Tuesday, October 16, 2012

တာလီဘန်ဆန့်ကျင်ရေး စိတ်ဓာတ်များ ပါကစ္စတန်တွင် ပြင်းထန်လာ

အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ မိန်းကလေးကို တာလီဘန်များ တိုက်ခိုက်မှုကြောင့် တာလီဘန်ဆန့်ကျင်ရေး စိတ်ဓာတ်များ ပါကစ္စတန်တွင် ပြင်းထန်လာ
အစ္စလမ်မာဘတ်၊ အောက်တိုဘာ ၁၁
အသက်၁၄နှစ်အရွယ်ရှိ ပါကစ္စတန်တက်ကြွလှုပ်ရှားသူ မိန်းကလေးတိုက်ခိုက်ခံရအပြီးတွင် ထိုဖြစ်ရပ်ကိုကန့်ကွက်သည့်အနေဖြင့် ပါကစ္စတန်တွင် ကျောင်းများပိတ်ထားကြသကဲ့သို့ ဆုတောင်းပွဲများကိုလည်းညမအိပ်ဘဲ ပြုလုပ်ခဲ့ကြသည်ဟုသိရသည်။
အသက် ၁၄နှစ်အရွယ်ရှိ ပါကစ္စတန်မိန်းကလေး မာလာလာယိုဆူဇိုင်သည် အမျိုးသမီးများအတွက် ပညာသင်ယူခွင့်များ တိုးမြှင့်ပေးရေးနှင့် လက်နက်ကိုင်အဖွဲ့ကိုဝေဖန်မှုများပြုလုပ်အပြီးတွင် လက်နက်ကိုင်တိုက်ခိုက်ခြင်းခံခဲ့ရသည်။ ထိုတိုက်ခိုက်ခံရမှုသည် ပါကစ္စတန်နိုင်ငံတဝန်းရှိ ဘာသာရေး၊ နိုင်ငံရေးနှင့် လူမျိုးစုအသိုင်းအဝိုင်းတို့ကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။

ပါကစ္စတန်နိုင်ငံသားအများအပြားက ထိုတိုက်ခိုက်မှုအပေါ် ပြင်းပြင်းထန်ထန် တုံပြန်ခဲ့မှုကြောင့် ပါကစ္စတန်၏ ကာလကြာရှည်နေပြီဖြစ်သော တာလီဘန်နှိမ်နှင်ရေးစစ်ပွဲတွင် အချိုးအကွေ့ဖြစ်သွားမည်ဟု မျှော်လင့်နေကြသည်။ အမေရိကန်ထိပ်တန်းအရာရှိတို့သည် ယခုတိုက်ခိုက်မှုကိုပြစ်တင်ဝေဖန်ထားပြီး မာလာလာယိုဆူဇိုင်ကို အကူအညီပေးရန်ကမ်း လှမ်းထားသည်။
ပြီးခဲ့သောအဂါင်္နေ့တွင် တာလီဘန်သေနတ်သမားတစ်ဦးသည်
ကျောင်းဘတ်စ်ကားဂိတ်သို့ရောက်လာခဲ့ပြီး မာလာလာယိုဆူဇိုင်၏ ဦးခေါင်းနှင့်လည်ပင်းတို့ကို ပစ်ခတ်ခဲ့သည်။ ဘတ်စ်ကားပေါ်ရှိ အခြားကျောင်းသူတစ်ယောက်မှာလည်း ဒဏ်ရာရရှိခဲ့သည်။ ၎င်း၏လည်ပင်းမှ ကျည်ဆန်ကို ဆရာဝန်တို့က ဗုဒ္ဓဟူးနေ့မနက်တွင်ထုတ်ယူခဲ့ပြီးချိန်တွင် မာလာလာယိုဆူဇိုင်သည် အသက်အန္တရာယ်မှလွတ်မြောက်ခဲ့သော်လည်း
စောင့်ကြည့်နေရဦးမည်ဖြစ်ကြောင်း ဆရာဝန်တို့က ပြောကြားထားသည်။
၎င်းအတွက်ဆုတောင်းပွဲများနှင့်ချီတက်ဆန္ဒပြပွဲများကို လာဟိုမြို့၊ မင်ဂိုရာ၊ ကရာချိနှင့် မြို့တော်အစ္စလမ်မာဘတ်တို့တွင်ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် သတင်းစာ၊ တီဗီနှင့် လူမှုမီဒီယာဖိုရမ်တို့တွင် ပါကစ္စတန်နိုင်ငံသားတို့သည် ယခုတိုက်ခိုက်မှုကို ပြစ်တင်ဝေဖန်ခဲ့ကြပြီး တာလီဘန်တို့အပေါ်မာလာလာယိုဆူဇိုင်၏ ဝေဖန်မှုများကို လေးစားကြောင်း ထုတ်ဖေါ်ပြောကြားခဲ့ကြသည်။
Source: AP

No comments: