Wednesday, October 3, 2012

ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေးအပိုင်း(၁)(၂)(၃)

ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး....အပိုင်း(၁)

by Swe Swe Kyi on Sunday, September 30, 2012 at 11:36pm ·
ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး

မန်ကျည်ဒိန်ယိန်း

ဒေါ်စု လွှတ်တော်ထဲဝင်မယ်ဆိုတော့ ဒေါ်စုက ပွား နိုင်တဲ့စွမ်းရည်ရှိတယ်ဆိုပီး လိုတာထက် ပိုပီး ဦးဝင်းတင်က မြှောက်ပေးခဲ့တယ်။

တခါ ကျမ်းကျိန်စာသားနဲ့ ပတ်သက်ပီး ဒေါ်စုတယောက် လွှတ်တော် တက်ရကောင်းနိုး မတက်ရကောင်းနိုး ဝေခွဲမရ ဖြစ်နေချိန်မှာ လွှတ်တော်ထဲက တိုင်းရင်းသားပါတီတချို့က ဒေါ်စုကို လာသာလာပါဆိုပီး ပင့်ကြတယ်။ ဒေါ်စုကို လိုတာထက်ပိုပီး အထင်ကြီးတဲ့ တိုင်းရင်းသားပါတီတွေအဖို့တော့ ဒေါ်စုသာ လွှတ်တော်တက်ရင် လွှတ်တော် အင်အား ချိန်ခွင်လျှာ ပြောင်းသွားမယ်လို့ ထင်ခဲ့ကြပုံရတယ်။

တကယ်တန်း ဒေါ်စု လွှတ်တော်ထဲရောက်တော့ ဒေါ်စုတယောက် ထဘီ အကျီ စုံချပ၀ါတွေ ပွား နေတာကလွဲပီး နိုင်ငံရေးအရ ဘာမှ မပွားနိုင်တာကို မြန်မာပြည်သူတွေ ပြည်တွင်း သံဃာတော်တွေ သတိထားမိလာတာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒေါ်စုကို အားနာတဲ့စိတ်နဲ့ ပွင့်ပွင့်လင်းလင်း မဝေန်ဖန်ဘဲ စောင့်ကြည့်နေတာ ဖြစ်ပါတယ်။

အခြေခံဥပဒေ ပြင်ဆင်မယ် စစ်တပ်ကို စည်းရုံးမယ်ဆိုတဲ့ ဒေါ်စုဟာ လွှတ်တော်ထဲက စစ်ဗိုလ်တယောက်တောင် စကားပြောခွင့်ရရဲ့လားဆိုတာ မေးစရာပါ။
သေချာတာကတော့ ဒေါ်စုဟာ လွှတ်တော်တက်တဲ့အချိန်ကနေ ဒီနေ့ထိ ပြည်သူအတွက် နိုင်ငံရေးပြုပြင်မှုတွေ ရွေးကောက်ပွဲ ရည်မှန်းချက်တွေ ဘာမှ အကောင်အထည် မဖော်နိုင်တာ ထင်ရှားပါတယ်။

ပြည်သူအတွက် ဘာမှ မလုပ်နိုင်တဲ့ ဒေါ်စုဟာ ဦးသိန်းစိန်အစိုးရ နိုင်ငံတကာ အသိုင်းအ၀ိုင်းမှ လူရာဝင်ရေးအတွက် ၂ ကြိမ်တိုင်တိုင် (ခုထိ) ပခုံးနဲ့ ထမ်းတင်ခဲ့တာ တွေ့ရပါတယ်။
ပထမအကြိမ်က အန်အယ်ဒီပါတီ ပြန်မှတ်ပုံတင် ဒေါ်စုက ရွေးကောက်ပွဲဝင်မယ်လို့ ကြေငြာတဲ့အချိန်ဖြစ်တယ်။ ဒီအချိန်မှာ ရွေးကောက်ပွဲအပီး စမ်းတ၀ါးဝါးနဲ့ ၂၀၁၄ အာဆီယံ ဥက္ကဌလုပ်ရေးမှာ သိက္ခာမရှိဖြစ်နေတဲ့ အစိုးရကို ဒေါ်စုက ပခုံးနဲ့ ထမ်းတင်ပေးခဲ့တာဖြစ်တယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်စုကိုယ်တိုင် အမတ်ဖြစ်လာပီး အန်အယ်ဒီအနိုင်ရချိန်မှာ ဒေါ်စု အရောင်တင်ပေးလိုက်လို့ သိန်းစိန်အစိုးရ နိုင်ငံတကာ အမြင်မှာ ကံဇာတာ တက်လာချိန်လို့ ဆိုရမှာဖြစ်တယ်။

မကြာခင်က အမေရိကန်ခရီးစဉ်အတွင်းမှာ မြန်မာအပေါ် ဒဏ်ခတ်ထားတဲ့ ဆန်ရှင်တွေ ဖွင့်ပေးသင့်ပီလို့ ဒေါ်စုပြောလိုက်ချိန်ဟာ သိန်းစိန် အစိုးရကို ဒုတိယအကြိမ် ခေါင်းပေါ်ရွက် မတင်ပေးလိုက်တာ ဖြစ်ပါတယ်။

နယူးရောက် အထွေထွေ ညီလာခံတက်ဘို့ သိန်းစိန် ရောက်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ဒီမှာတင် သိန်းစိန်ကနေ အခြေခံဥပဒေ နားမလည်သူတွေ ၀မ်းသာသွားအောင် ပြည်သူတွေ လိုလားရင် ဒေါ်စုလဲ သမတဖြစ်နိုင်ပါတယ်လို့ ဘီဘီစီကို ပြောခဲ့ပါတယ်။

သိန်းစိန်ဟာ အခြေခံဥပဒေ ၂၀၀၈ ဖြစ်လာအောင် နည်းအမျိုးမျိုးနဲ့ ညစ်ပတ်ခဲ့တဲ့ အမျိုးသားညီလာခံကို ဥက္ကဌလုပ် ဦးဆောင်ခဲ့သူပါ။ အခြေခံဥပဒေ ၂၀၀၈ အရ ဒေါ်စု ဘယ်လိုနည်းနဲ့မှ သမတ ဒုသမတ လုပ်လို့မရအောင် ကာကွယ်ထားတာ သိထားတဲ့အတွက် ပြည်သူတွေ လိုလားရင် ဒေါ်စုလဲ သမတဖြစ်နိုင်ပါတယ်လို့ တမင် ခပ်ထေ့ထေ့ ပြောလိုက်တာကို အခြေခံဥပဒေ နားမလည်တဲ့ လူညံ့တွေ ဒေါ်စုကို မျက်စေ့မှိတ် ကြည်ညိုသူတွေက အဟုတ်မှတ်ပီး ဘ၀င်လေဟပ် ကုန်ပါတယ်။

တကယ်တော့ ဒေါ်စုဟာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ အများစုနဲ့နိုင်ရင်တောင် ချက်ချင်း သမတဖြစ်ဘို့ အခွင့်အလမ်း မရှိပါ။ ဒေါ်စုကြည့်ရတာ လောလောဆယ် သိန်းစိန်အစိုးရကို အချိုသပ် လိုက်လျောရင်း ၂၀၁၅ မှာ အပြတ်နိုင်အောင်လုပ်ပီး အစိုးရဖွဲ့နိုင်ရေးကို ဦးတည်နေပုံရပါတယ်။ ဒေါ်စုအနီးကပ် လူယုံတွေ၊ ဒေါ်စုထောက်ခံသူတွေ အတော်များများကလဲ ၂၀၁၅ အတွက် အန်အယ်ဒီ အမတ်လောင်း ထောင်ကျော်ထဲမှာပါနိုင်အောင် သူ့ထက်ငါ အစာမာန်ခုတ်ရင်း အားပြိုင်နေတာ ဒေါ်စုကိုယ်တိုင်ကတောင် လူပါးမ၀ကြနဲ့ ပြောယူရတဲ့ထိပါဘဲ။ ဒါကြောင့် ဒေါ်စုရဲ့ လတ်တလော နိုင်ငံရေးမဟာဗျူဟာက သိန်းစိန်အစိုးရ မျက်နှာညိုမဲ့စကားမပြောမိအောင် မလုပ်မိအောင် ၀စီပိတ်တရား ကျင့်ရေးသာဖြစ်တယ်ဆိုတာ ပေါ်လွင်နေတယ်။ ဒါဆိုရင် ရန်သူကို အတော်အထင်သေးရာ ကျသွားမှာဖြစ်တယ်။ သန်းရွှေက ရီလိမ့်မယ်။ ကလေးကွက်ဆိုပီး။

မြန်မာအစိုးရကို လာတွေ့တဲ့ နိုင်ငံတကာ ခေါင်းဆောင် အတော်များများဟာ သိန်းစိန်နဲ့တွေ့ပီးတိုင်း ဒေါ်စုကို အိမ်လာတွေ့ သတင်းစာရှင်းပွဲတွေ လုပ်လေ့ရှိပါတယ်။ လာတဲ့ အနောက်အုပ်စု ခေါင်းဆောင် အတော်များများဟာ ဒေါ်စုကို ချစ်ခင်လို့လာတွေ့လာထက် သူတို့တိုင်းပြည်က ကုမ္မဏီတွေ လုပ်ငန်းရှင်တွေ မြန်မာဈေးကွက်ဝင်လာရင် ဒေါ်စုဘက်က မကန့်ကွက်အောင် မျက်နှာချိုသွေးဖို့ ဒေါ်စု ထောက်ခံချက်ရဘို့ ရည်ရွယ်တာ များပါတယ်။

အစိုးရဘက်ကကြည့်ရင် ဒေါ်စုအိမ်ကသတင်းစာရှင်းပွဲတွေဟာ ရန်ကုန်မြို့ပေါ်က စင်ပြိုင်အစိုးရလေးလို့ မြင်မှာ အမှန်ဖြစ်ပီး အစိုးရသိက္ခာပါ ကျဆင်းစေတာမို့ ဒေါ်စုကို မျက်မုန်းကျိုးနေမှာဖြစ်တယ်။ တချိန်ထဲမှာပဲ အမေရိကန်အစိုးရက ဒေါ်စုပြောတာ အကုန်ထောက်ခံပီး ဒေါ်စုနဲ့ စည်းဝါးကိုက်လုပ်နေတာမို့ ဒေါ်စုဟာ စစ်အစိုးရတဖြစ်လဲ သိန်းစိန်အစိုးရအတွက် အသားထဲက ဆူးညောင့်တခုလို့ လက်ရှိအစိုးရက မြင်မှာဖြစ်ပါတယ်။

ဒီကြားထဲ ၂၀၁၂ ကြားဖြတ်ရွေးကောက်မှာ ဒေါ်စုအပေါ် လူထုထောက်ခံမှုကို မြင်လိုက်ချိန်မှာ ဒေါ်စုကို ၂၀၁၅ မတိုင်ခင် ဘယ်အချိန်မှာ ဘယ်လိုနည်းနဲ့ ဖယ်ရှားမလဲဆိုတာ ကြံ့ဖွံ့ပါတီဘက်က စဉ်းစားထားပြီး ဖြစ်ဘို့များပါတယ်။

အစိုးရဘက်ကိုကြည့်ရင်လဲ အကျပ်အတည်းဖြစ်ပါတယ်။ ဒေါ်စုကို အခြေခံဥပဒေ ၂၀၀၈ ဂွင်ထဲကနေ တဖြည်းဖြည်းကြပ်ပေးရင်း နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ၀င်ဆန့်နိုင်အောင် သိက္ခာတက်လာပေမဲ့ အစိုးရတွင်း အုပ်စုတိုက်ပွဲတွေ ရှင်းနေရဆဲဖြစ်ပါတယ်။

အထင်ရှားဆုံးဖြစ်ရပ်ကတော့ ဒုသမတ တင်အောင်မြင်ဦးပြုတ်သွားအောင် သိန်းစိန်ကို တွန်းခဲ့တယ်လို့ ပြန်ကြားရေးဝန်ကြီး(ဟောင်း) ကျော်ဆန်းစွပ်စွဲခဲ့သူတွေထဲမှာပါတဲ့ ၀န်ကြီး စိုးသိန်း၊ ၀န်ကြီးအောင်မင်း စတဲ့သူတွေကို သမတရုံးကို ဆွဲထုတ် kick upstair လုပ်ပီး ချောင်ထိုးခဲ့ပါတယ်။ တင်အောင်မြင်ဦးနဲ့ မဟာမိတ်ဖြစ်တဲ့ ၀န်ကြီးကျော်ဆန်းကိုလဲ ပြန်ကြားရေးကနေ သမ၀ါယမ၀န်ကြီးဌာနကိုပြောင်း ချောင်ထိုးခဲ့ပါတယ်။

ဝန်ကြီးအောင်မင်းဆိုရင် တင်အောင်မြင်ဦးကို ဆန့်ကျင်ခဲ့ရုံမက ထိုင်းမြန်မာနယ်စပ်က ကေအန်ယူကို ၂ ခြမ်းကွဲအောင် စည်းရုံးနိုင်ခဲ့သူ မဲဆောက်အခြေစိုက် အတိုက်အခံအဖွဲ့တွေကို စည်းရုံးနိုင်ခဲ့သူဖြစ်လို့ လက်မထောင်ပီး တစင်မထောင်နိုင်ခင် minister without portfolio အနေနဲ့ သန်းရွှေက လက်ဦးအောင် ချောင်ထိုးခဲ့တာဖြစ်ပါတယ်။ ၀န်ကြီးကျော်ဆန်းကိုတော့ တင်အောင်မြင်ဦးဂိုဏ်းသားအနေနဲ့ ဖြိုခွဲရုံသာမက ၀ါဒဖြန့် နိုင်ငံရေး ခေတ်ကုန်ပြီ အသုံးချစရာမလိုတော့ဆိုတဲ့သဘောနဲ့ သမ၀န်ကြီးပေး ချောင်ထိုးခဲ့တာဖြစ်ပါတယ်။

တချိန်ထဲမှာပဲ တင်အောင်မြင်ဦးအစား ဘယ်သူ့ကို စစ်တပ်က ဒုသမတလောင်း တင်မြှောက်မလဲဆိုတဲ့ ပြသနာဝင်လာပါတယ်။ တင်အောင်မြင်ဦးဟာ ဒုသမတ ၂ ဦးအနက် စစ်တပ်က ရွေးချယ်တင်မြှောက်ခဲ့သူဖြစ်တယ်။ စိုင်းမောက်ခမ်းကတော့ အရပ်သားဖြစ်ပီးကြံ့ဖွံ့ပါတီဝင် ဖြစ်နေတာတောင် အရပ်သားဆိုတဲ့အမြင်ကြောင့် သိန်းစိန်အစိုးရက မယုံကြည်ခဲ့ပါဘူး။ ဒါကြောင့် တင်အောင်မြင်ဦးရှိနေချိန်မှာ အခမ်းအနားတက် ဒုသမတအဖြစ်သာ ဘာတာဝန်မှမပေးပဲ ချောင်ထိုးထားတာဖြစ်တယ်။

တင်အောင်မြင်ဦးကိုတော့ စစ်ဗိုလ်ချုပ်ဖြစ်ရုံမက စစ်တပ်က တင်မြှောက်တဲ့ ဒုသမတဖြစ်တာမို့ ၀န်ကြီးဌာနတွေကိုထိန်းချုပ်ရင်း သမတကိုယ်စား အရေးကြီးတဲ့ Administrative Functions တွေကို ကိုင်ခိုင်းလို့ အရှိန်အ၀ါ အာဏာကြီးထွားလာရုံမက ၀န်ကြီးတွေက ကြောက်လာရတဲ့ အခြေအနေဖြစ်ခဲ့တယ်။ ဒီမှာတင် တင်အောင်မြင်ဦးကို ၀န်ကြီးအောင်မင်း ခေါင်းဆောင်တဲ့ ၄ ဦးဂိုဏ်းက တွန်းချ တိုက်ခဲ့တာပါ။

ဒီအတွေ့အကြုံအရ တင်အောင်မြင်ဦးအစား ဥာဏ်ထွန်းကို ဒုသမတ ခန့်တဲ့အခါ သိန်းစိန်အစိုးရမှာ ပြသနာ ၂ ခုဝင်လာပါတယ်။ တခုက ဥာဏ်ထွန်းကို တင်အောင်မြင်ဦးလို အုပ်ချုပ်ရေးအာဏာပေးပီး ၀န်ကြီးဌာနတွေ အကိုင်ခိုင်းရမလား၊ သမတ ဦးသိန်းစိန် နိုင်ငံခြားသွားရင် ဥာဏ်ထွန်းကို ခေတ္တ သမတ ပေးလို့ရမလားဆိုတဲ့ ပြသနာပါ။

အခြေခံဥပဒေအရ ဒုသမတ ၂ ဦးအနက် မဲအများဆုံးရသူကိုသာ ခေတ္တသမတ ပေးရမယ်လို့ ဆိုထားပါတယ်။ တင်အောင်မြင်ဦးက ၂၀၁၀ ရွေးကောက်ပွဲမှာ စိုင်းမောက်ခမ်းထက် မဲများလို့ တာဝန်ကြီးကြီးပေးပီး ခေတ္တသမတ ပေးနိုင်ပေမဲ့ ဥာဏ်ထွန်းကတော့ ကြားဖြတ်ရွေးထားတဲ့ ဒုသမတဖြစ်တာမို့ စိုင်းမောက်ခမ်းရတဲ့မဲနဲ့ ယှဉ်ခွင့်ရှိသလားဆိုတာ အခြေခံဥပဒေ ၂၀၀၈ မှာ ရှင်းရှင်းလင်းလင်း ရေးမထားတာ တွေ့ရပါတယ်။ အစိုးရကလဲ သူတို့ ၂ ဦး ဘယ်သူက မဲသာသလဲ မကြေငြာရဲ ဖြစ်နေတယ်။ ဒါကြောင့် ဥာဏ်ထွန်းကို ခေတ္တသမတ ပေးရင် အခြေခံဥပဒေနဲ့ ဆန့်ကျင်နေမှာဖြစ်ပါတယ်။

ဥာဏ်ထွန်းကို ၀န်ကြီးဌာနတွေကိုင်ခိုင်းပီး အုပ်ချုပ်ရေးအာဏာပေးရင်လဲ စိုင်းမောက်ခမ်းအပေါ် သိန်းစိန်မတရားလုပ်တာ ထင်ရှားမယ်။ ဒါကြောင့် ဥာဏ်ထွန်းကို ဒုသမတ မရွေးခင် စိုင်းမောက်ခမ်းကို အရေးမပါတဲ့ ခရီးစဉ်တွေနဲ့ နိုင်ငံခြားလွှတ်ပီး လူထုကို အာရုံပြောင်းထားခဲ့တာပါ။

ဒီလို သိန်းစိန်အစိုးရ အကျပ်အတည်း အမျိုးမျိုး ဖြစ်နေချိန်မှာ ဒေါ်စု ကယ်တင်ရှင်လုပ်ပီး ဆန်ရှင်တွေဖွင့်ပေးဘို့ အမေရိကန်ကို တိုက်တွန်းလို့ သိန်းစိန်အစိုးရ ထွက်ပေါက်ရသွားပါတယ်။

ပြည်သူတွေကိုကြည့်ရင် ၂၀၀၇ သံဃာ့အရေးအခင်းပီးကထဲက စီးပွားရေး ဆက်တိုက် ကျလာလိုက်တာ ခုဆိုရင် မနက်အလုပ်မသွားခင် ထမင်းဝယ်မစားနိုင်လို့ ကျပ် ၃၀၀ တန် ခေါက်ဆွဲသုတ်ကို (လိုက်ပွဲမမှာနိုင်ဘဲ) ထမင်းအဖြူ တပွဲနဲ့ တွဲစားနေသူတွေ ရန်ကုန် မှော်ဘီစတဲ့ မြို့ကြီးတွေ ရန်ကုန်မြို့သစ်တွေမှာ တွေ့ရတာ ၀မ်းနည်းစရာပါ။ တဘီသစ်တွေ အကျီသစ်တွေ တရွှမ်းရွှမ်းနဲ့ စတိုင်ကျနေတဲ့ ဒေါ်စုကို အဲဒီခေါက်ဆွဲသုတ်ဆိုင်တွေမှာ ပြည်သူတွေ ထမင်းဖြူနဲ ဘာလို့ရောစားနေရသလဲ သွားလေ့လာစေချင်ပါတယ်။

ဒါမှလဲ ၃၉ ဗိုက်ပူကြီးလို ဂျုံးဂျုံးကျနေတဲ့ မြန်မာ့နိုင်ငံရေးကို ဒေါ်စု နားလည်သွားမှာ ဖြစ်ပါတယ်။
===================================

( ၃၉ ဗိုက်ပူသီချင်းကို နားဆင်လိုသူတွေအတွက် http://www.youtube.com/watch?v=8fXePEwmdS8 လင့်မှာ နားဆင်ကြပါ)

ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး အပိုင်း (၂)

by Swe Swe Kyi on Tuesday, October 2, 2012 at 5:14am ·
ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး အပိုင်း (၂)

မန်ကျည်ဒိန်ယိန်း---ရေးသည်

ရန်ကုန်တက္ကသိုလ်ရိပ်သာလမ်းက ဒေါ်စုအိမ်တော်ကြိးကိုကြည့်လိုက်တော့ ဧရာမ မဟာ အုတ်ရိုးကြီးနဲ့ ၀င်းတံခါး အနီကြီးနဲ့ဆိုတော့ အိမ်မှ ဟုတ်ရဲ့လားတောင် အောက်မေ့မိပါတယ်။ ဒေါ်စုအိမ်တော်ကြီးထဲက အခြွေအရံတွေနဲ့ အိမ်တော်စရိတ်ကို ဘယ်သူတွေက ထောက်ပံ့ပေးနေသလဲဆိုတာတောင် မတွေးဝံ့ပါ။

ဒေါ်စု ကံကောင်းပါတယ်။ တချိန်တုံးက အကျယ်ချုပ်ဘ၀တုံးကလဲ စားစရိတ် အိမ်စရိတ် မပူပင်ခဲ့ရပါ။ အဲဒီ အကျယ်ချုပ်ကာ သူစားခဲ့တဲ့ ထမင်းစရိတ်ကို ဘယ်ကရတဲ့ငွေတွေနဲ့ စားခဲ့သလဲဆိုတာ ခုထိ ဒေါ်စု သိမှာ မဟုတ်ပါ။ ဒီငွေတွေ ဘယ်ကလာသလဲ ဒေါ်စုမသိပေမဲ့ သိသူတွေက တနေ့ ဖော်ထုတ်ကြမှာ မြင်နေပါတယ်။

ကနေ့အချိန်မတော့ ဒေါ်စုတယောက် မော်ဒယ်ဂဲရှုံးအောင် ဖက်ရှင်ဆန်းတွေ အမျိုးမျိုးဝတ်၊ စိန်နားကပ်ရောင် တပြောင်ပြောင် ဖြစ်နေချိန်မှာ ရန်ကုန်ပြည်သူတွေကတော့ ထမင်းတောင် ၀အောင် မစားနိုင်တာ ဒေါ်စု သိပါစ။

သမတကြီး ဦးသိန်းစိန်ကို ယုံကြည်ကြောင်း မစားရ၀ခမန်း ဒေါ်စုက ချီးမွမ်းခန်းဖွင့် နေချိန်မှာ အောက်ခြေ ပြည်သူအများစုအတွက် ထမင်းအ၀စားဆိုင်တွေ ရန်ကုန်မှာ ပျောက်သလောက်ဖြစ်သွားပါပြီ။

ရန်ကုန် မြို့သစ်တွေနဲ့ ရန်ကုန်တ၀ိုက်မြို့တွေမှာ ထိုင်းမှာလို ထမင်းတခါပြင်ဆိုင်တွေ မှိုလိုပေါက်အောင် များလာတာ တွေ့ရပီး (အလုပ်သမားစား) ထမင်းတပွဲကို ၇၀၀ ကျပ်ကနေ ၁၀၀၀ ကျပ် ၀န်းကျင်ထိ ရောင်းကြပါတယ်။ ဆန်ထွက်တဲ့ မွန်ပြည်နယ်က မြိုတွေမှာ ထမင်းလိုက်ပွဲတပွဲကို ၂၀၀ ကျပ်ကနေ ၃၀၀ ကျပ်ထိ ယူနေလို့ လိုက်ပွဲမစားနိုင်သူတွေကိုလဲ စိတ်မကောင်းစွာ မြင်ရပါတယ်။

ဝက်သားဈေးက တပိသာ ၆ ထောင်ကျပ်၊ အမဲသားဈေးက တပိသာ ၆ ထောင်ကျပ် ကြက်သားဈေးက တပိသာ ၄ထောင်ကျပ်ဝန်းကျင် ရှိနေချိန်မှာ ပဲပြုတ်ဈေးကတောင် ရန်ကုန်မှာ တဆယ်သား ၂၀၀ကျပ် ကျော်နေတာမို့ ပဲပြုတ်တောင် မစားနိုင်သူတွေ ရန်ကုန်မှာ အများကြီးပါ။ တနေ့ ၂ နပ်ရှာမစားနိုင်သူတွေကလဲ နီးစပ်ရာ ဘုန်းကြီးကျောင်းတွေမှာ ဝေယျာဝစ္စလုပ်ပေးရင်း ညစာသွားစားနေသူတွေလဲ မနည်းပါ။

အံ့သြစရာ အကောင်းဆုံးက ခေါက်ဆွဲကျော်ရောင်းတဲ့ တရုတ်ဆိုင်က စားနေတုံး ထမင်းလိုက်ပွဲယူမလားလို့ အမေးခံရတာပါ။ မှော်ဘီဈေးရှေ့က တရုတ်ခေါက်ဆွဲဆိုင်ပါ။ ခေါက်ဆွဲကျော်ကို စားကြည့်လို့ မ၀မှန်းသိတော့မှ လိုက်ပွဲမရှိတဲ့ ခေါက်ဆွဲကျော်အစား ထမင်းဖြူလိုက်ပွဲစားမလား ကြိုမေးတာလို့ သဘောပေါက်မိပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀က မြန်မာနိုင်ငံမှာ ဘယ်ဆိုင်စားစား ခေါက်ဆွဲကျော်တပွဲဟာ ဗိုက်ပြည့်အောင်မဟုတ်တောင် တင်းတိမ်အောင်တော့ စားနိုင်လောက်အောင် များပါတယ်။ ခေါက်ဆွဲကျော်စားရတာ မ၀လို့ဆိုတဲ့အသံတွေ မကြားဘူးပါ။ ခုတော့ ၁၈၀၀ ကျပ်ပေးထားရတဲ့ ခေါက်ဆွဲကျော်ဟာ အရင်ကလို လူတယောက် တင်းတိမ်အောင် များများ မကျော်နိုင်တာ မြငိ့တက်နေတဲ့ ကုန်ဈေးနှုန်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒီမှာတင် ရောင်းသူလဲအဆင်ပြေ စားသူလဲအဆင်ပြေအောင် တရုတ်ဆိုင်က ခေါက်ဆွဲကျော်စားသူတွေကို ထမင်းလိုက်ပွဲနဲ့ အာသာဖြေတဲ့ယဉ်ကျေးမှုကို ရောင်းသူနဲ့ စားသုံးသူ စာချုပ်စရာမလိုပဲ လက်ခံကျင့်သုံးခဲ့ကြတာ ဖြစ်ပုံရပါတယ်။

ခေါက်ဆွဲကျော်မစားနိုင်လို့ လမ်းဘေး ခေါက်ဆွဲသုတ်ဆိုင်စားပြန်တော့လဲ ခေါက်ဆွဲသုတ်ဆိုင် အတော်များများမှာ ထမင်းဖြူနဲ့တွဲရောင်းတာ စားနေကြရတာကြည့်ရင် မြန်မာတွေ ထမင်းတောင် ၀အောင်မစားနိုင်တာ မျက်စေ့ရှေ့မှာမြင်နေရတော့ တိုင်းပြည်အာဏာကို လောဘတကြီး ယူခဲ့ ယူနေဆဲ စစ်ဗိုလ်ချုပ်တွေကို ပိုစိတ်နာမိလာတယ်။ ဒီလူတွေကြောင့် တို့ပြည်သူတွေ ထမင်းမ၀တဲ့အဖြစ်ရောက်ရပါလားဆိုပီး ရင်ထဲလဲ ပိုပီး အော်ဂလီဆန်လာတယ်။

ခေါက်ဆွဲသုတ်ကို ထမင်းဖြူ လိုက်ပွဲနဲ့စားနေတာ ဘယ်လောက်ကြာပလဲလို့ စားသုံးသူတွေကို မေးမြန်းကြည့်တော့ ၂၀၀၇ သံဃာ့အရေးအခင်းပီးကထဲကလို့ပြောတာမို့ ၅နှစ်ကျော်ခဲ့ပါပြီ။ ဆိုလိုတာက ၂၀၀၇ သံဃာ့အရေးအခင်းနောက်ပိုင်းမှာ တိုင်းပြည်စီးပွားရေး သိသိသာသာ ကျဆင်းလာပီး ပြည်သူတွေလဲ ထမင်းဝအောင် မစားနိုင်တာ ကနေ့ထိဆိုတဲ့သဘောပါ။

ခေါက်ဆွဲကျော်ဆိုင်တွေ ခေါက်ဆွဲသုတ်ဆိုင်တွေမှာ ဗိုက်ပြည့်အောင် ထမင်းဖြူလိုက်ပွဲကို ရောင်းသူ စားသူ သဘောတူလို့ စားနေတာကို သူတို့ကိုယ်တိုင် သတိမထားမိပေမဲ့ အလုပ်အကိုင်ကို နိုင်ငံရေးသမားလို့ အမည်တပ်ရင်း ဆီဦးထောပတ်စား ခြွေရံများစွာနဲ့ နေတဲ့ ဒေါ်စုလို နိုင်ငံရေးသမားတွေနဲ့ အခြေခံ ပြည်သူတွေကြား ၀င်ငွေကွာဟမှု income disparity ဘယ်လောက် ကြီးမားနေလဲဆိုတာ ပြနေတဲ့ စီးပွားရေး ညွှန်းကိန်းလို ဖြစ်နေတာ ထင်ရှားပါတယ်။

နှစ် ၂၀အတွင်း ပြောင်းလဲသွားတဲ့ လူမှုစီးပွား အပြောင်းအလဲတွေထဲမှာ အသိသာဆုံးက ရန်ကုန်နဲ့ တခြားမြိုကြီးတွေက သံဃာတော်တွေဖြစ်ပါတယ်။

သံဃာတော်တွေ ဆွမ်းခံထွက်ပြီဆိုရင် လွန်ခဲ့တဲ့ နှစ် ၂၀ကျော်က မြန်မာ့ရိုးရာ ဆွမ်းဟင်းခွက်လေးတွေနဲ့ ဆွမ်းခံထွက်လို့ မြင်ရတာ အလွန်ကျက်သရေရှိပါတယ်။ ဆရာတော် သံဃာတော်တွေ ဆွမ်းစားတော့လဲ ဆွမ်းဟင်းခွက်လေးတွေသာ သုံးပါတယ်။ ခုတော့ ရိုးရာ ဆွမ်းဟင်းခွက်တွေပျောက်ပီး စတီး ၄ဆင့်ချိုင့်တွေ တဘက်ကကိုင် သပိတ်တဘက်နဲ့ သံဃာတော်တွေကို ရန်ကုန်နဲ့ တခြားမြိုတွေမှာမြင်ရတာ မျက်စေ့ထဲ ထူးဆန်းနေသလို ဖြစ်နေပါတယ်။

ဘုန်းကြီးတွေ ဘာကြောင့်ခုလို  စတီး ၄ဆင့်ချိုင့်တွေ ပြောင်းကိုင်သလဲဆိုတာ လိုက်မေးကြည့်တော့ ဘယ်သူမှ ရေရေရာရာ မဖြေနိုင်ပါ။ ဘုန်းကြီးကျောင်းတွေကို ကိုယ်တိုင်သွားလေ့လာကြည့်တော့ အရင်ကထက် ဆွမ်းဟင်းပိုများလာပေမဲ့ ချက်ထားတဲ့ ဆွမ်းအမျိုးအစားက ဘာမှတိုးတက်မလာပဲ လွန်ခဲ့တဲ့ နှစ် ၂၀က အတိုင်းဖြစ်နေတာ တွေ့ရပါတယ်။ တချို့ရပ်ကွက်တွေမှာ သံဃာတွေ တန်ဆွမ်းကြွလာရင် သပိတ်နဲ့မက လောင်းနေလို့ ပိုတဲ့ ဆွမ်းတွေ ဆွမ်းဟင်းတွေသယ်ဘို့ လက်တွန်းလှည်းအသေးစားတွေတောင် တီထွင်သုံးလာတာ တွေ့ရပါတယ်။

ဒီအခြေအနေတွေချုပ်ကြည့်ရင် ရန်ကုန်နဲ့ တခြာမြို့တွေ အတော်များများမှာ လွန်တဲ့ နှစ် ၂၀အတွင်း လူဦးရေ သိသိသာသာ တိုးလာတာ ထင်ရှားနေတယ်။ မြို့တွေမှာ urbanization စီမံကိန်းတွေကြောင့် စက်ရုံတွေ ဆောက်လုပ်ရေးလုပ်ငန်းတွေ များလာမယ်။ ကျေးလက်တွေမှာ အလုပ်အကိုင်ရှားပါးလာတဲ့အတွက် လူတွေ မြို့ကို ပြောင်းရွှေ့တာများလာမယ်။ ပီးခဲ့တဲ့ နှစ် ၂၀အတွင်း ရန်ကုန်မြို့ပေါ် ပြောင်းရွှေလာမှုကိုက ၄၀% အထက်ရှိနိုင်မယ်ဆိုတာ တိုးလာတဲ့ မြို့သစ်တွေနဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။

ရန်ကုန်မှာ လူဦးရေပိုများလာတော့ သံဃာတွေကို ဆွမ်းဟင်းနဲ့ ဆွမ်းလောင်းသူတွေ ပိုများလာမယ်။ ဒါကြောင့်ဆွမ်းဟင်းကို ခံယူရာမှာ သမရိုးကျ ဆွမ်းဟင်းခွက်နဲ့ မလုံလောက်လို့ စတီး ၄ ဆင့်ချိုင့်တွေ သုံးလာရတာဖြစ်မယ်။ ဒါပေမဲ့ ဆွမ်းလောင်းသူ အများစုက ၀င်ငွေနည်းသူတွေဆိုတော့ ဆွမ်းဟင်းခွက်သာ တိုးလာပေမဲ့ ဆွမ်းအရည်အသွေးက လွန်ခဲ့တဲ့ နှစ် ၂၀ ထက်ပိုပီး တိုးတက်မလာတာဖြစ်မယ်လို့ တွေးမိပါတယ်။

သေချာတာကတော့ သံဃာတော်တွေ ခုလိုဆွမ်းခွက်များများ ဘုန်းပေးရတော့ အများစုက မသန့်တဲ့ စားဆီတွေနဲ့ ချက်ထားတာမို့ ငယ်ငယ်နဲ့ သွေးတိုး ဆီးချိုစတဲ့ ခေတ်မီရောဂါတွေ အဖြစ်များနေတာလဲ သတိပြုမိပါတယ်။ (ဆက်ရန်)


ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး အပိုင်း (၃)

by Swe Swe Kyi on Wednesday, October 3, 2012 at 5:27am ·
ဒေါ်စုနဲ့ ၃၉ ဗိုက်ပူကြီးလို မြန်မာ့နိုင်ငံရေး အပိုင်း (၃)

မန်ကျည်ဒိန်ယိန်း-----ရေးသည်

သိန်းစိန်အစိုးရရဲ့ အသွင်ကူးပြောင်းရေးကာလမှာ သမတကို ဒေါ်စုက အရောင်တင်ပေးလိုက် သိန်းစိန်က မိန့်ခွန်းစာသားတွေနဲ့  ပြည်သူကို မှိုင်းတိုက်လိုက်လုပ်ပီး ကျီးဘုတ်မြှောက် ဘုတ်ကို ကျီးမြှောက်လုပ်နေချိန်မှာ ပြည်သူတွေရဲ့ ဆင်းရဲမှုက တိုးလာတာသာ တွေ့နေရပါတယ်။

အစိုးရက ကုလသမဂ္ဂအကြိုက် ဆင်းရဲမွဲတေမှု ပပျောက်ရေး ကြွေးကြော်နေချိန်မှာ ပြည်သူတွေက နှစ်လုံး သုံးလုံး ချဲလောင်းကစားနည်းတွေကိုသာ ပိုအားထားလာတာ တွေ့ရပါတယ်။

အစိုးရနဲ့ပေါင်းနေတဲ့ ခရိုနီတွေက တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်ထားတဲ့အတွက် လှည့်ပတ်ငွေတွေက သူတို့လက်မှာသာ စုနေတယ်။ ခရိုနီတွေလုပ်တာ စီးပွားရေးမဟုတ်ဘဲ စစ်အစိုးရဆီက လုပ်ပိုင်ခွင့် rights ရေးထားတဲ့စာရွက်ကို ရအောင်ယူပီး ကားသွင်းမလား ကန်ထရိုက်လုပ်ခွင့်ရောင်းစားမလား နည်းမျိုးစုံလုပ်နိုင်တာမို့ ငွေရအလွယ်ဆုံးနည်းတွေဖြစ်ပါတယ်။

ဥပမာ-ပြုတ်သွားတဲ့ ဒုသမတ တင်အောင်မြင်ဦးဆိုရင် ငွေတွေများလွန်းတော့ သူ့ PA ကတဆင့် ရန်ကုန်အောင်သိဒ္ဓိရိပ်သာထဲမှာ ( တင်အောင်မြင်ဦးကိုယ်တိုင် အောင်သိဒ္ဓိရိပ်သာထဲမှာနေပါတယ်) ရှိသမျှမြေကွက်တွေလိုက်ဝယ်ထားတာ ကြောက်ခမန်းလိလိဖြစ်တယ်။ တခြားအိမ်မြေတွေလဲ မတန်တဆ၀ယ်ထားတယ်လို့ သိရပါတယ်။

တင်အောင်မြင်ဦးအိမ်ကို Asia World ကုမ္မဏီက ကန်ဖို့ပြီး ဆောက်ပေးထားသလို တင်အောင်မြင်ဦးအိမ်ကိုဝင်တဲ့လမ်းကိုလဲ Asia World ကဘဲ ကွန်ကရစ်လမ်း အကောင်းစား ခင်းပေးထားတယ်။ ဒီလမ်းထဲမှာ (ရန်ကုန်အောင်သိဒ္ဓိရိပ်သာ ၃ လမ်း) တင်အောင်မြင်ဦး၊ သူ့အဖအိမ်နဲ့ သူညီ အင်ဂျင်နီယာဘွဲ့ အရက်ချက်စက်ရုံဆောက်နေသူ စိန်သောင်းဦးတို့ပါ နေတယ်။  တင်အောင်မြင်ဦးမိသားစုလမ်းလို့တောင် ခေါ်နိုင်တယ်။

ဒီလိုလူတွေများနေတော့ သာမန်လူတွေက သမရိုးကျနည်းနဲ့ စီးပွားရှာစားဘို့ ခက်ကုန်တယ်။ ဒီမှာတင် နှစ်လုံး သုံးလုံး ချဲလောင်းကစားနည်းတွေက အောက်ခြေလူထုအတွက် ထွက်ပေါက်လို ဖြစ်လာတယ်။ ဒါပေမဲ့ နှစ်လုံး သုံးလုံး ချဲလောင်းကစားနည်းကြောင့် ချမ်းသာသွားတဲ့ ထိုးသား မတွေ့ရပဲ ဒိုင်တွေသာ ရွှေတွဲလဲ ငွေတွဲလဲ ဖြစ်ကုန်တယ်။ ရန်ကုန်က တချို့ ဒိုင်တွေဆိုရင် အပြင်မှာ လုပ်ရတာ စိတ်မချတဲ့နေ့တွေမှာ ပတ်သက်ရာ ဘုန်းကြီးကျောင်းတွေသွားပြီး တယ်လီဖုန်း ၃ လုံးလောက်နဲ့ ချဲကစားတယ်။

ဒကာ ဒကာမတွေဆီက အလှူအတန်းနည်းလာချိန်မှာ တချို့ဘုန်းကြီးတွေက ချဲနံပတ် ပေးတဲ့နည်းနဲ့ စီးပွားရှာလာပါတယ်။ ဥပမာ- မှော်ဘီမြို့စွန်က စမတစ်ထောင်ဆရာတော်၊ ဒါထိုးဆရာတော်၊ ပေါက်ဆိန်ဆရာတော်၊ သင်တောရိုးဆရာတော်စတဲ့ ဘုန်းကြီးတွေဟာ ချဲပေးတဲ့ ဘုန်းကြီးတွေအဖြစ် ထင်ရှားပါတယ်။

စမတစ်ထောင် ဆရာတော်ဆိုရင် မှော်ဘီ စုပေါင်းရုံးကားဂိတ်နားက ၀ါးတလူ အမည်ပေးထားတဲ့ လဘက်ရည်ဆိုင်နဲ့ စည်ဘီယာဆိုင်ကို ပိုင်သူဖြစ်ပီး စီးပွားတဘက် သာသနာတဘက် လုပ်ကိုင်နေတဲ့ ဘုန်းကြီးဆိုတာ အဲဒီဒေသက လူတိုင်းသိပါတယ်။

ရန်ကုန်လှိုင်သာယာမြိုနယ်ထဲမှာဆိုရင် ချဲဒိုင်ကိုင်ရုံမက အပြင်မှာ ငွေတိုးပေးထားတဲ့ ကျောင်းထိုင်ဆရာတော်တွေပါ ပေါ်ပေါက်လာတယ်လို့ သိရပါတယ်။ ရင်းနှီးတဲ့ဒကာ ဒကာမတွေကတဆင့် ချဲဒိုင်ကိုင်ဘို့ ငွေထုတ်ထားသလို စိတ်ချရတဲ့ ဒကာ ဒကာမတွေကတဆင့် သိန်းရာနဲ့ချီပီး ငွေတိုးပေးစားနေတွေရှိတယ်လို့ တချိန်က ကျောင်းထိုင်ဆရာတော်တပါးအတွက် ချဲဒိုင်ကိုင်ပေးခဲ့သူတဦးက ပြောပြပါတယ်။

တချို့ ရန်ကုန်က တရားရိပ်သာတွေဆိုရင်လဲ စိတ်ချရတဲ့ ဒကာ ဒကာမတွေကတဆင့် သိန်းရာထောင်ချီ ငွေတိုးပေးစားရင်း စီးပွားရှာနေတာတွေရှိတယ်လို့ တိုက်အုပ်ဆရာတော်ကြီးတပါးက အမိန့်ရှိပါတယ်။ ခုလို ဘုန်းကြိးတွေ ရိပ်သာတွေအတွက် ငွေတိုးပေးစားနေတာတွေဟာ ဘုန်းကြီးအတွက်ရော ကိုယ့်အတွက်ပါ တွက်ခြေကိုက်လာမှန်းသိတဲ့ စီးပွားရေးသမားတွေကလဲ ရန်ကုန်အနီးတ၀ိုက်က ငွေရှိမယ်ထင်တဲ့ ဘုန်းကြီးကျောင်းတွေကို ချဉ်းကပ်ပီး ငွေတိုးပေးချင်ရင် လုပ်ကိုင်ပေးမှာဖြစ်ကြောင်း လာရောက်ဆွယ်တာမျိုးတွေရှိတယ်လို့ ကိုယ်တိုင်ကြုံရတဲ့ ဆရာတော်တပါး အမိန့်ရှိပါတယ်။

သိန်းစိန်အစိုးရလက်ထက်မှာ လောဘဇောတိုက်နေတဲ့ ဘုန်းကြီးမျိုးတွေ ပေါ်ပေါက်လာသလို ဘုန်းကြီးအပေါ် ထိပ်ကွက်ပီး ငွေတိုးပေးစားရင်း ကိုယ်တွက် ကျန်အောင် စီးပွားရှာစားနေသူမျိုးတွေ ပေါ်ပေါက်လာတာဟာ တိုင်းပြည်စိးပွားရေး ချွတ်ခြုံကျရုံမက သာသနာပါ ပျက်စီးစပြုနေတာ ၀မ်းနည်းစရာဖြစ်တယ်။ တချို ဘုန်းကြီးကျောင်းတွေဆိုရင် နေပြည်တော် လွှတိတော်အမတ် ဘီယာဆိုင်ထောင်ဘို့ ငွေထုတ်ပေးထားတာတောင် ရှိတယ်လို့ သိရတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေး နိုင်ငံရေးအခြေအနေမှန်ကို ပန်းခင်းကို မြင်းစီးလျှောက်ကြည့်တာမျိုးနဲ့ သဘောပေါက်ဘို့ ခက်ပါတယ်။ ဒါကြောင့်လဲ သမတရုံးဝက်ဆိုက်က သတင်းဖတ်၊ အနောက်မီဒီယာတွေရေးတာဖတ်၊ ဒေါ်စုနဲ့သမတ သိန်းစိန်ပြောတာတွေသာ ဖတ်ပီး မြန်မာပြည်မှာ ရတနာမိုးရွာနေတယ်ထင်နေသူ ပြည်ပရောက် မြန်မာတွေ ပြည်ပရောက် နိုင်ငံရေးသမားတွေ အတော်များပါတယ်။ အောက်ခြေက ပြည်သူတွေထိ ဆင်းကြည့်မှ တွက်ရေးနဲ့ စက်သူဌေး ကိုက်မကိုက် သိကြမှာပါ။

ဒီကြားထဲ သိန်းစိန်ကလဲ ပြည်ပရောက် မြန်မာတွေ ပြန်လာဘို့ ဖိတ်ခေါ် ဒေါ်စုကလဲ လွှတ်တော်ထဲမှာ ဖက်ရှင်ဆန်းတွေ အမျိုးမျိုးနဲ့ တက်ပြနေတော့ မြန်မာပြည်သူတွေ ပန်းခင်းတဲ့လမ်းကို လျှောက်နေကြပလားလို့ ပြည်ပရောက်နေသူတွေ ထင်စရာရှိပါတယ်။

အောက်ခြေပြည်သူတွေအဘို့ကတော့ စောစောကပြောသလို စားဝတ်နေရေး ကျပ်တည်းနေတာနဲ့တင် သိန်းစိန်အစိုးရကို စိတ်မ၀င်စားနိုင်သလို ဒေါ်စုကိုလဲ ဘာဝတ်ထားသလဲဆိုတာသာ လူငယ်အမျိုးသမီးအများစုက စိတ်ဝင်စားကြပါတယ်။

သံဃာထု အများစုက ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း အန်အယ်ဒီကို သိသိသာသာ ထောက်ခံလာသလို သူတို့ကိုင်တဲ့ လက်ကိုင်ဖုန်းတွေမှာတောင် အန်အယ်ဒီ တံဆိပ်ကပ်ထားတဲ့ ဘုန်းကြီးတွေလဲ မြင်ရပါတယ်။

အထူးသဖြင့် အသက် ၄၀ အောက် ရန်ကုန် သံဃာအသိုင်းအ၀ိုင်းကြား လက်ကိုင်ဖုန်းကိုင်တဲ့ အလေ့ ခေတ်စားလာသလို လက်ကိုင်ဖုန်းကို အင်တာနက်ချိန်ခပေးပီး (GSM အတွက် တမိနစ် ၂ ကျပ်။ CDMA အတွက် တမိနစ် ၄ ကျပ်) အင်တာနက်ချိတ်ပီး အချင်းချင်း ကြွားနေကြတာ ယဉ်ကျေးမှုတခုလို ဖြစ်နေပါတယ်။

အမှန်တော့ လက်ကိုင်ဖုန်း အင်တာနက်နဲ့ အင်္ဂလိပ်လို မဖတ်တတ်သူ သံဃာတွေက အများစုဖြစ်တာမို့ သစ်ထူးလွင် သတင်းဘလော့က ရန်ကုန်မှာ ရေပန်းစားနေတာ သတိထားမိပါတယ်။ မွန်ပြည်နယ်က အင်တာနက်ဆိုင်တွေနဲ့ ရန်ကုန်တ၀ိုက်က အင်တာနက်ဆိုင်တွေမှာလဲ သစ်ထူးလွင် သတင်းဘလော့ဆိုက်ကို Bookmarks toolbar ထဲမှာထည့်တာမျိုးထိ တွေ့ရတယ်။

ရန်ကုန်က အင်တာနက်ဆိုင်အတော်များများဆိုရင် speed က နှေးလွန်းတဲ့အတွက် gmail inbox ရောက်အောင် login လုပ်ရတာ နာရီဝက်နီးပါးကြာတတ်သလို အခန့်မသင့်ရင် နာရီဝက်ကြာပီးမှ error ဖြစ်ပိး အီးမေးပျောက်သွားတာလဲ ကြုံရပါတယ်။ ဥပမာ ဒေါက်တာလွဏ်းဆွေဘလော့က သတင်းတခုဖတ်ဘို့ ထပ်ဖွင့်ရင် မပွင့်တော့တာမျိုး ပွင့်ဘို့ အချိန်ကြာကြာ စောင့်နေရာတာမျိုးတွေ မကြာခဏ ကြုံရတော့ စိတ်ပျက်စရာပါ။ ဒီတော့ လူငယ်အများစုက အင်တာနက်အစား game ဆော့ကြတာများပါတယ်။

ထူးခြားတာက ရန်ကုန်က အင်တာနက်ဆိုင်တွေ အဲလို ကသိကအောက် ဖြစ်နေပေမဲ့ နယ်မြိုံတွေက အင်တာနက်က မျှော်လင့်ထားတာထက်အဆများစွာ မြန်နေတာ အံ့သြစရာပါ။ သုံးတဲ့သူ နည်းလို့လားတော့ မသိပါ။ သိသာတာကတော့ လျင်မြန်စွာပြောင်းလဲနေတဲ့ ဒစ်ဂျစ်တယ်လောကကို အမှီလိုက်ချင်တဲ့ မြန်မာလူငယ်တွေဟာ မြန်မာနိုင်ငံက အင်တာနက် speed နဲ့ အမီလိုက်ဘို့ဆိုတာ အတော်ကြိုးစားရအုံးမှာဖြစ်တယ်။
(ဆက်ရန်)

No comments: