Friday, January 11, 2013

ABSDF သည် အပစ်အခတ် ရပ်စဲရေး ယူထားသော အဖွဲ့အစည်း မဟုတ်သဖြင့် လက်ရှိတိုက်ပွဲများတွင် ပါဝင်နေရခြင်း ဖြစ်ဟုဆို


ရန်ကုန်၊ ဇန်နဝါရီ ၃ ၊ ၂ဝ၁၃
Myanmar Peace Center ရှင်းလင်းပွဲ မြင်ကွင်း
Myanmar Peace Center ရှင်းလင်းပွဲ မြင်ကွင်း
လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ၌ ABSDF (မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး) ပါဝင်နေရခြင်းမှာ ယင်းအဖွဲ့အနေဖြင့် အပစ်အခတ် ရပ်စဲရေး ယူထားသော အဖွဲ့ အစည်း မဟုတ်ခြင်းကြောင့် ဖြစ်ကြောင်း၊ ABSDF ကိုယ်စားလှယ် အဖွဲ့ဝင် မိဆူးပွင့်က ဇန်နဝါရီ ၃ ရက် နံနက်ပိုင်း က မြန်မာ့ငြိမ်းချမ်းရေး စင်တာတွင် ကျင်းပပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြန်လည် ဖြေကြားခဲ့သည်။
“ABSDF အဖွဲ့မှာ ကိုယ်ပိုင်နယ်မြေ မရှိဘူး။ ဒါပေမယ့် နေရာတိုင်းမှာတော့ ABSDF ရှိတယ်။ ကချင်ဒေသ စစ်ပွဲ တွေမှာလည်း ABSDF အဖွဲ့ဝင် တွေရှိတယ်။ အဲဒီလို တိုက်ပွဲတွေမှာ ပါဝင်နေတာ ဘာကြောင့်လဲဆိုတော့ အပစ်အခတ် ရပ်စဲရေး ယူထားတဲ့ အဖွဲ့အစည်း မဟုတ်တဲ့အတွက် လက်ရှိ တိုက်ပွဲတွေမှာ ပါဝင်ဆင်နွှဲနေ ရတာပါ”ဟု မိဆူးပွင့်က ထည့်သွင်း ပြောကြားခဲ့သည်။
ABSDF ဗဟိုကိုယ်စားလှယ် အဖွဲ့အနေဖြင့် လက်ရှိအစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်များတွင် ပါဝင်ရန် ကြိုးစားဆောင်ရွက်ခြင်း မှာ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သောကြောင့် လက်နက်ကိုင်တိုက်ပွဲကို အားသွန်ခွန်စိုက် ဦးစားပေးလုပ်ဆောင်နေခြင်း သာမက နိုင်ငံရေး ပြဿနာများကို စားပွဲဝိုင်းပေါ်၌လည်း ဖြေရှင်းချင်သော ဆန္ဒများ ရှိခြင်းကြောင့်ဖြစ် ကြောင်း၊ ယင်းက ဆက်လက်ပြောကြားခဲ့သည်။
“ငြိမ်းချမ်းရေးဟာ မြန်မာပြည်ရဲ့ ပင်မရေစီးကြောင်းပဲ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်ဖို့ဆိုရင် ငြိမ်းချမ်းရေးဟာ မရှိမဖြစ်လိုအပ်တယ်။ ABSDF  ဟာ အစိုးရနဲ့ တိုက်ပွဲတွေဖြစ်နေတယ်။ တစ်ဖက်ကလည်း အစိုးရနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်နေတယ်။ ဒါဟာအကျဉ်းအကျပ်ထဲက မြန်မာပြည်ရဲ့ ဘဝပဲ။ ငြိမ်းချမ်းရေးရဖို့ ကျွန်တော်တို့တင် မကဘူး အားလုံးမှာတာဝန်ရှိတယ် အားလုံးလုပ်ပြရမယ်” ဟု ABSDF ဥက္ကဋ္ဌ သံခဲက ပြောကြားခဲ့သည်။
ABSDF အဖွဲ့မှ ဥက္ကဋ္ဌ ကိုသံခဲ၊ အထွေထွေ အတွင်းရေးမှူး ဆန်နီ၊ ဗဟိုဦးဆောင် ကော်မတီဝင် ဆလိုင်း ယောအောင်၊ ဗဟိုကော်မတီဝင် ကျော်ကို၊ ကိုယ်စားလှယ်အဖွဲ့ဝင် မိဆူးပွင့်တို့သည် ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက မြန်မာနိုင်ငံသို့ နှစ်ပေါင်း ၂၄ နှစ်အတွင်း ပထမဦးဆုံး အကြိမ် ပြည်ဝင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ ABSDF ၏ ၂ ပတ်ကြာ ပြည်တွင်း ခရီးစဉ် တွင် နေပြည်တော်၌ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့နှင့် တွေ့ဆုံခဲ့ပြီး အန်အယ်လ်ဒီ ပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့၊ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဖြစ်မြောက်ရေး ကော်မတီ၊ ဝါရင့်နိုင်ငံရေး သမားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်း များနှင့်လည်း တွေ့ဆုံဆွေးနွေးပြီး ရရှိသော အချက် အလက်များကို ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ် ရေးအတွက် အသုံးချသွားမည် ဖြစ်ကြောင်း သိရသည်။
ABSDF (မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး) သည် ၁၉၈၉ ခုနှစ်တွင် မြန်မာပြည် မှ ပြည်ပနိုင်ငံများသို့ အသီးသီး တောခိုခဲ့သော အဖွဲ့ဖြစ်သည်။

No comments: