Monday, October 15, 2012

တောင်တရုတ်ပင်လယ် နှင့် မဟာဗျူဟာရေးရာ (အပိုင်း- ၈)



စစ်ရေးထိတွေ့မှု ဖြစ်ပွားစေမည့် စနက်တံများ

တောင်တရုတ်ပင်လယ်အရေးမှာ စစ်ရေးထိတွေ့မှု ဖြစ်ပွားစေမယ့် အဓိက စနက်တံတွေဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အများအပြားကို တွေ့ရှိလာတဲ့အချိန်နဲ့ တိုက်ရိုက်ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတနိုင်ငံ (အထူးသဖြင့် တရုတ်နိုင်ငံ) မှာ စွမ်းအင်ပြတ်လပ်မှု ဖြစ်ပွားလာချိန်လို့ ခန့်မှန်းထားကြပါတယ်။ ဒီစနက်တံတွေ အပါအ၀င် ဖြစ်နိုင်ဖွယ်ရှိတဲ့ စနက်တံတွေကို အငြင်းပွားရေပိုင်နက်မှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ရှာဖွေထုတ်ယူခြင်း၊ နေရာယူသိမ်းပိုက်ခြင်း၊ လက်နက်အင်အားသုံး၍ လူအများအား ရွှေ့ပြောင်းနေရာချထားခြင်း၊ လက်နက် အင်အားသုံး၍ enforcement ပြုလုပ်ခြင်း၊ မတော်တဆမှုများနှင့် မဟာဗျူဟာ မှားယွင်း တွက်ချက်မှုများ စတာတွေ ဖြစ်ပါတယ်။ အခြားပြင်ပအချက်တွေဖြစ်တဲ့ ဒေသတွင်းဆိုင်ရာ ပဋိပက္ခတွေ (ဥပမာ- မလက္ကာရေလက်ကြားအရေး) စတာတွေကလဲ ပဋိပက္ခတွေကို တောင်တရုတ်ပင်လယ်အထိ ရိုက်ခတ်လာ စေနိုင်ပါတယ်။

() ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်ယူမှုများ

(ပုံ ၁၁- တောင်တရုတ်ပင်လယ်မှာ oil platform တခု)

၂၁ ရာစုရဲ့ စစ်ရေးထိတွေ့မှု ပဋိပက္ခတော်တော်များများဟာ ရေနံ နိုင်ငံရေး အပေါ်မှာ မူတည်နေပါတယ်။ တောင်တရုတ်ပင်လယ်မှာ စစ်ရေးထိတွေ့မှုအဖြစ်နိုင်ဆုံး စနက်တံကလဲ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေထုတ်ယူမှုတွေ ဖြစ်လာနိုင်ပါတယ်။ သဘောတူညီမှုစာချုပ်တွေ မချုပ်ဆိုထားပဲ အငြင်းပွားရေပိုင်နက်မှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ရှာဖွေရေး ကြိုးပမ်းမှုဟာ အချုပ်အခြာအာဏာကို တိုက်ရိုက်ထိပါးမှုအဖြစ် ယူဆလေ့ရှိကြပါတယ်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရှာဖွေ ထုတ်ယူရေးအတွက် တရုတ်နိုင်ငံက ပူးတွဲထုတ်လုပ်မှုတွေ ကမ်းလှမ်းထားတာကြောင့် unilateral drilling operations တွေဟာ တရုတ်နိုင်ငံကို တိုက်ရိုက်စိန်ခေါ်မှုလို့ ယူဆနိုင်ဖွယ်ရာ ရှိပါတယ်။ သို့ပေမယ့် အချုပ်အခြာအာဏာဟာ ရေနံနဲ့ပဲ တိုက်ရိုက်ဆက်စပ်နေတာ မဟုတ်တဲ့အတွက် အခြားသဘာဝ သယံဇာတ အရင်းအမြစ်ထုတ်ယူမှုတွေကိုလဲ အချုပ်အခြာအာဏာကို ခြိမ်းချောက်တယ်လို့ နိုင်ငံအချို့က သတ်မှတ်နိုင်ဖွယ် ရှိကြောင်း အချို့ပညာရှင်များက ဖြည့်စွက်ရေးသားကြပါတယ်။ တောင်တရုတ်ပင်လယ်မှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အရင်းအမြစ်မရှိနိုင်ဖူးလို့ သေချာသွားရင်တောင် ရေပိုင်နက်အငြင်းပွားမှုတွေက ရပ်တန့်မှာ မဟုတ်ကြောင်းနဲ့ အဓိကပြဿနာအရင်းအမြစ်ဟာ အချုပ်အခြာအာဏာပညာဖြစ်ကြောင်း သူတို့က ဆိုထားကြပါတယ်။ သို့ပေမယ့်လဲ ရေနံနဲ့ သဘာဝဓာတ်ငွေ့အရင်းအမြစ်ဟာ စစ်ရေးထိတွေ့မှုဖြစ်စေမယ့် incentives တွေကို တိုးမြင့်စေကြောင်းနဲ့ စနက်တံဖြစ်လာနိုင်ကြောင်းကိုတော့ အများက လက်ခံထားကြပါတယ်။

တောင်တရုတ်ပင်လယ်အရေးမှာ ဒီစနက်တံကို မီးသွားရှို့လာနိုင်တဲ့ အဖြစ်နိုင်ဆုံး တိုင်းပြည်ဟာ ဗီယက်နမ် ဖြစ်တယ်လို့လဲ အချို့က ခန့်မှန်းကြပါတယ်။ ဗီယက်နမ်နိုင်ငံက ရေနံရှာဖွေရေးနဲ့ ထုတ်ယူရေးအတွက် လှုပ်ရှားမှုတွေ အများအပြား ပြုလုပ်ထားပြီး၊ ဘေဂျင်းကလဲ အကြိမ်ပေါင်းများစွာ သတိပေးထားခဲ့ပါတယ်။ ဗီယက်နမ်မဟာဗျူဟာ ပညာရှင်များကလဲ သယံဇာတအရင်းအမြစ် ပြိုင်ဆိုင်မှု (အထူးသဖြင့် ရေနံနဲ့ သဘာဝဓာတ်ငွေ့) နဲ့ "unilateral actions" ဟာ စစ်ရဲ့ စနက်တံဖြစ်ကြောင်း ရှုမြင်တဲ့အတွက် ရုရှားအပါအ၀င် အခြားနိုင်ငံကြီးများကို ရေနံရှာဖွေရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ဖို့ လိုက်လံဖိတ်ခေါ်ထားပါတယ်။ ဗီယက်နမ် မဟာဗျူဟာပညာရှင်များရဲ့ စာတမ်းတွေမှာ unilateral ကမ်းလွန်ရေနံရှာဖွေရေးလုပ်ငန်းကို ဗီယက်နမ်ရဲ့ ပြည်တွင်းစွမ်းအင်သုံးစွဲမှုလိုအပ်ချက် အမြင့်ဆုံးဖြစ်လာမှသာ ပြုလုပ်နိုင်ချေရှိကြောင်း သုံးသပ် ထားကြပါတယ်။ သို့ပေမယ့် ဒီလို လုပ်ဆောင်မှုမှာ စစ်ဖြစ်နိုင်မှုဆိုတဲ့ risks ကို ယူရမှာ ဖြစ်တဲ့အတွက် risk factor ကို အလေးအနက်ထား စဉ်းစားသင့်ကြောင်း တင်ပြထားကြပါတယ်။

() နေရာယူသိမ်းပိုက်ခြင်း

(၁၉၉၅) ခုနှစ်မှာ Mischief Reef ကို တရုတ်နိုင်ငံက နေရာယူသိမ်းပိုက်မှုနဲ့ အလားသဏ္ဍာန်တူ ဖြစ်ရပ်များဟာလဲ စစ်ပွဲကို ဦးတည်စေနိုင်ပါတယ်။ တရုတ်ရေတပ်ရဲ့ unilateral actions တွေဟာ အာဆီယံနိုင်ငံများနဲ့ ထိုင်ဝမ်တို့ရဲ့ status quo ထိန်းထားရန် ပြုလုပ်လေ့ရှိတဲ့ unilateral actions တွေနဲ့ ကွာခြားမှုရှိပါတယ်။ မဟာဗျူဟာပညာရှင်အချို့ဟာ တရုတ်နိုင်ငံဟာ အငြင်းပွားမှုနဲ့ ပဋိပက္ခတွေမှာ လက်ဦးမှုကြိုယူထားဖို့ အရေးကြီးကြောင်း တွက်ချက်ပြီး လှုပ်ရှားမှုတွေ လုပ်လေ့ရှိကြောင်း ထောက်ပြပြောဆိုကြပါတယ်။ "no men's reefs" အချို့ကို နေရာယူသိမ်းပိုက်ထားခြင်းဟာ စစ်တုရင်ကစားပွဲက Play Go နည်းဗျူဟာနဲ့ အလားသဏ္ဍာန်တူကြောင်းနဲ့ တရုတ်နိုင်ငံဟာ ဒီလိုဂိမ်းတွေကို ဆက်လက်ကစားနိုင်လာဖွယ်ရှိကြောင်း တွက်ချက်ထားကြပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် Mischief မှာ နေရာယူထားခြင်းဟာ တရုတ်အတွက်တော့ ထင်ရှားတဲ့ သင်္ကေတတခုဖြစ်နေပြီး၊ နောက်ပိုင်းကာလမှာ တပ်စွဲထားမှုက ရုတ်သိမ်းသွားရမည်ဖြစ်စေ၊ ဆက်လက်ထားရှိမည်ဖြစ်စေ၊ အငြင်းပွားနေဆဲ ကာလမှာတော့ တရုတ်အတွက် bargaining position ရသွားတယ် ဆိုတာကို ဘယ်သူမှ မငြင်းနိုင်ကြပါဘူး။ အာဆီယံနိုင်ငံတွေက တရုတ်နဲ့ တိုက်ရိုက်စစ်ရေးထိတွေ့မှုကို တတ်နိုင်သမျှ ရှောင်ရှားနေကြောင်း သိရှိပြီးဖြစ်တဲ့ တရုတ်နိုင်ငံအတွက် ဒီလိုဂိမ်းတွေကို ဆက်လက်ကစားနေရာက နောက်ဆုံးမှာ အာဆီယံနိုင်ငံတွေအနေနဲ့ စစ်ရေးထိတွေ့မှုမှတပါး အခြားနည်းလမ်းမရှိတော့တဲ့ ဆုံးဖြတ်ချက်ကို ချမှတ်သွားမှာကို မဟာဗျူဟာပညာရှင် အချို့က စိုးရိမ်ကြပါတယ်။ အငြင်းပွားမှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခြင်း မရှိတဲ့ ထိုင်းနိုင်ငံကလဲ ဒီလို နေရာယူသိမ်းပိုက်မှုတွေကို စိုးရိမ်ကြောင်း ဖွင့်ဟပြောဆိုထားပါတယ်။ လက်ရှိအခြေအနေမှာ ထိန်းသိမ်းထားတဲ့ status quo ကို တရုတ်နိုင်ငံက မပြောင်းလဲပစ်ရေးဟာ အာဆီယံနိုင်ငံများက သဘောတူထားတဲ့ minimum position ဖြစ်ပါတယ်။

() လက်နက်အင်အားသုံး၍ လူအများအား ရွှေ့ပြောင်းနေရာချထားခြင်း

(၁၉၅၀) ခုနှစ်ကာလတွေတုန်းက Itu Aba မှာ ရှိတဲ့ ဖိလစ်ပိုင်လူမျိုးတွေကို လက်နက်အင်အားသုံးပြီး ထိုင်ဝမ်က ရွှေ့ပြောင်းနေရာချထားမှုတွေဖြစ်ပွားခဲ့ပါတယ်။ တရုတ်နိုင်ငံက အငြင်းပွားရေပိုင်နက်ကို တရုတ်နိုင်ငံရဲ့ အချုပ်အခြာနယ်မြေပိုင်နက်အဖြစ် သတ်မှတ်ထားတာ ဖြစ်တဲ့အတွက် ရေပိုင်နက်ထဲမှာ နေထိုင် အခြေချနေသူများကို လက်နက်အင်အားသုံးပြီး ရွှေ့ပြောင်းနေရာချထားမှုတွေ ဖြစ်ပွားလာမှာကို စိုးရိမ်မှုတွေ ရှိပါတယ်။ ဒီလို လက်နက်အင်အားသုံး ရွှေ့ပြောင်းနေရာချထားမှုကနေ တဆင့် Humanitarian Intervention ဖြစ်လာပြီး၊ စစ်ရေးထိတွေ့မှုတွေဖြစ်လာနိုင်ကြောင်း သုံးသပ်မှုတွေ ပေါ်ထွက်လာပါတယ်။

() လက်နက် အင်အားသုံး၍ enforcement ပြုလုပ်ခြင်း

အခြားထင်ရှားတဲ့ စနက်တံတခုကတော့ လက်နက် အင်အားသုံး၍ enforcement ပြုလုပ်ခြင်းပဲ ဖြစ်ပြီး၊ ဖြစ်နိုင်ချေကလဲ အတော်များပါတယ်။ အငြင်းပွားရေပိုင်နက်မှာ ငါးဖမ်းသင်္ဘောနဲ့ ကုန်သွယ်ရေကြောင်း သင်္ဘောတွေကို ခွင့်ပြုချက်ကိစ္စနဲ့ ပတ်သက်ပြီး၊ နိုင်ငံတနိုင်ငံက အရေးယူဖမ်းဆီးမှုတွေ ရှိလာတဲ့အခါတိုင်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ ရေတပ်တွေနဲ့ ကမ်းရိုးတန်းစောင့်တပ်တွေက ၀င်ပါလေ့ရှိကြပါတယ်။ အငြင်းပွား ရေပိုင်နက်ကို စစ်သင်္ဘောတွေ စေလွှတ်တာတွေ၊ ငါးဖမ်းသင်္ဘောတွေနဲ့အတူ ကမ်းရိုးတန်းစောင့်တပ်သင်္ဘောတွေ ပါလာတာတွေ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေကတဆင့် အခန့်မသင့်ရင် gunfire exchanges တွေ ဖြစ်သွားပြီး၊ ရေတပ်အချင်းချင်း စစ်ရေးထိတွေ့မှုတွေအထိ ဖြစ်သွားနိုင်ပါတယ်။

အငြင်းပွားရေပိုင်နက်အထဲကို စစ်သင်္ဘောတွေ ၀င်ရောက်ပြီး၊ ငါးဖမ်းသင်္ဘောတွေကို အကြောင်းပြချက်မရှိပဲ ရပ်တန့်တာ၊ ရှာဖွေတာတွေ ပြုလုပ်တာတွေ၊ ငါးဖမ်းသမားတွေကို ဖမ်းဆီးတာတွေ၊ အနှောင့်အယှက်ပြုတာ တွေဟာလဲ freedom of navigation ကို ထိခိုက်တာဖြစ်တဲ့အတွက် စစ်ရေးထိတွေ့မှု ဖြစ်ပွားစေတဲ့ စနက်တံတွေဖြစ်လာနိုင်ပါတယ်။

() မတော်တဆမှုများနှင့် မဟာဗျူဟာ မှားယွင်းတွက်ချက်မှုများ

မတော်တဆမှုများနဲ့ မဟာဗျူဟာ မှားယွင်းတွက်ချက်မှုတွေကလဲ စစ်ဖြစ်နိုင်စေတဲ့ စနက်တံတွေ ဖြစ်ပါတယ်။ အထူးသဖြင့် စစ်မြေပြင်တွေနဲ့ အငြင်းပွားရေပိုင်နက်၊ မြေပိုင်နက်တွေဆိုတာက တဘက်ရဲ့ intent ကို အခြားတဘက်က ခန့်မှန်းရ အလွန်ခဲယဉ်းပြီး မဟာဗျူဟာ မှားယွင်းတွက်ချက်မှုတွေ အဖြစ်ပွားနိုင်ဆုံး နေရာတွေ ဖြစ်ပါတယ်။ (၁၉၉၆) ခုနှစ်မှာ ဖိလစ်ပိုင်စစ်တပ်နဲ့ တရုတ်နိုင်ငံရဲ့ gun boats တွေအကြား ထိတွေ့မှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်မှာဆိုရင် မနီလာရဲ့ အနောက်မြောက် ကီလိုမီတာ (၁၂၀) အကွာမှာ တရုတ်ရဲ့ gun boats တွေက အကြောင်းပြချက်မရှိပဲ လှည့်ပတ်မောင်းနှင်နေရာကတဆင့် စစ်ရေးထိပ်တိုက်ရင်ဆိုင်မှုအထိ ဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ငါးခိုးဖမ်းမှုကို ကာကွယ်စောင့်ရှောက်ဖို့အတွက် naval assets တွေကို အသုံးပြုမှုတွေကလဲ စစ်ရေးထိတွေ့မှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး မဟာဗျူဟာ မှားယွင်းတွက်ချက်မှုတွေ ဖြစ်နေနိုင်တာကြောင့်ပါ။ ဖိလစ်ပိုင်နိုင်ငံ မဟာဗျူဟာပညာရှင်များကတော့ 'gunboat diplomacy' ကျင့်သုံးမှုနဲ့ စစ်ရေးလေ့ကျင့်မှုဆိုင်ရာ မတော်တဆမှုတွေကလဲ စစ်ရေးထိတွေ့မှုကို ဖြစ်စေနိုင်တယ်လို့ သုံးသပ်ထားပါတယ်။ နိုင်ငံတကာ သဘောတူညီချက်များဖြစ်တဲ့ UN Convention on the Law of the Seas (UNCLOS) က ချမှတ်ထားတဲ့ အခွင့်အရေးနဲ့ တာဝန်တွေကို နားလည်မှုလွဲမှားတာကလဲ မဟာဗျူဟာတွက်ချက်မှု အမှားအယွင်းတွေကို ဖြစ်စေနိုင်ပါတယ်။

() အခြားအကြောင်းအရာများ

Acts of provocation ဖြစ်ပွားစေနိုင်တဲ့ အခြားအကြောင်းအရာများလဲ ရှိပါသေးတယ်။ အငြင်းပွားမှုမှာ တိုက်ရိုက်ပါဝင်ပတ်သက်တဲ့ နိုင်ငံတွေက ပင်လယ်ရေကြောင်းလုံခြုံရေး၊ ပင်လယ်ဓားပြနှိမ်နင်းရေး၊ လေထုညစ်ညမ်းမှု သန့်စင်ရေး၊ သိပ္ပံနည်းကျ သုတေသနများ ပြုလုပ်ရေးစတဲ့ အကြောင်းပြချက်များနဲ့ ရေပိုင်နက်အတွင်းဝင်ရောက်ပြီး jurisdiction တိုးချဲ့မှုပြုလုပ်တာဟာလဲ မတော်တဆ စစ်ရေးထိတွေ့မှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ပင်လယ်ဓားပြအော်ပရေးရှင်းတွေမှာ သက်ဆိုင်ရာ အစိုးရသင်္ဘောတွေနဲ့ ၀န်ထမ်းတွေ ပါဝင်တာဟာလဲ ပဋိပက္ခတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ အာဆီယံနိုင်ငံများက ဒီလိုပင်လယ်ဓားပြ အော်ပရေးရှင်းတွေမှာ တရုတ်က သင်္ဘောတွေ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲမှုတွေ ရှိပါတယ်။ နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေရဲ့ အငြင်းပွားရေပိုင်နက်ကို သွားရောက်လည်ပတ်မှုတွေကလဲ မှားယွင်းတဲ့ တွက်ချက်မှုတွေ ဖြစ်ပွားစေနိုင်ပါတယ်။ စစ်ရေးအဆင့်မြှင့်မှုတွေမှာ surface-to-surface missiles တွေကို တိုးချဲ့လာမှုတွေကလဲ မဟာဗျူဟာ မှားယွင်းတွက်ချက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

() ဒေသတွင်း ပဋိပက္ခနှင့် တင်းမာမှုများ

ဒေသတွင်း ပဋိပက္ခနဲ့ တင်းမာမှုတွေဟာလဲ တောင်တရုတ်ပင်လယ်ကို သက်ရောက်လာနိုင်ပါတယ်။ တရုတ်ပြည်ပနဲ့ ထိုင်ဝမ်အကြားမှာသာ စစ်ရေးတင်းမာမှုဖြစ်လာခဲ့ရင် တောင်တရုတ်ပင်လယ်မှာပဲ ထိတွေ့မှု ဖြစ်ကြမှာ ဖြစ်ပါတယ်။ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့အကြားက နယ်စပ်တင်းမာမှုကလဲ တောင်တရုတ်ပင်လယ် ကိုပါ ရိုက်ခတ်လာနိုင်ပါတယ်။ Spratlys ကျွန်းစုဟာ တရုတ်နိုင်ငံအတွက် strong signal ပြနိုင်တဲ့ အကောင်းဆုံး မဟာဗျူဟာ အချက်အချာနေရာဖြစ်ပါတယ်။ တရုတ်နဲ့ ဂျပန်တို့အကြား၊ တရုတ်နဲ့ အမေရိကန်တို့အကြားက ပါဝါဂိမ်းတွေကလဲ တောင်တရုတ်ပင်လယ်ထဲမှာ ကစားလာနိုင်ဖွယ်ရှိပါတယ်။ မထင်မှတ်ထားတဲ့ တတိယ နိုင်ငံတခုခု (သို့မဟုတ်) ရုရှားကဲ့သို့သော ပြင်ပအင်အားကြီးနိုင်ငံတခုခုက တောင်တရုတ်ပင်လယ် အရေးထဲ ၀င်ပါလာတာမျိုးလဲ ဖြစ်သွားနိုင်ပါသေးတယ်။

() ပင်လယ်ရေကြောင်းဆက်သွယ်ရေးအား ခြိမ်းချောက်မှုများ

တောင်တရုတ်ပင်လယ်အရေးမှာ ပါဝင်ပတ်သက်နေတဲ့ နိုင်ငံတနိုင်ငံဟာ နိုင်ငံတကာ sea lines of communications (SLOCs) ကို တိုက်ရိုက်ခြိမ်းချောက်မှု ဖြစ်ပွားလာခဲ့ရင်တော့ မလွဲမသွေ၊ အမေရိကန်ပြည်ထောင်စုက ၀င်ပါလာမှာဖြစ်သလို၊ ဂျပန်နဲ့ အခြားအင်အားကြီးနိုင်ငံများကလဲ ၀င်ရောက် ပတ်သက်တော့မှာ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ကို တည်မှီထားတဲ့ merchant and military traffic အတွက် SLOCs က နိုင်ငံအများစုအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။ ဒါကို ဘယ်နိုင်ငံကမှ ထိခိုက်ခံမှာ မဟုတ်ပါဘူး။

(၂၀၁၁) ခုနှစ် မတိုင်ခင်က ကမ္ဘာ့လုံခြုံရေး မဟာဗျူဟာ ပညာရှင်တွေက အရှေ့တောင်အာရှနိုင်ငံများအကြားမှာ ဖြစ်ပွားလာမယ့် "arms race" ကို စိုးရိမ်ကြောင့်ကြမှုတွေ ရှိကြပါတယ်။ (၂၀၁၂) ခုနှစ်မှာတော့ တောင်တရုတ် ပင်လယ်အရေးက အရှေ့တောင်အာရှရဲ့ စိုးရိမ်ဖွယ်ရာအကောင်းဆုံး အခြေအနေကို ရောက်ရှိသွားပါတော့တယ်။ အငြင်းပွားရေပိုင်နက်မှာ ဖြစ်ပွားတဲ့ ပြဿနာငယ်လေးတွေကိုတောင် တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံများက ထိရောက်စွာကိုင်တွယ်နိုင်ခြင်းမရှိပဲ၊ ပြဿနာတွေ တစတစ ကြီးထွားလာစေမှုတွေက မဟာဗျူဟာ ပညာရှင်များကို စိုးရိမ်မှုတွေ ပိုမိုကြီးထွားလာစေပါတယ်။ ကြောက်လန့်ဖွယ်ရာ အကောင်းဆုံးက အငြင်းပွားမှု ဖြစ်ပွားနေတဲ့ နိုင်ငံများအကြားမှာ defence capabilities ကွာခြားမှု အလွန်ကြီးမားနေပြီး၊ စစ်ရေးထိတွေ့မှုတွေ ဖြစ်ပွားလာတာနဲ့ အင်အားကြီးနိုင်ငံတွေက ၀င်ရောက်ပတ်သက်လာစေနိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

ခင်မမမျိုး (၁၅၊ ၁၀၊ ၂၀၁၂)

https://mail-attachment.googleusercontent.com/attachment/?ui=2&ik=83bf689ad2&view=att&th=13a6685d224f079f&attid=0.1&disp=inline&realattid=f_h8c5eftl0&safe=1&zw&saduie=AG9B_P8icF3-LbUhpFGmf2SBaHYt&sadet=1350348291317&sads=0qPabBov5Nygu7W8IoCKpCLO5zs&sadssc=1

No comments: