Monday, October 15, 2012

ဦးသိန်းစိန်တို့ ပြုံးပြုံးကြီး အမြတ်ထုတ် စတန့်လုပ်နေပုံများ …


Tuesday, October 16, 2012


ဦးသိန်းစိန်တို့ ပြုံးပြုံးကြီး အမြတ်ထုတ် စတန့်လုပ်နေပုံများ …
ဒေါက်တာလွဏ်းဆွေ

လူထုမကြိုက်မယ့် (ဆန္ဒပြလာရင်လည်း အစိုးရကို မထိခိုက်လောက်တဲ့) အလုပ်မျိုးကို ရွေးလုပ်၊ အရိုးခံလူထုက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်တော့ လူထုစကား နားထောင်တဲ့ အစိုးရအနေနဲ့ လူထုမကြိုက်တာ မလုပ်တော့ပါဘူးဆိုပြီး OIC ကိစ္စကို ခုတုံးလုပ်၊ တချက်ခုတ် နှစ်ချက်ပြတ် အမြတ်ထုတ်လိုက်တဲ့ ဦးသိန်းစိန်တို့ အခုလောက်ဆို ကွယ်ရာမှာ ပြုံးပြုံးကြီး လုပ်နေပြန်ဦးမှာပေါ့လေလို့ တွေးနေမိရဲ့။

တချက်ခုတ် နှစ်ချက်ပြတ်ဆိုတာက ဦးသိန်းစိန်အစိုးရအနေနဲ့ နိုင်ငံတကာအမြင်မှာ လူထုကို လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ပေးထားတယ်လို့ အမြင်ရောက်စေတဲ့ အမြတ်တခုရပြီး ဆန္ဒထုတ်ဖော်တဲ့ အရိုးခံလူထုရဲ့ အမြင်မှာတော့ ဦးသိန်းစိန်အစိုးရ ငါတို့စကား နားထောင်တယ်ဆိုတဲ့ အမှတ်ပေးမှု နောက်အမြတ်တခုကို ရလိုက်တာပဲပေါ့။ ဟဲ ဟဲ … ပြောရရင် ဦးသိန်းစိန်တို့ ၂၀၁၅ အတွက်များ ကြိုမဲဆွယ်နေသလားပေါ့လေ။ အမြတ်ထုတ်ခံလိုက်ရသူတွေကတော့ အရှိန်တက်နေဆဲမို့ အခုအထိ ခံလို့ခံရမှန်း သိချင်မှ သိကြပေဦးမယ်။

သွေးအေးသွားတဲ့အခါ ပြန်စဉ်းစားကြည့်စေချင်တာက ပြည်တွင်းစစ်ရပ်စဲရေး လမ်းလျှောက်ဆန္ဒထုတ်ဖော်ပွဲ၊ လျှပ်စစ်မီးရရှိရေး ဖယောင်းတိုင်ထွန်း လမ်းလျှောက်ဆန္ဒဖော်ထုတ်ပွဲ၊ ကိုင်းတန်းဈေး ဆန္ဒဖော်ထုတ်ပွဲ၊ လက်ပံတောင်းတောင်သူတွေရဲ့ ဆန္ဒဖော်ထုတ်ပွဲတွေတုန်းကကျတော့ အစိုးရက အခုလို တရားဝင် ဆန္ဒထုတ်ဖော်ခွင့်မပြုခဲ့ဘဲ ခေါင်းဆောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေကို မေ့လောက်ပြီဆိုမှ ဘာလို့ တရားစွဲတာလဲ ဆိုတာကိုပါ (စေ့စေ့တွေး ရေးရေးတော့ပေါ်မှာပါလေ)။

အရင်တခါကလည်း ၀န်ကြီးများရုံးကို ဟိုတယ်လုပ်ငန်းလုပ်ကိုင်ခွင့်အတွက် ငှားရမ်းမယ်ဆိုတဲ့ အသံလွှင့်လိုက်ပြီး ပြည်သူက ဆန္ဒတောင်မထုတ်ဖော်ရသေးခင် ပြည်သူ့အသံကို နားထောင်တဲ့ အစိုးရအနေနဲ့ အဲဒီအစီအစဉ်ကို မလုပ်တော့ပါဘူးဆိုပြီး မဟောက်ခင်က ကြောက်ချင်ယောင်ဆောင်ပြတဲ့ ဇာတ်လမ်းမျိုးကို ဖန်တီးခဲ့ဖူးသေးတယ်။

ဦးသိန်းစိန်တို့ အဲဒီလို ကလေးကွက်နဲ့ အမြတ်ထုတ်နေပုံကို ကြည့်ပြီး စာရေးဆရာ မောင်သာချို ပြောပြဖူးတဲ့ သူ့မိတ်ဆွေ ကဗျာဆရာဇနီးမောင်နှံရဲ့ ဖြစ်အင်ကို သွားသတိရမိတယ်။ သူတို့ဇနီးမောင်နှံက ကိုယ့်အလုပ်ကိုယ် တက်ညီလက်ညီ လုပ်ကိုင်စားသောက်ရင်း အေးအေးလူလူ နေထိုင်ကြသတဲ့။ လင်နဲ့မယား လျှာနဲ့သွားဆိုသလို ရန်တွေဘာတွေ ဖြစ်တာမျိုးလည်း တခါမှမရှိဘူးတဲ့။ ကြာတော့ ဒါကို ယောက်ျားလုပ်တဲ့ ကဗျာဆရာက ပျင်းသလိုလို ခံစားလာရသတဲ့။

အဲဒါနဲ့ တနေ့မှာ သူ့မိန်းမကို စိတ်ဆိုးအောင် တမင်လုပ်ပြီး စိတ်ဆိုးမှ ပြန်ချော့မယ်ဆိုတဲ့ စိတ်ကူးနဲ့ အရက်လုံးဝမသောက်တတ်တဲ့ ကဗျာဆရာဟာ အပြင်ကနေ အာဆွတ်ရုံ၊ အနံ့ထွက်ရုံ အရက်နည်းနည်းလေး သောက်လာသတဲ့။ အိမ်ရောက်တာနဲ့ လွယ်အိတ်ကို ပစ်ချပြီး သူ့မိန်းမနားကို သွားကပ်ထိုင်သတဲ့။ သူ ကပ်ထိုင်ပေမယ့် မိန်းမလုပ်သူက စာဖတ်တောင်မပျက်ဘူးတဲ့။

အဲဒါနဲ့ ကဗျာဆရာက ကြံရာမရဖြစ်ပြီး “မိန်းမရေ မိန်းမ ... မင်း ဒီနေ့ ကိုယ့်ဆီက ဘာအနံ့မှ မရဘူးလားကွာ” လို့ မအောင့်နိုင်မအီးနိုင် မေးလိုက်သတဲ့။ အဲဒီအခါမှာ ကဗျာဆရာ့မိန်းမက “အရက်နံ့ ရသားပဲ၊ အဲဒါ ဘာဖြစ်လဲ” လို့ စာဖတ်မပျက် အေးတိအေးစက် ပြန်ပြောသတဲ့။

အဲဒီမှာတင် မိန်းမကို အရမ်းချော့ချင်နေတဲ့ ကဗျာဆရာက “မိန်းမရယ် ကိုယ် အရက်သောက်လာတာကို မင်းမကြိုက်ဘူးမဟုတ်လား၊ မကြိုက်ရင် နောက် ကိုယ်ဘယ်တော့မှ မသောက်တော့ပါဘူးကွာ၊ စိတ်မဆိုးပါနဲ့၊ ကိုယ်တောင်းပန်ပါတယ်။ ကိုယ့်ကို အဲသလို စကားမပြောဘဲတော့ မနေပါနဲ့” လို့ ငိုမဲ့မဲ့ မျက်နှာပေးနဲ့ မိန်းမကို ချော့ဖို့ ဖက်မယ်အလုပ်မှာ မိန်းမက သူ့ကို ကပျာကယာ တွန်းထုတ်လိုက်ပြီး “ဖယ်စမ်းပါ၊ တော် ဘာတွေ အရူးထနေတာလဲ၊ ဘာကို စိတ်ဆိုးရမှာလဲ၊ ဒီမှာ ဇာတ်လမ်းကောင်းနေရတဲ့အထဲ၊ သွား သွား ရေသွားချိုးချေ။ ပြီးရင် ထမင်းစားကြမယ်” လို့ စာဆက်ဖတ်နေရင်း ပြန်ပြောလိုက်ပုံကြောင့် ချော့ချင်လွန်းတဲ့ ကဗျာဆရာ ဘယ်လိုချော့ရမှန်း မသိတော့ဘဲ ခေါင်းလေးကုတ်ပြီးသကာလ ရေချိုးဖို့ ထွက်ခဲ့ရသတဲ့။

အခုလည်း ပြည်သူ့အသံကို နားထောင်ကြောင်း အမှတ်ယူချင်လွန်းနေတဲ့ ဦးသိန်းစိန်အစိုးရ အင်ထုနေပုံတွေက အထက်မှာ ပြောပြခဲ့တဲ့ ကဗျာဆရာ့အထာလို ရယ်စရာပါပဲ။ သူ့ဘာသာသူ အကွက်ဆင် လုပ်ဇာတ်ထွင်ပြီး “ကိုယ် နောက်မလုပ်တော့ပါဘူးကွာ” လို့ ပြည်သူကို ဇွတ်အတင်းကြီး ချော့နေသလို …။

အင်း … ကဗျာဆရာ့မိန်းမက စိတ်မဆိုးတတ်ပေမယ့် တချီချီမှာ အမှန်တကယ် ရေမရောစတမ်း စိတ်ဆိုးဒေါသထွက်နေတဲ့ ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့ပြီး ဦးသိန်းစိန်အစိုးရ ဖနောင့်နဲ့ တင်ပါး တသားတည်းဖြစ်အောင် ပြေးနေရမှဖြင့် စိတ်မကောင်းစရာများ ဖြစ်နေမလားပဲနော်။

အားလုံးသို့ လေးစားစွာဖြင့် …
ဒေါက်တာလွဏ်းဆွေ
နံနက် ၅း၂၁ နာရီ
၁၆-၁၀-၂၀၁၂
 http://drlunswe.blogspot.ca/2012/10/blog-post_7375.html

No comments: