးသိန်းစိန်ကို ၁၉၉၆ ခုနှစ်က ရှမ်းပြည်နယ်ကို ဆေးရုံ သုံး ပစ္စည်း များပေး ပို့တဲ့ လမ်းခရီးမှာ နယ်မြေခံ တပ်ရင်းမှူးအနေနဲ့ တွေ့ခဲ့ပါတယ်။ ဒီနောက်မှာ ဗိုလ်ချုပ်က သူ့ကို ဂေါက် ရိုက်ကစားဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

အဲဒီတချိန်ပဲ ပျော်စရာရှိခဲ့တာပါလို့ ၀ါတာနာဘီက တွေ့ဆုံမေးမြန်းခန်းမှာ ပြောပါတယ်။ ဦးသိန်းစိန် ဟာ ဂေါက်သီးရိုက်တော်ပါတယ်။ စစ်ဝတ်စုံနဲ့ဆိုရင် ဦးသိန်းစိန်ဟာ တကယ်ကြည့်ကောင်းပါတယ် တဲ့။ ဒါဟာ လယ်သမားမိသားစုမှာ မွေးဖွားခဲ့ပြီး နှစ် ၄၀ လောက်စစ်မှုထမ်းခဲ့တဲ့ ဦးသိန်းစိန်အတွက် ပုံမှန် မှတ်ချက်တော့ မဟုတ်ပါဘူး။ ဦးသိန်းစိန်ဟာ ၂၀၀၇ ခုနှစ်မှာ ၀န်ကြီးချုပ်အဖြစ်ခန့်အပ်ခြင်း
ခံခဲ့ရပါတယ်။ စာဂျပိုးပုံပေါက်နေတဲ့ ဗိုလ်ချုပ်ဟာ စစ်တပ်က အစိုးရထဲမှာ နေရာရဖို့ အာမခံခဲ့တဲ့ ၂၀၁၀ ရွေးကောက် ပွဲ အပြီးမှာ ပထမဆုံးအရပ်သား သမ္မတဖြစ်လာခဲ့ပါတယ်။

သံတမာန်ဆက်ဆံရေး ပျက်ပြားမှု


ဝါတာနာဘီရဲ့စိတ်ကြိုက်ဆက်ဆံမှုတွေဟာတခါတလေမှာ ဂျပန်နိုင်ငံခြားရေးဌာနကို ကမောက်ကမ ဖြစ်စေ တတ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကွိုင်ချီရို ဂန်ဘာ ဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးကို
ညစာဖိတ်ကျွေးခဲ့ပါတယ်။ ဒါဟာ ၁၆ နှစ်အတွင်းမှာ ပထမဆုံး အဖြစ် နှစ်နိုင်ငံထိပ်ပိုင်း သံအရာရှိများတွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဂန်ဘာက မြန်မာပြည်ဟာ ဒီမိုကရေ စီပြုပြင်ပြောင်းလဲရေးတွေကို ဆက်လက်လုပ်ဆောင်သွားမယ်ဆိုရင် ဂျပန်က ရင်းနှီးမြှပ်နှံမှုအသစ်တွေလုပ်ပါမယ်လို့ ကတိပြုခဲ့ပါတယ်။ အဲဒီညမှာပဲ နေပြည်တော်မှာ ၀ါတာနာဘီကို သမ္မတဦးသိန်းစိန် က မြေပုံ ထုတ်ပြခဲ့တာပါ။ ဒါပေမယ့် ၀ါရင့် အာဏာပွဲစားကြီးကတော့ နှစ်နိုင်ငံချစ်ကြည်ရေးအတွက် လုံးဝကွဲပြားတဲ့ တုန့်ပြန်မှုကို ပေးခဲ့ပါတယ်။

သမ္မတသစ်က ၀ါတာနာဘီကို ထိုင်းတွေ မရူနိုင်မကယ်နိုင်ဖြစ်နေတဲ့ ထားဝယ်မှာ စီးပွားရေးဇုံဆောက် ဖို့ ပြောခဲ့ပါတယ်။ဦးသိန်းစိန်ဟာ တရုတ်ပြည်က ထောက်ပံ့ပေးနေတဲ့ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းက
ို လည်း ပြည်သူတွေရဲ့တောင်းဆိုမှုကြောင့် ရပ်ဆိုင်းပေးခဲ့ပါတယ်။ ဒါကလည်း ဂျပန်တွေအတွက် တံခါးပွင့် သလိုဖြစ်စေပါတယ်။

ဦးသိန်းစိန်က ၀ါတာနာဘီစံ - မင်းကိုပေးစရာတခုရှိတယ် လို့ပြောခဲ့ပါတယ်။ သူ့ရဲ့ အတွင်းရေးမှုးကို စာရွက် စာတမ်းတွေယူလာဖို့ ပြောလိုက်ပါတယ်။ ဒါဟာ သီလ၀ါစီမံကိန်း ဘယ်လိုဖြစ်လာသလဲဆိုတာပါပဲလို့ ၀ါတာနာဘီက ပြန်ပြောပြပါတယ်။ တိုကျိုမှာရှိတဲ့ မြန်မာသံရုံးနဲ့ နေပြည်တော်သမ္မတရုံးကတော့ ဦးသိန်းစိန် ဟာ ၀ါတာနာဘီနဲ့တွေ့ဆုံခဲ့ခြင်းအပေါ်
နှုတ်ဆိတ်နေပါတယ်။ ၂၀၁၁ အောက်တိုဘာမှာ တိုကျိုကို အစည်း အဝေးတက်ဖို့ ပြန်လာတဲ့ဝါတာနာဘီက နိုင်ငံခြားရေးဝန်ကြီး ဂန်ဘာနဲ့ အဆက်အသွယ်ရှိပါတယ်တဲ့။ ကျွန်တော် က ဂန်ဘာကို နှစ်မကုန်ခင် မြန်မာပြည်ကို သွားရောက်ပြီး သီလ၀ါစီမံကိန်းကို လုပ်ဖို့နီး စပ်နေကြောင်း ပြပါလို့ ပြောလိုက်ပါတယ်။ သူဒီလိုမလုပ်ခဲ့ဘူးဆိုရင် ဒါဟာ နှစ်ဘက်အစိုးရပိုင်းရဲ့ တရားဝင် စီမံ ကိန်းဘယ်ဟုတ်ပါ့မလဲ တဲ့။

ဂန်ဘာကို ဖိအားပေးဖို့အတွက် ၀ါတာနာဘီဟာ ကုန်သွယ်ရေးဝန်ကြီး ယူကီအို အဒါနို နဲ့ ဒီမိုကရက်ပါတီမှာ သြဇာရှိတဲ့နိုင်ငံရေးသမား ယိုရှီတို စန်ဂိုကုတို့ကိုလည်း မြန်မာနိုင်ငံကို မြန်နိုင်သမျှ မြန်မြန်သွားဖို့ တိုက် တွန်း ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်က နိုင်ငံခြားရေးဝန်ကြီးဌာနကိုသွာ
းပြီးတော့ အဒါနိုက မြန်မာပြည်ကို သွားရောက်ဖို့ ကတိပေးလိုက်ပြီလို့ ပြောလိုက်ပါတယ်။ ကုန်သွယ်ရေး ၀န်ကြီး က နိုင်ငံခြားရေး ၀န်ကြီး ထက်အရင်ရောက်သွားတယ်ဆိုရင် ဂန်ဘာက မျက်နှာပျက်ရပါတော့မယ်။ ဒါကြောင့်လည်း ဒီဇင်ဘာ လ ထဲမှာ မြန်မာပြည်ကို သူရောက်သွားတာပေါ့တဲ့။

အကြွေးများ လျှော်ပစ်ခြင်း


မတ်လထဲမှာ ၀ါတာနာဘီဟာ ဂျပန်မြန်မာ ဖက်စပ်အဖွဲ့ကို ထူထောင်ခဲ့ပါတယ်။ အဖွဲ့ဝင်တွေကတော့ နာကာ စုန်နဲ့ တရုတ်ပြည်ကို ဖိအားပေးရာမှာ နာမည်ကြီးခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း တာရို အစို တို့ဖြစ်ကြ ပါတယ်။ ဒီအဖွဲ့မှာ အငြိမ်းစား အစိုးရအဖွဲ့ဝင်များနဲ့ ကုန်သွယ်ရေးလုပ်ငန်းကြီးများဖြစ
်တဲ့ Marubeni နဲ့ မစ်ဆူဘီရှီ ကော်ပိုရေးရှင်းတွေက အုပ်ချုပ်သူများပါဝင်ပါတယ်။ ဒီအဖွဲ့ဟာ အထောက်အပံ့တွေပေး အပ်ရာ မှာ ထိထိရောက်ရောက်ပုံဖော်နိုင်အောင် တနွေလုံးလုပ်ဆောင်ခဲ့ကြပါတယ်။

ဝါတာနာဘီက အကြွေးတွေလျှော်ပစ်ဖို့ကိုလည်း ဘဏ္ဍာရေးဝန်ကြီးဌာန အဆက်အသွယ်တွေကို သုံးပြီး လုပ်ပေးခဲ့ပါတယ်။ဧပြီလ ၂၁ ရက်နေ့ - နေပြည်တော် ညစာစားပွဲအပြီး ၆ လ အကြာမှာ ဘဏ္ဍာရေး ၀န်ကြီးဌာနကအကြွေးတွေရဲ့၆၀%ကိုလျှော်ပေးခဲ့ပါတယ်။ဝါတာနာဘီကသူ့အနေနဲ့အကုန် လုံးတောင်လျှော် ပစ်ဖို့တို
က်တွန်းခဲ့တာပါတဲ့။ ဒါပေမယ့် ပဲရစ်အဖွဲ့ဝင် အကြွေးရှင်နိုင်ငံများက တင်းခံနေခဲ့လို့ပါ တဲ့။


ဒီအထောက်အပံ့တွေပေးတဲ့အထဲမှာ ပါဝင်ဆောင်ရွက်သူများက တိုကျိုဟာ အကြွေး ၃.၇ ဘီလီယံဒေါ်

လာကို ချေပစ်ပြီး ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်များက အကြွေးတွေကို ပြန်ဆပ်ဖို့ ဒေါ်လာသန်း ၉၀၀ ကိုလည်း တိုကျိုမီဆုဘီရှီ UFJ ဘဏ်ကတဆင့် ထပ်ချေးဦးမှာတဲ့။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ
့ က တာဝန်ရှိသူတွေဟာ ဂျပန်ရဲ့ လျှင်မြန်နှုန်းကို အံ့သြသွားကြပါတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ဂျပန် အစိုးရအဖွဲ့ဝင်တဦးက ပြောပါတယ်။ သူတို့ဒါမျိုး တခါမှ မမြင်ဖူးဘူးလို့ လည်း ပြော လိုက်ပါသေးတယ်တဲ့။

ဂျပန်ကကြွေးတွေလျော်ပစ်တာဟာ မြန်မာပြည်ကို ပြုပြင်ပြောင်းလဲစေဖို့ အဓိကနည်းလမ်းအဖြစ်သုံးခဲ့တာမို့
တခြားအလှုရှင်ထပ်ရှာဖို့ ခက်ခဲနေပါတယ်။ ဒါကြောင့်လည်း တခြားပါတီများကို ဖိတ်ခေါ်ပြီး ဒီကိစ္စကို ရှေ့ အပတ်မှာ ဆွေးနွေးကြပါလိမ့်မယ်။

အမည်ပျက်စာရင်းဝင် လက်ဝါးကြီးအုပ် စီးပွားရေးသမားများ


မတ်လမှာ တိုကျိုနိုင်ငံရေးသမားများဟာ အမေရိကန်က နာမည်ပျက်စာရင်းသွင်းထားတဲ့ စီးပွားရေး လုပ် ငန်းရှင် ဦးဝင်းအောင်နှင့် လက်တွဲခဲ့ပါတယ်။ မြန်မာလုပ်ငန်းရှင်ဟာ ဂျပန်မြန်မာ ဖက်စပ်အ ဖွဲ့ ထူထောင် တဲ့ပွဲမှာ အဖွင့်မိန့်ခွန်းပြောဖို့ ဂျပန်ကိုလာရောက်ခဲ့ပါတယ်။ သူဟာ အိဒါနို၊ ဆန်ဂိုကူ၊ နာကာစုံ တို့နဲ့ အနီးကပ်ဆုံတွေ့ခဲ့ပါတယ်။ စက်မှုနိုင်ငံထူထောင်ဖို့ဟာ မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက်
အရေးကြီးပါတယ်လို့ ဦးဝင်းအောင်က ပြောပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ဟာ ၀န်ကြီးအိဒါနို ရဲ့ သီလ၀ါ စီမံ ကိန်း အပေါ် ထောက်ပံ့မှုကို အလွန်အမင်းဝမ်းသာပါတယ် တဲ့။

ဦးဝင်းအောင်ဟာဒဂုံ ကုမ္ပဏီကိုပိုင်ဆိုင်ပြီး မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်
းရှင်များအသင်းမှာ ဦးဆောင်  သူဖြစ် ပါ တယ်။ သူ့ရဲ့ဆောက်လုပ်ရေးလုပ်ငန်းဟာ နေပြည်တော်တည်ဆောက်ရေးမှာ လုပ်ကိုင်ခွင့်ရခဲ့တဲ့ လုပ်ငန်း ၈ ခုထဲက တခုဖြစ်ပါတယ်။ ၀ီကီလိခ်မှာ ထုတ်ပြန်ခဲ့တဲ့ အမေရိကန်သံတမာန်များရဲ့ လျို့ဝှက် သတင်းအရ သူဟာ စစ်တပ်အဆက်အသွယ်တွေရဲ့ အကူအညီနဲ့ တားမြစ်ဒေသတွေက ကျွန်းသစ်တွေ ကို နိုင်ငံခြားတင်ပို့ခဲ့တယ်လို့ သိရပါတယ်။ ဦးဝင်းအောင်ဟာ ဒီကိစ္စကို မှတ်ချက်ပေးဖို့ email မှတဆင့်တောင်းဆိုပေမယ့် အကြောင်းမပြန်ပါဘူး။ သူဟာ အမေရိကန်ရဲ့ တားမြစ်ထားတဲ့ နာမည်ပျက် စာရင်းမှာ ပါဝင်နေတာကြောင့် အမေရိကန်များဟာ သူနဲ့အတူလုပ်ငန်းလုပ်ကိုင်ခွင့် မရှိပါဘူး။ ဦးဝင်းအောင် ဟာ သီလ၀ါဆောက်လုပ်ရေးမှာ မြန်မာနိုင်ငံဘက်ခြမ်းက ဘယ်သူပါဝင်ခွင့်ရမလဲဆိုတာကို ဆုံးဖြတ်ပေး မယ့်လူဖြစ်ပါတယ်။

ဆွေးနွေးပွဲတွေမှာ ပါဝင်ခဲ့သူတဦးရဲ့ အဆိုအရတော့ ဦးဇော်ဇော်ပါဝင်ခွင့်ရလိမ့်မယ်
လို့ သိရပါတယ်။ ဦးဇော်ဇော်ဟာ စက်မှုလုပ်ငန်းရှင်ဖြစ်ပြီး အာဏာရှင်များနဲ့နီးစပ်သူလည်းဖြစ်ပါတယ်။ သူ့ရဲ့လုပ်ငန်းများဟာ ကျွန်းသစ်၊ ရာဘာစိုက်ပျိုးရေးများ နှင့် ဆောက်လုပ်ရေးလုပ်ငန်းများအထိ ကျယ်ပြန့်ပါတယ်။ သူဟာလည်း အမေရိကန်နာမည်ပျက်စာရင်းဝင်ပဲ ဖြစ်ပါတယ်။ ဦးဇော်ဇော်ဟာ ဂျပန်ကားဟောင်းများ တင်သွင်းခြင်းဖြင့် ချမ်း သာလာခဲ့ပြီး သူ့ရဲ့ Max-Myanmar တံဆိပ်တပ်ထားတဲ့ ထရပ်ကားတွေ ကို သီလ၀ါဒေသ မှာ မြင်နေကြ ရပြီ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စည်းရုံးထားခြင်း


နိပွန်ဖောင်ဒေးရှင်းကို ပိုင်ဆိုင်တဲ့ ယိုဟီ ဆာဆာကာဝါဟာလည်း ၀ါတာနာဘီရဲ့ မြန်မာဖွင့်ပွဲကို ကူညီ ခဲ့ ပါတယ်။ ဖောင်ဒေးရှင်းကို စစ်ပြီးခေတ်ဂျပန်မှာ သြဇာကြီးပြီး အရှည်မျှော်တွေးတတ်တဲ့ နိုင်ငံရေး ဆရာကြီး ဖြစ် ခဲ့သူ ဆာဆာကာဝါရဲ့ ဖခင်ကထူထောင်ခဲ့တာဖြစ်ပါတယ်။ ဆာဆာကာဝါက မြန်မာပြည်ကို စိတ်ဝင် စားနေတာကြာခဲ့ပါပြီ။ သူဟာ ၀ါတာနာဘီ၊ ဆန်ဂိုကုတို့နဲ့အတူ သီလ၀ါကိစ္စကို ဦးသိန်းစိန်နဲ့ ဂျုလိုင် လအတွင်းက ထပ်မံညှိနှိုင်းပွဲမှာ ပါဝင်ခဲ့ပါတယ်။ ဒီနေရာမှာ ဆာဆာကာဝါက အာဏာရှင် လက်ထက် မှာ နှစ်ပေါင်းများစွာ တိုက်ပွဲဖြစ်နေခဲ့တဲ့ လူနည်းစုတိုင်းရင်းသားများဒေသမှ
ာ အထောက်အပံ့ အကူအ ညီတွေ ပေးဖို့ကမ်းလှမ်းခဲ့ပါတယ်။ ဒီလူနည်းစုတွေဟာ အစိုးရသစ်က ငြိမ်းချမ်းရေးကို ရည်ရွယ်ကြောင်း နား လည်ဖို့လိုမယ်လို့ သူကပြောပါတယ်။ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေဟာ ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်းမရှိခဲ့ပါဘူး။

နှစ်နိုင်ငံသဘောတူညီချက်များကို
သြဂုတ်လအတွင်းမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာဘက်က ဦး ၀င်းအောင်ကဦးဆောင်ပြီး စက်မှုဇုံကို အကောင်အထည်ဖော်နေပြီး ဂျပန်ဖက်ကတော့ infrastructures များ ကို အကြမ်းရေးဆွဲနေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီကတော့ စစ်တပ်ကကျောထောက်နောက်ခံပေးထားတ
ဲ့အစိုးရနဲ့ ဒီလို ရင်းနှီးမြှပ်နှံမှုတွေလုပ်ကိုင်တဲ့အပေါ် မစိုးရိမ်ပါဘူးတဲ့။ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော် မှာတောင် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုဥပဒေကို ထောက်ခံတဲ့အပြင် အနောက်နိုင်ငံများကိုလည်း ပိတ်ဆို့မှုတွေ ရုတ်သိမ်းဖို့ကို တောင်းဆိုနေပါပြီ။

ပါတီရဲ့ဗဟိုကော်မတီဝင်ဖြစ်သူ ဦးဟန်သာမြင့်က ကျွန်တော်တို့ လုံးဝမစိုးရိမ်ပါဘူး။ အရေးကြီးတာက ဒီရင်းနှီးမြှပ်နှံမှုတွေနဲ့ အကူအညီတွေဟာ ပြည်သူတွေအတွက် အကျိုးရှိ မရှိဆိုတာပါပဲ တဲ့။ အာဏာ ရှင်ဟောင်း များနဲ့လက်တွဲခဲ့
တဲ့ လက်ဝါးကြိးအုပ်စီးပွားရေးသမားများနဲ့ သီလ၀ါစီမံကိန်းမှာ ပူးပေါင်းဆောင် ရွက်မှုကြောင့်ဂျပန်ကုမ္ပဏီများလည်း နာမည်ပျက်ကိန်းရှိနေတာကို ဂျပန်ကုန်သွယ်ရေးဝန်ကြီးဌာန ကတော့ ဘာ မှတ်ချက်မှ ချမှာမဟုတ်ပါဘူး။

သီလ၀ါဖွံ့ဖြိုးရေးစီမံကိန်းဟာ မြန်မာအစိုးရဖက်က စတင်ကမ်းလှမ်းခဲ့ပြီး နှစ်ဖက်အစိုးရများက စဉ်းစား ဆဲဖြစ်ပါတယ်။ ဂျပန်မြန်မာ ပူးပေါင်းဆောင်ရွက်မှုကို ဆုံးဖြတ်ချက်အတိအကျ ချမှတ်နိုင်ခြင်းမရှိသေးပါဘူး လို့ ၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ အဆာဂီ ဆာကိုင်က ဆိုပါတယ်။


တိုကျိုရုံးခန်းမှာတော့ မြန်မာပြည်မှာ စောစီးစွာ ၀င်ရောက်ရင်းနှီးမြှပ်နှံမယ့်သူ
များအနေဖြင့် ကြုံနိုင်ချေရှိတဲ့ ဆုံးရှူံး မှုများအကြောင်းကို မေးတော့ ၀ါတာနာဘီက ပုခုန်းတွန့်ပြပါတယ်။ ဒီလိုစိုးရိမ်နေတဲ့ ကုမ္မဏီရှိနေ တယ်ဆိုရင် ဂျပန်မှာနေခဲ့ပေါ့။ ဒါ သူတို့ဘာသာ ရွေးရမှာပဲ တဲ့။

( ဘာသာပြန် အမှားများ ချို့ယွင်းချက်များကို အားမနာတမ်း ထောက်ပြနိုင်ပါတယ်။)


( အန်တိုနီ စလိုကော့စကီးရေးသားပြီး ဂျဆန်ဇွိ နှင့် အောင်လှထွန်း (ရန်ကုန်)၊ ဆီဘရှန် မိုဖက် ( ဘရာဇီး)၊ အန်ဒရူးကွင်း (၀ါရှင်တန်)၊ မာတင်ပက်တီ (ဘန်ကောက်) တို့ ပူးပေါင်းတင်ပြသည်။ ကီဗင်ကရိုလစ် ကီ၊ ဘေလ်တာရန့်၊ မိုက်ကယ်ဝီလီယံ တို့မှ တည်းဖြတ်သည်။)

No comments: