Wednesday, February 13, 2013

ကျောင်းသားသူပုန်တို့ရဲ့ ခရီးရှည်အမှတ်တရ (အပိုင်း-၁၂)

by Myat Thu on Wednesday, February 13, 2013 at 8:58am ·



ဘန်ကောက်နေ့များ

ကျနော်တို့ရဲ့ ဒေါက်တာနိုင်အောင်ဦးဆောင်တဲ့အဖွဲ့နဲ့ ကိုမိုးသီးဇွန်ဦးဆောင်တဲ့အဖွဲ့ပြန်ပေါင်းထုတ်တဲ့ ၁၉၉၆ ခုနှစ် ပေါင်းစည်းရေးညီလာခံဖြစ်တော့ ကျနော်အတော်လေး ပျော်တယ်။ အလံတစ်လက်ထဲအောက်မှာ အဖွဲ့က နှစ်ဖွဲ့ဖြစ်နေတယ်ဆိုတော့ အပဲ့နဲ့သွားနေရတဲ့သဘောဖြစ်တော့ မကြိုက်တာအမှန်။ အဲဒါတွေက လည်း အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးမှုက ရလာတဲ့ရလဒ်။ နောက်ပြီး ကျောင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးမှာ အတွေးအခေါ်အယူအဆကြောင့်၊ ဒါမှမဟုတ် ပုဂ္ဂိုလ်စွဲ အုပ်စုစွဲကြောင့်ဖြစ်ဖြစ် နှစ်ချမ်းကွဲ တဲ့အချိန်မှာ အရင်တတိယအကြိမ်ညီလာခံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း စစ်ရေး၊ နိုင်ငံရေးဦးတည်ချက် တွေကို နှစ်ဘက်စလုံးက ဆက်ကိုင်စွဲထားပြီး အချင်းချင်းသွေးထွက်သံယိုမရှိ ပြန်ပြီးစုစည်းနှိုင်တာကတော့ ဂုဏ်ယူစရာတစ်ခုပါ။  

ဘန်ကောက်ရုံးကို အရင်ကိုမိုးသီးတို့အဖွဲ့က ရုံးတာဝန်ခံ ချင်းလူမျိုး ကိုထီးလာတွဲတယ်။ သူက ရိုးရိုး အေးအေးသမား။ အလုပ်ကိုလည်း ကြိုးစားတယ်။ အဖွဲ့ထဲမှာ အထက်ပိုင်းခေါင်းဆောင်တွေရဲ့ လုပ်ဟန် တစ်ချို့ ဇောက်ထိဇောက်ထိုးဖြစ်နေတာလေးတွေကို ကျနော်တို့ ဝေဖန်ရေးလုပ်နေကြတုန်း ကိုထီး တက်တက်ကြွကြွဆွေးနွေးဝေဖန်မှုတွေကို နဲနဲမျက်စေ့နောက်လာတဲ့ ရဲဘော်ကျော်သူရက “ဟေ့လူ။ ခင်ဗျားက ရဲဘော်တွေ၊ ရဲဘော်တွေလို့ ခနခနပြောရအောင် သစ္စာအဓိဌာန်တောင် ခင်ဗျားမှတ်မိလို့လား” လို့ထချဲတဲ့ပုံနဲ့ နောက်ပြီးမေးတယ်။ ကိုထီးက “ဘာဖြစ်လို့မမှတ်မိရမှာလဲ။ ကျနော်ဆိုပြမယ်။ ကျွန်ုပ်တို့ သည်…” တဲ့။ ကျနော်တို့အားလုံး ၀ါးကနဲသဘောကျသွားတယ်။ တကယ်က ကျနော်တို့ ကျောင်းသား တပ်မတော်ရဲ့ သစ္စာအဓိဌာန်က “ငါတို့သည်…” နဲ့စရမှာ။ ကိုထီးက မြို့ပေါ်တာဝန်တွေနဲ့ နှစ်ကြာနေတော့ မေ့နေတာလေ။ ကိုထီးလည်း အမေရိကန်နိုင်ငံမှာတဲ့။ တစ်ခါတော့ ဖုန်းအဆက်အသွယ် ရလိုက်သေးတယ်။

ကိုယ်ရောက်ကာစကမှတော်သေးတယ်။ ဘန်ကောက်မှာ နောက်ပိုင်းရောက်လာတဲ့ ရဲဘော်တစ်ယောက်ဆို ဘန်ကောက်ကိုရောက်နေပြီ။ သူ့ကိုလာကြိုပါဆိုတော့ ကျနော်တို့လည်း ခင်ဗျားအခုဘယ်နေရာရောက်နေ လဲလို့ သူ့ကိုပြန်မေးတယ်။ သူက ဘေးပတ်ဝန်းကျင်ကိုလှည့်ကြည့်ပြီး ဆဲဗင်းအလဲဗင်း 7-11 ရှေ့မှာတဲ့။ အဲဒီ ဆဲဗင်းအလဲဗင်းဆိုတာက အစားအသောက်နဲ့ ပေါ့ပါးတဲ့လူသုံးကုန်ပစ္စည်းလေးတွေရောင်းတဲ့ စတိုးဆိုင်လေးတွေ။ နေရာတိုင်းလိုလိုမှာရှိတယ်။ လမ်းတိုင်းလိုလို၊ ရပ်ကွက်တိုင်းလိုလိုမှာရှိနေတာ။ သူ့ကို ဘယ်လို လိုက်ရှာလို့ရတော့မလဲ။ နောက်မှ… အဲဒီအနားဝန်းကျင်က ဆဲဗင်းအလဲဗင်းကလွဲပြီး တစ်ခြား ထူးထူးခြားခြား အဆောက်အဦတို့ နေရာတို့ပြောခိုင်းပြီး ခက်ခက်ခဲခဲသွားကြိုပေးခိုင်းရတယ်။

တစ်ရက် ဘတ်စ်ကား စီးနေရင်း နောက်ကပါလာတဲ့ အမျိုးသမီးတစ်ယောက်မောင်းတဲ့ကားက ကိုယ်စီးလာ တဲ့ ဘတ်စ်ကားကိုနောက်က၀င်ဆောင့်တယ်။ ဒုံးကနဲ… ကျွီး.. ကနဲ အားလုံးက ဘာဖြစ်တာလဲလို့ နောက်လှည့်ကြည့်ကြတယ်။ ဘတ်စ်ကားလည်းရပ်သွားတယ်။ အောက်ဆင်းကြည့်ကြတော့ နောက်ကားက ခေါင်းချိုင့်နေပြီး မူးဝေနေတဲ့ အမျိုးသမီးက ဒယိန်းဒယိုင်ထွက်လာတယ်။ ပတ်ဝန်းကျင်က ၀ိုင်းကူတဲ့သူတွေ လည်းရှိတယ်။ ခနနေတော့ ကျနော်လည်း ဟိုလိုလိုဒီလိုလိုနဲ့ လမ်းလျှောက်ပြီး လစ်ထွက်ခဲ့တယ်။ တော်နေ ရဲတွေရောက်လာပြီး မေးနေစမ်းနေတာအရေးမကြီးဘူး။ မျက်မြင်သက်သေလိုက်လုပ်ရရင် ကိုယ်က ထိုင်း လိုလည်းမတတ် ဘာမတတ်နဲ့။ ပိုရှုပ်နေဦးမယ်ဆိုပြီးပေါ့။ ကိုယ့်ကားမှပဲ လာဖြစ်ရလားလို့လည်း စဉ်းစားမိ သေးတယ်။

၁၉၉၇ ခုနှစ်လောက်မှာ ကိုတိုးက ခင်ဗျား ရုံးထဲမှာချည့်အောင်းမနေနဲ့ အပြင်လေးဘာလေးလဲ ထွက်ဦး လို့ခေါ်လို့ ခပ်လန့်လန့်နဲ့အပြင်ထွက်ဖြစ်တယ်။ ရမ်ကမ်ဟမ်တက္ကသိုလ်ရှေ့မှာ ကားဆိုက်တော့ ကားပေါ်က ဆင်းကြတယ်။ အငယ်လေးက အဲဒီအချိန်က ဘန်ကောက်က အင်တာနေရှင်နယ်ကျောင်းတစ်ခုမှာ စီးပွားရေးဘာသာနဲ့ စာသင်နေတာဆိုတော့ သူကထိုင်းစကားလည်း အများကြီးရတယ်။ ထိုင်းကျောင်းသား သမဂ္ဂက ကျောင်းသားတွေကိုလည်းသူသိတယ်။ ကျောင်းရှေ့မှာ ထိုင်းကျောင်းသားကျောင်းသူတွေက စက္ကူ ပုံးလေးတွေကိုင်ပြီး လမ်းသွားလမ်းလာတွေကို အလှူခံနေကြတယ်။ အ၀တ်အစားဟောင်းတွေကို လည်း လူတစ်ချို့လာပြီးလှူနေကြတာတွေ့ရပြန်တယ်။ ကျနော်မေးကြည့်တော့ မြန်မာနိုင်ငံကရင်ပြည်နယ်ဖက်က စစ်ပြေးဒုက္ခသည်တွေကို သူတို့ကိုယ်တိုင်သွားလှူမလို့တဲ့။ လက်ကိုင်စပီကာလေးနဲ့ ထိုင်းကျောင်းသူ ကလေးက “ငါတို့အိမ်နီးချင်းနိုင်ငံမှာ စစ်အစိုးရကြောင့် စစ်ဒဏ်ခံရပြီး ထွက်ပြေးဒုက္ခရောက်ကြတဲ့ အိမ်နီး ချင်းနိုင်ငံသားတွေကို ကိုယ်တိုင်သွားပြီးကူညီကြမှာဖြစ်ပါတယ်။ ဒါက ကူညီခွင့်ကြုံတုန်း ကူရတာပါ။ သူတို့ အစိုးရမကောင်းလို့ ဒီလိုဖြစ်နေတုန်းအခွင့်ရတုန်းကူထားကြ။ ကိုယ့်နိုင်ငံမှာလည်း အဲဒီလိုမကြုံရဘူးလို့ မပြောနှိုင်ဘူး။ အခုဒို့ကူညီထားရင် နောင်.. ကိုယ့်အလှည့်ရောက်ရင်လည်း သူတို့ပြန်ကူညီချင်စိတ်ရှိလိမ့် မယ်။ လှူကြ ပါ။ လှူကြပါ။”  ဘာညာနဲ့ပေါ့။ ကျနော်သူတို့တတွေ ကိုယ့်လူမျိုးအရေးကို စာနာစိတ်နဲ့ လုပ်နေကြတဲ့သူတို့ကို လေးစားသွားတယ်။ ကျနော်တို့က သူများအကြောင်းထက် ပဋိပက္ခဖြစ်နေတဲ့ ကိုယ့် အသိုင်းအ၀ိုင်း အကြောင်းကိုပဲ တောက်လျှောက်ပြောဖြစ်နေကြတဲ့လူတွေမဟုတ်လား။   

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး All Burma Students’ Democratic Front (ABSDF) အဖွဲ့အစည်းရဲ့အောက်မှာ လိုအပ်ချက်အရ အဖွဲ့ငယ်တွေတိုးဖွဲ့ကြတော့ ကျောင်းသားအကူညီပေး ရေးအဖွဲ့ Student Relief Committee (SRC) ဆိုတာကိုလည်း ထောက်ပံ့ရေး၊ လူမှုဖူလုံရေးနဲ့ အကူအညီ ပေးရေးအတွက် တိုးချဲ့ဖွဲ့စည်းခဲ့တာရှိတယ်။ အဓိကတာဝန်က နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အစိုးရမဟုတ် တဲ့အကူအညီပေးအဖွဲ့ NGO တွေနဲ့ တိုက်ရိုက်ဆက်ဆံပြီး ရဲဘော်တွေရဲ့ စားရေရိက္ခာနဲ့ စောင်၊ ခြင်ထောင်၊ အ၀တ်အစား၊ ဆေးဝါးတို့လို မရှိမဖြစ်လိုအပ်တဲ့အကူအညီတွေကို လက်ခံပြီး အဖွဲ့ကိုထောက်ပံ့ရတာ။ အဲဒီတုန်းက အဲဒီအဖွဲ့မှာတာဝန်ယူခဲ့တဲ့ ကိုကျော်မိုးရဲ့ SRC ဆောင်ပုဒ်ကလည်း မှတ်သားစရာ။ ‘Give. Good.’ ‘No give. No good.’ တဲ့။ “ပေးရင် ကောင်း၏… မပေးရင် မကောင်း” တဲ့ဗျား။

၁၉၉၈ သြဂုတ်လ (၈) ရက်နေ့မှာ ၈၈၈၈ ဆယ်နှစ်မြောက် နှစ်ပါတ်လည်အတွက် ဘန်ကောက်သံရုံးရှေ့ ဆန္ဒပြပွဲကိုလည်း ABSDF အနေနဲ့ စုစည်းလုပ်ဆောင်ခဲ့ကြသေးတယ်။ အဲဒါက ၁၉၈၈ အရေးတော်ပုံကို အဖြိုခွဲခံခဲ့ရအပြီး ဖွဲ့စည်းခဲ့တဲ့ နယ်စပ်အခြေစိုက် ကျောင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်း အနေနဲ့ ပထမဆုံးအကြိမ် မြို့ပေါ်ဆန္ဒပြပွဲမှာပြန်ပါလာခဲ့တာလို့ပြောရရင် မမှားဘူး။ ဘန်ကောက်မှာ လှုပ်ရှား နေကြတဲ့ ကျောင်းသားနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ထိုင်းကျောင်းသားတွေ၊ ထိုင်းအင်န်ဂျီအို NGO တွေနဲ့ နီးနီးကပ်ကပ် ပိုပြီး ဆက်ဆံဖြစ်ခဲ့တယ်။ သံရုံးရှေ့က ရက်ရှည်ဆန္ဒပြပွဲတစ်ခုလည်း ဖြစ်ခဲ့တယ်။

ဘင်္ဂလားဒေ့ရှ်


အဲဒီနှစ်ထဲမှာပဲ ကျနော်အနောက်ဖက်ဒေသ ဘင်္ဂလားနိုင်ငံဒက္ကားမြို့တော်က ရုံးခွဲကို တာဝန်ကျတော့ ခရီး  ထွက်ရပြန်တယ်။

လေယဉ်ဘီးလှိမ့်ပြီးထွက်တော့ ဘန်ကောက်မြို့ကိုကြည့်ပြီး စိတ်ထဲမှာ လွမ်းသလိုလိုပါပဲ။ တကယ်တော့ ကျနော်တို့မြန်မာလူမျိုးတွေက အနေကြာလာရင်ခင်တွယ်တဲ့သဘောရှိကြတယ်လေ။ လူပဲဖြစ်ဖြစ်၊ တိရိစ္ဆာန် ပဲဖြစ်ဖြစ်၊ နေရာဒေသဖြစ်ဖြစ်ပေါ့။ တကယ်တမ်းကျတော့လည်း ကျနော်တို့အားလုံးက လူဆန်တဲ့လူသား တွေပါ။ ဒီကိစ္စနဲ့ပါတ်သက်ပြီး အမှတ်တရတစ်ခုရှိတယ်။ ကျနော်တို့ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာရုံးအလုပ် တွေနဲ့ တာဝန်ယူရင်း တစ်ချို့အချိန်တွေမှာ ကျနော့အကိုကြီး၊ အမကြီးတွေ အရွယ်လောက် ထိုင်းနိုင်ငံက နိုင်ငံတကာကျောင်းတွေမှာ ကျောင်းဆရာဆရာမ လုပ်နေကြတဲ့သူတွေအပြင် တခြားပညာရပ်ဆိုင်ရာ အလုပ်လာလုပ်ကြတဲ့ မြန်မာလူမျိုးတစ်ချို့နဲ့လည်း ခင်မင်ခွင့်ရခဲ့ကြတယ်။ အဲဒီအထဲမှာ ဆရာမတစ်ယောက် ကမိတ်ဆက်ပေးရင်း ညီအကိုလိုခင်ခဲ့တဲ့အကိုကြီး ကိုသန့်ဆိုတာလည်းပါတယ်။ သူက ထိုင်းကုမ္ပဏီတစ်ခု မှာ အလုပ်လုပ်နေတဲ့ အင်္ဂျင်နီယာလေ။ မြန်မာမယ်ဒလင် တီးတာကိုဝါသနာပါတော့ ကျနော်နဲ့အဖွဲ့ကျသွား တယ်။ သူကမယ်ဒလင်သံလေးတွေစမ်းရင်း သီချင်းလေးတွေစလိုက်ရင် ကျနော်က၀င်ဆိုဖြစ်တယ်။ တစ်ခါ တစ်လေ အကိုနဲ့ညနေစာထွက်စားရင်း သူ့အခန်းမှာပဲ ညအိပ်ဖြစ်တယ်။ တစ်ရက် သူက ကျနော်အိပ်ရာ နိုးလာလာချင်း “ကျနော်ညက ခင်ဗျားအိပ်နေတာကိုကြည့်ပြီး စဉ်းစားခန်းဝင်နေမိတာဗျ။ ခင်ဗျားက လူပုံသွယ်ပေမယ့် အတွင်းစိတ်မာတဲ့ပုံပဲလို့။ ခင်ဗျားနှလုံးသားက အတော်ကြမ်းတမ်းမာကျော တာပဲ” လို့ ကျနော့ကိုပြောတယ်။ ကျနော်က အကိုရာ.. ကျနော်လည်း သူလိုကိုယ်လိုပါဘဲ။ အဲ.. ကျနော် က အကို ပြောသလို အမြဲစိတ်ကြမ်းလူကြမ်း နှလုံးသားကလည်းကြမ်းနေတဲ့လူမဟုတ်ပါဘူး။ ကျနော်တို့ တော်လှန် ရေးသမားတွေဖြစ်လာကြတယ်ဆိုတာ သူများတွေခံစားနေရတဲ့ ဒုက္ခတွေကို ကိုယ့်ဒုက္ခလို အလွယ် ခံစားနှိုင် လို့ သူတို့အတွက်၊ အများအတွက် စွန့်စားပြီး အလုပ်လုပ်ဖြစ်ကျတာလေ။ တကယ်တော့ ကျနော့ နှလုံးသား က ကြမ်းတာမဟုတ်ပါဘူးဗျာ… နူးညံ့လွန်းတာပါလို့ ပြန်ပြောဖြစ်တယ်။ ဟုတ်တယ်လေ ၈၈ အရေးတော်ပုံ ကာလတုန်းက ကျနော့မိသားစုဆွေမျိုးသားချင်းထဲက စစ်တပ်ပစ်သတ်လို့သေခဲ့ရတဲ့လူ တစ်ယောက်မှမရှိ ပါဘူးလို့ ထပ်ပြောဖြစ်တော့။ သူက “ဒါပေမယ့် ခင်ဗျားတို့ နှစ်နဲ့ချီပြီး မိသားစုနဲ့အဝေးမှာ ဒီလောက်အကြာ ကြီးနေနှိုင်တာကိုတော့ မလေးစားပဲ မနေနှိုင်ဘူး” လို့ စိတ်မကောင်းတဲ့မျက်နှာနဲ့ ပြောခဲ့တာမှတ်မိသေး တယ်။

ဒက္ကားလေယဉ်ကွင်းကို လေယဉ်ဆိုက်တော့ လေယဉ်ပေါ်ကဆင်းဆင်းခြင်း လူတွေတစ်ပြုံကြီးတိုးကြိတ်ပြီး စောင့်နေကြတာတွေ့ရတယ်။ လေယဉ်ပေါ်ကဆင်းပြီးလျှောက်တဲ့လမ်းကို အပြင်လူမ၀င်နှိုင်အောင် အထက် နဲ့ ဘေးပတ်လည် သံဇကာတွေကာထားတယ်။ လူကလည်း ရာနဲ့ချီပါ့လား။ မူဆလင်တွေဒီလောက် အများ ကြီးကို ပထမဆုံးတွေ့ဖူးတာ။ သူတို့ကိုကြည့်လိုက်တော့ သူတို့အပြင်ကနေ ၀ိုင်းအော်နေကြတယ်။ လက် လေးတွေလဲဖြန့်လို့။ သူတောင်းစားတွေပါလား။ ကျနော့ကိုလာကြိုတဲ့ ရခိုင်လွတ်မြောက်ရေးပါတီ Arakan Libration Party (ALP) က မိတ်ဆွေက ဟေ့လူ ခင်ဗျား တစ်ယောက်ကို စပြီးပေးကြည့် ကျန်တဲ့လူတွေက သူတို့ကျတော့မရဘူးဆိုပြီး ၀ိုင်းတောင်းနေတာတွေ့ရမယ်။ ဒီမှာဒီလိုပဲတဲ့။ ဒါပေမယ့် အထဲအထိ တစ်ကောက်ကောက်လိုက်ပြီး နှောက်ယှက်လို့မရအောင် သံဇကာတွေ ကာပေးထားတာပဲ ကြေးဇူးတင်ရ သေးတယ်။

အာရှပညာရေးနဲ့ပတ်သက်တဲ့ အစည်းအဝေးတစ်ခုကို အဖွဲ့ကိုယ်စားပြုပြီး သွားတက်ဖြစ်တယ်။ ဆောင်ပုဒ်က “အားလုံးအတွက်ပညာရေး” တဲ့။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကျောင်းသားလူငယ်တွေသာမက တခြားအာရှနိုင်ငံက ကျောင်းသားတွေနဲ့လည်း ဆုံဖြစ်တယ်။ ဘန်ကောက်မှာ အာရှကျောင်းသားအစည်း အရုံး Asian Student Association (ASA) ညီလာခံမှာ တွေ့ခဲ့တဲ့ သီရိလင်္ကာနိုင်ငံက မားကာ့စ်တို့လို အာရှ ကျောင်းသားမိတ်ဆွေဟောင်းတွေနဲ့လည်း ပြန်တွေ့ရတယ်။ နီပေါနိုင်ငံကိုယ်စားပြုလာတဲ့ အဖွဲ့က ကျနော့ ထက် လေးငါးနှစ်လောက်ကြီးတဲ့ အမျိုးသမီးက မြန်မာပြည်မှာ ၁၀ နှစ်ကျော်နေဖူးတယ်တဲ့။ မြန်မာလိုလည်း မွတ်နေအောင်ပြောတတ်တယ်။ သူနဲ့ပါတဲ့ တစ်ယောက်နှစ်ယောက်လည်း မြန်မာလိုတတ်ကြတယ်။

တစ်ရက် လမ်းပေါ်မှာ သူတောင်းစားကလေးလေးတစ်ယောက်ကို သနားပြီး ငါးတာကာလောက် ပေး လိုက်မိတာ နောက်က ဘယ်က သူတောင်းစားတွေလဲမသိဘူး အများကြီးထွက်လာပြီး လိုက်တောင်းနေလို့ ထွက်ပြေးခဲ့ရသေးတဲ့အတွေ့အကြုံလည်းရခဲ့သေးတယ်။

လမ်းပေါ်ကိုထွက်ရင်လည်း လူတွေပြည့်ကျပ်နေတာပဲ။ လူတွေကြားထဲမှာ တိုးကြိတ်သွားရသလို သွားရလာရတယ်။ လမ်းပေါ်တွေမှာလည်း အမှိုက်သရိုက်တွေနဲ့ ညစ်ပတ်နေတယ်။ လူနံ့တွေကလည်း မူးတောင်မူးတယ်။ လူတွေများလွန်းလို့ပဲလားမသိဘူး ရာသီဥတုကလည်း အရမ်းကိုပူတယ်။ ထိုင်းနိုင်ငံမှာ အနေကြာခဲ့လို့လားမသိဘူး ကျနော်ရောက်ခါစက အတော်လေးနေသားကျအောင်ကျိုးစားရတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံထက် ငါးဆလောက်သေးတယ်။ ဒါပေမယ့် လူဦးရည်က သန်း ၁၃၀ ကျော်လောက်တောင်ရှိနေတယ်။ ပန်းခြံတွေဟာ နေ့လည်ဖက်မှာ သန့်ရှင်းနေသလောက် ညဖက်ကျတော့ အိမ်မဲ့ရာမဲ့လူတွေတစ်ပြုံကြီး ကိုယ့်ဖျာလေးတွေ၊ ခေါင်းအုံးလေးတွေ၊ စောင်လေးတွေနဲ့ သွားပြီးအိပ်နေကြ တာရှိတယ်။ ကျနော်တို့နိုင်ငံလို တွင်းထွက်ပစ္စည်းတွေဘာတွေရှိတယ်လဲ မကြားဖူးဘူး။ သူတို့နိုင်ငံက နှစ်တိုင်းသဘာဝဘေးအန္တရာယ်ဖြစ်တဲ့ မုန်တိုင်းတိုက်ခံရတာ၊ ရေကြီးတာတွေနဲ့ကြုံရတော့ ကမ္ဘာ့ကုလ သမဂ္ဂရဲ့အကူအညီနဲ့ပဲ ရပ်တည်ရတာ။

ဈေးတွေဆိုင်တွေမှာ မိန်းမတွေထက် ယောင်္ကျားတွေချည့်လိုလို ဈေးရောင်းနေကြတယ်။ မူဆလင်နိုင်ငံ ဆိုတော့ ဘာသာရေးတင်းကြပ်ထားတဲ့အနေအထားရှိပြီး မိန်းမတွေက ခေါင်းမြီးခြုံနေကြတာများတယ်။ ကျနော်နေတဲ့အိမ်ရဲ့ ဘေးအခန်းတွေမှာ အိမ်ထောင်ရှင်မိသားစုတွေရှိကြတယ်။ အိမ်ဘေးကလူ တစ်ယောက်ဆိုရင် သူအပြင်မှာအလုပ်သွားလုပ်ရင် အခန်းထဲမှာ မိန်းမကို သော့ပိတ်ထားခဲ့တယ်။ ပြီးတော့ သူပြန်လာတော့မှ သူတံခါးဖွင့်ဝင်တယ်။ ကျနော်က ဒါမျိုးတွေ ဒီမှာ ဘယ်နှစ်ယောက်ရှိမလဲလို့စဉ်းစားပြီး အရေးဟဲ့အကြောင်းဟဲ့ မီးလောင်ရင် ဒုက္ခပဲလို့တွေးမိတယ်။ မြန်မာနိုင်ငံမှာ မိန်းမတွေအနှိမ်ခံရတာ ဘာဟုတ်မလဲ ဒီမှာကပိုဆိုးသေးပါလားပေါ့။

သူတို့နိုင်ငံရဲ့ အနိုင်ရပါတီဖြစ်တဲ့ အ၀ါမီလိပါတီခေါင်းဆောင် ၀န်ကြီးချုပ် ရှိတ်ဟာဆီနာ ဆိုတာ အမျိုးသမီး။ သူ့ ဖခင်က တစ်ချိန်က မိသားစုဝင်တွေနဲ့အတူ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာ။ အဲ အတိုက်အခံပါတီ ခေါင်းဆောင် ဘင်္ဂလားဒေ့ရှ်နေရှင်နယ်လစ်ပါတီ BNP က ခေါင်းဆောင် ခါဒီဒါဇီယာဆို တာလည်း အမျိုးသမီးပဲဆိုတော့ အဲဒါက အမျိုးသမီးတွေခွဲခြားခံရတယ်ဆိုတဲ့အသိုင်းအ၀ိုင်းမှာ အထူးခြားဆုံးဖြစ်နေ ပြန်ရော။ သူတို့နှစ်ယောက်စလုံး ရွေးကောက်ပွဲနိုင်တဲ့သူ အစိုးရလုပ်ကြတာပေါ့။ ကျနော်ရောက်တဲ့အချိန် တုန်းက ရှိတ်ဟာဆီနာက ၀န်ကြီးချုပ်ပေါ့။ သူ့ရဲ့ ပါတီကိုထောက်ခံတဲ့ ကျောင်းသားအဖွဲ့ရဲ့ခေါင်းဆောင် ကနေတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်ကိုသူထောက်ခံကြောင်းနဲ့ ဒေါ်စုလူတွေဖြစ်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားနေကြတဲ့ ကျနော်တို့ကို ကြိုဆိုတယ်၊ လိုအပ်တာရှိရင်လည်း ပြောပါလို့ သတင်းပါးလာတယ်။

ကျနော်က ရခိုင်အဖွဲ့တွေနဲ့ ဒက္ကားမှာ အများဆုံးတွဲဖြစ်ခဲ့ပြီး တစ်ခါတစ်လေ စစ်တကောင်းဖက်မှာလည်း ချင်းအမျိုးသားတပ်ဦး CNF ကရဲဘော်ခေါင်းဆောင်တွေနဲ့ မကြာမကြာဆုံဖြစ်ကြတယ်။ ကျနော်ဘာအခက် အခဲရှိရှိ ALP နဲ့ CNF က အကူအညီတွေကိုရခဲ့တာပါပဲ။ ဒက္ကားကိုလည်း CNF ခေါင်းဆောင်တစ်ချို့ လာတတ်ပါတယ်။ သူတို့ခေါင်းဆောင်တွေကလည်း ၈၈ မျိုးဆက်တွေများပါတယ်။

ဘင်္ဂလားဒေ့ရှ်ကျောင်းသားအုပ်စုတွေကိုတော့ အမြဲလိုလိုဆုံဖြစ်တယ်။ ကျနော် ဒက္ကားတက္ကသိုလ်ကိုလည်း မကြာခဏရောက်ဖြစ်တယ်။ ခပ်ဆန်းဆန်းဖြစ်နေတာက နှစ်ပါတီစံနစ်နဲ့သွားနေတဲ့နိုင်ငံမှာ အစိုးရကို ထောက်ခံတဲ့ ကျောင်းသားသမဂ္ဂရယ် အတိုက်အခံကိုထောက်ခံတဲ့ကျောင်းသားသမဂ္ဂရယ်က အဓိက အင်အားဖြစ်တော့။ အတိုက်အခံက အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲလုပ်မယ်ဆိုရင် ဘယ်နေရာတွေမှာလုပ်မယ် လို့ကြိုပြီးအကြောင်းကြားထားတယ်။ အဲဒီနေရာဒေသတွေက ဆိုင်တွေပိတ်ရတယ်။ သုံးဘီးကားလိုကား တွေ မသွားရဘူး။ သွားတဲ့ကားတို့ ဖွင့်တဲ့ဆိုင်တို့ကို ဖျက်ဆီးမီးရှို့ကြတာမျိုးရှိတယ်။ အစကတည်းက ဆင်းရဲ ရတဲ့အထဲ ဆန္ဒတွေခဏခဏပြနေတော့ ပိုမွဲတဲ့အခြေအနေမျိုးကိုရောက်ရောပေါ့လို့ တစ်ချို့ညည်းကြတာ ကြားခဲ့ရတယ်။ အဲ… ဆန္ဒပြပွဲတွေကလည်း ဒီလို.. အတိုက်အခံက အစိုးရကိုဆန္ဒပြမယ်လို့ကျေညာတော့ အစိုးရကလည်း အစိုးရဖက်ကကျောင်းသားတွေကို ဦးဆောင်ပြီး အစိုးရဆန့်ကျင်ရေးသမားတွေကို ဆန္ဒပြ ပြန်တယ်။ ဥပမာ- အတိုက်အခံဖက်က ဆန္ဒပြတဲ့လူ လေးငါးခြောက်ထောင်လောက် လမ်းပေါ်ရောက်ပြီး ကြွေးကြော်ဆန္ဒပြနေတုန်း တခြားဘက်ကနေပြီး အစိုးရကျောင်းသားတွေဦးဆောင်တဲ့ အဲဒီအင်အား လောက် လူအုပ်ကြီးထွက်လာပြီး ဆန္ဒပြတာနဲ့ ထိပ်တိုက်တိုးတော့ အဓိကရုန်းတွေဖြစ်ကုန်ရော။ သေနတ်ပါ ယူလာတဲ့လူတွေကလည်း သေနတ်တွေထုတ်ပြီး ဟိုဖက်ဒီဖက် အပြန်အလှန်ပစ်ကုန်တော့ လူတွေ သေတဲ့ လူသေ၊ ဒဏ်ရာရတဲ့လူရ ဖြစ်ကုန်ကြတော့တာပေါ့။ ငါတို့နိုင်ငံရဲ့ အနာဂတ်နိုင်ငံရေးမှာ ကျောင်းသားတွေ အဲဒီလို အသုံးချခံမဖြစ်စေရဘူးလို့ ခေါင်းထဲမှာထည့်ထားလိုက်တယ်။


ဒက္ကားနေ့တစ်ချို့

ဘင်္ဂလားမှာ မြန်မာ့ဒီမိုကရေစီရေးအတွက် အထောက်အပံ့ဖြစ်မယ့် နိုင်ငံခြားရေးနဲ့ မဟာမိတ်ဆက်ဆံရေး ကိစ္စတွေလုပ်ခဲ့ရတယ်။ ကျနော်နဲ့အတွဲကတော့ ABSDF အနောက်ဖက်ဒေသက ပို့ပေးခဲ့တဲ့ ရဲဘော်မိုးဇော် ပေါ့။ သူက နှုတ်ခမ်းမွှေးထားတယ်။ အဲဒီဘင်္ဂလားကလူတွေက နှုတ်ခမ်းမွှေးတွေနဲ့လူတွေများတော့ ဖက်ရှင် လိုပါဘဲ။ ကျနော်နောက်ပိုင်း နှုတ်ခမ်းမွှေးထားဖြစ်တယ်။ အမှန်က ကိုယ်ကလည်း ရိတ်ရမှာပျင်းတာ တစ်ကြောင်း၊ နှုတ်ခမ်းမွှေးဗလဗြစ်နဲ့ဆိုရင်လည်း ပတ်ဝန်းကျင်က ဘာမှထူးထူးခြားခြား ဂရုစိုက်တာမှ မဟုတ်ပဲဆိုပြီး နေချင်သလိုနေတာကတကြောင်းပေါ့။ သိပ်အရှည်ကြီးအထိတော့မရောက်ပါဘူး။ မနေတတ် လို့ နောက်တော့ ပြန်ရိတ်လိုက်ရတာပါဘဲ။ စားတဲ့သောက်တဲ့အခါ ကိုယ့်နှုတ်ခမ်းမွှေးတွေ ကိုယ်ပြန်စားနေ ရသလိုဖြစ်နေလို့။ ကိုယ့်ဟာကိုယ် စနစ်တကျ ဂရုစိုက်နှိုင်တဲ့အချိန်တော့ ပြန်ထားဖြစ်မလားဘဲ။  

ထမင်းဆိုင်ကဟင်းတွေကလည်း ဘာအရသာမှမရှိဘူး။ ကျနော်တို့ မြန်မာနိုင်ငံကမူဆလင်လက်ရာတွေနဲ့ တခြားစီ။ အဲ… ရှောက်သီးစိတ်ပန်းကန်ရယ်၊ ဆားပန်းကန်ရယ်၊ ငြုတ်သီးစိမ်းတောင့်ကြီးကြီးတွေရယ် ကိုတော့ စားပွဲပေါ်မှာ ကြိုက်သလိုယူစားလို့ရတယ်။ ကိုယ့်ဟင်းကိုယ် ဆားထည့်စားရတာ အဲဒီရောက်တော့ မှလေ။ အဖွဲ့အစည်းက သူများတွေ နိုင်ငံခြားလွှတ်ရင် အမေရိကားတို့၊ ဥရောပတို့ကိုလွှတ်ပြီး နိုင်ငံခြားရေး ရဲဘော်. ငါ့ကျမှ နိုင်ငံခြားဆိုပြီး ဘယ်နေရာကြီးလွှတ်လိုက်တာပါလိမ့်လို့လည်း စိတ်တိုတိုနဲ့ တွေးနေမိသေး တယ်။

လ္ဘက်ရည်ဆိုင်ရှိပေမယ့် သူတို့လ္ဘက်ရည်ဆိုင်ဆိုတာက ကွမ်းယာဆိုင်လောက်ဆိုင်လေးမှာ လ္ဘက်ရည် ရောင်းတာ။ ခွေးခြေတစ်လုံးနှစ်လုံးချထားတတ်တဲ့ဆိုင်တွေတော့ ရှိတယ်။ များသောအားဖြင့် မတ်တတ်ရပ် သောက်၊ ပိုက်ဆံရှင်းပြီး သွားဘဲ။ လ္ဘက်ရည်ဆိုင်ကြီးတစ်ဆိုင်နှစ်ဆိုင်တော့ တွေ့ပါတယ်။

ဘင်္ဂလားနိုင်ငံရဲ့ အဓိကသူပုန်အုပ်စုက ချကမာလူမျိုးသူပုန်အုပ်စုပေါ့။ သူတို့ခေါင်းဆောင်က အစိုးရကို လက်နက်ချထားတော့ ကျနော်ရောက်တဲ့အချိန်က ဘင်္ဂလားဒေ့ရှ်မှာ ဘာပုန်ကန်မှုမှမရှိတော့ပါဘူး။ ချကမာ ကျောင်းသားတွေကတစ်ဆင့် သူတို့ခေါင်းဆောင်တစ်ချို့နဲ့လည်း ဆုံဖြစ်ခဲ့တယ်။ ချကမာ ဆိုတာက မြန်မာပြည်မှာဆိုရင် ‘သက်’လူမျိုးတွေပေါ့။ ဘင်္ဂလားဒေ့ရှ်မှာ ချင်း၊ မရမာ (မြန်မာ)၊ မရမာဂရီး (မြန်မာကြီး)၊ ရခိုင်နဲ့ သက်လူမျိုးတွေဆိုရင် လူနည်းစုတွေဖြစ်လို့ သနားကြင်နာရမယ်လို့ လူတွေကနားလည်ကြတယ်တဲ့။ တခြားကျနော်မသိတဲ့၊ မမှတ်မိတဲ့လူမျိုးတွေလည်း ရှိနှိုင်ပါတယ်။

ရခိုင်မိတ်ဆွေတွေရဲ့အဆိုအရ ဘင်္ဂလားနိုင်ငံ အ၀ကျွန်းမှာ အပိုင်စားရတဲ့ ဗိုလ်မင်းကြီးဆိုတာရှိတယ်။ သူတို့ ဟာမြန်မာနိုင်ငံကအနွယ်တွေဖြစ်ကြပြီး ပွဲတွေလမ်းတွေလုပ်ရင်လည်း နန်းဝတ်နန်းစားတွေနဲ့ လုပ်လေ့ရှိတဲ့ အကြောင်းတွေပါသိရတယ်။ ဘင်္ဂလားဒေ့ရှ်သတင်းစာတစ်ခုမှာလည်း သူတို့ဘာသာရေးအခမ်းအနားတစ်ချို့ နဲ့ မင်းခမ်းမင်းနားတစ်ချို့ကိုတွေ့တော့ အမျိုးသမီးတွေဟာ ထိုင်မသိမ်းတွေနဲ့ဖြစ်ပြီး အမျိုးသားတွေကတော့ ရှေးမြန်မာတွေရဲ့ အ၀တ်အစားတွေနဲ့ ပွဲထွက်ကြတာတွေ့ရဖူးတယ်။ ရှေးဟန်ပန်တွေကို ထိမ်းသိမ်းထားတဲ့ နေရာမို့ ကျနော်မရောက်ခဲ့ပေမယ့် နောင်အခွင့်ရရင် ယဉ်ကျေးမှုတွေကို သွားလေ့လာသင့်တဲ့ နေရာပါ။

ခေါင်းမြီးခြုံ သမီးလေးတွေလေးငါးယောက်ရှိတဲ့ ကျနော့အိမ်ရှင်၀၀ မုတ်ဆိတ်အဖိုးကြီးက တစ်ခါတစ်လေ သူနဲ့ စကားစမည်ပြောဖို့ခေါ်တယ်။ အင်္ဂလိပ်စကား နဲနဲပါးပါးတတ်ပြီး သူကမြို့တော်ရေပေးဝေရေး မြူနီ စပါယ်က လူကြီး။ သူရယ် သူ့အမျိုးသမီးအဖွားကြီးရယ်နဲ့ စကားပြောနေကြတော့ ကျနော့ကို တစ်ယောက်ယောက်ကြည့်နေသလို ခံစားရတော့ ဆတ်ကနဲ့ နောက်ဖက်ကိုလှည့်ကြည့်တော့ ကုလားကာ တွေရဲ့နောက်က ခေါင်းမြီးခြုံလေးတွေကိုတွေ့ရတယ်။ လ္ဘက်ရည်လာချပေးတာတောင် လက်တစ်ဖက်က လုံခြုံအောင် ခေါင်းမြီးခြုံစကို ကိုင်ထားလိုက်သေးတယ်။ နောက်ပိုင်းကျနော်နဲ့ရင်းနှီးလာတော့လည်း သူတို့ ကျနော့ကို သူတို့ဆွေမျိုးလိုဖြစ်လာပြီး အရင်လိုခပ်စိမ်းစိမ်း ခေါင်းမြီးခြုံမထားပဲ ဆက်ဆံကြပါတယ်။ အဖိုးကြီးက ကျနော့ကို သူတို့ဥပုဒ်ကာလ (ရမ်မဒမ်) မှာ ကျနော့ကိုပါ သူတို့နဲ့ ညစာမုန့်ပဲသွားရေစာခေါ်ပြီး ကြွေးလေ့ရှိတယ်။

လမ်းကွေ့မှာ ကွမ်းဆိုင်လေးဖွင့်ထားတဲ့အဖွားကြီးတစ်ယောက်ကို အမား (အမေ) လို့ခေါ်ပြီး စကားပြော တော့ သူကျနော့ကို သားတစ်ယောက်ကောက်ရသလိုခင်တွယ်ပြီး သူ့သမီးအငယ်ဆုံးကိုလွှတ်ပြီး မနက်စာ စားဖို့ ခေါ်လေ့ရှိတယ်။ သူ့မှာလည်း သားသမီး ၁၀ ယောက်လောက်ရှိတယ်။ အိမ်ထောင်ကျတဲ့ သားသမီး တွေကတော့ အိမ်ခွဲနေကြတယ်တဲ့။ အဲဒီလိုစားအိမ်သောက်အိမ်တွေနဲ့ဖြစ်လာတော့ ကျနော့ကို ရခိုင်မိတ် ဆွေတစ်ယောက်က “ဟေ့လူ။ ခင်ဗျားက ဒီမှာလာနေတာ လပိုင်းပဲရှိသေးတယ်။ ဒီတစ်ကျပ်ကို နှစ်ကျပ် ဖြစ်အောင်ပွတ်ပြီး ကပ်စေးနဲတဲ့ ကုလားတွေဆီမှာ စားအိမ်သောက်အိမ်တွေရလို့ပါလား။ ကျနော်တို့ ၁၀ နှစ် နဲ့ချီပြီးနေတာတောင် စားအိမ်သောက်အိမ်မရှိဘူး” လို့ပြောလာတော့ ကျနော်က ပြန်နောက်ပြီး “ကျနော်က ကုလားကိုမှမမုန်းပဲဗျ။ ခင်ဗျားတို့က ကုလားကိုမုန်းတာကိုး” လို့ ပြောဖြစ်သေးတယ်။ တကယ်တော့ ဒက္ကားမြို့တော်က ရခိုင်အိမ်တွေတစ်ချို့က ကျနော့ရဲ့ စားအိမ်သောက်အိမ်တွေပါဘဲ။တကယ့်ကို စောင့်ရှောက်ကြပါတယ်။

ရခိုင်ဒုက္ခသည်ကိစ္စတွေ UNHCR ရုံးမှာ မကြာမကြာလိုက်ပြီး အကူအညီပေးဖြစ်သလို။ ရုံးမှာလည်း မိတ်ဆွေတစ်ချို့ကို ကွန်ပြူတာလေ့လာရေးလုပ်နှိုင်အောင် ရံဖန်ရံခါ သင်ပေးဖြစ်တယ်။ ၁၉၉၈ ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကွန်ပြူတာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို ပြည်ပကသွင်းလာရင် အမြတ်တော်ခွန်မယူ ဘူးလို့ ကြေငြာထားခဲ့တယ်။ တကယ်တော့ အိမ်နီးချင်းအန္ဒိယနိုင်ငံသားတွေ ကမ္ဘာမှာ ကွန်ပြူတာပညာရှင် တွေအဖြစ်နဲ့ အလုပ်အကိုင်ကောင်းတွေရနေတဲ့အပေါ် အစိုးရက သူ့နိုင်ငံသားတွေကို ကြိုးစားစေချင်လို့ ဖွင့်ပေးတဲ့သဘောပေါ့။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာသုံးတဲ့ငွေ “တာကာ” က ထိုင်းနိုင်ငံမှာသုံးတဲ့ ဘတ်ငွေနဲ့ တန်ဖိုးချင်းသိပ်မကွာပါဘူး။ တာကာကတော့ နဲနဲလောက်နိမ့်မယ်။

ဘင်္ဂလားနိုင်ငံမှာ ကျနော်စိတ်အပျက်ဆုံးက ဗြူရိုကရက်သိပ်ဆံလွန်းတာပဲ။ ကျနော်တို့ ထိုင်းနိုင်ငံမှာတုန်း က ရေဖိုးမီးဖိုးသွားဆောင်ရင် ကိုယ့်ရှေ့မှာတန်းစီနေတဲ့လူတွေများဦး၊ စောင့်ရရင် နာရီဝက်ထက်မကျော်ဘူး။ ဒက္ကားမှာ ဟိုအခန်းက ဟိုအခန်းကိုသွား၊ ဒီပြန်လာနဲ့ ရှုပ်ရှက်ခတ်ပြီး တစ်နေကုန်တယ်။

ကောင်းတာက ပလေကပ်ပုဆိုးဝတ်ပြီးနေလို့ရတယ်။ သူတို့လည်းပုဆိုးပဲဝတ်ကြတာလေ။ သူတို့ပုဆိုးဝတ်ပုံ က ဘုန်းကြီးတွေသင်္ကန်းလိပ်ထားသလိုရှေ့မှာလိပ်ပြီးဝတ်ကြတာ။ ခါးပုံစချပြီးဝတ်တဲ့ပုံမဟုတ်ဘူး။ တစ်ခါ ဆန္ဒပြပွဲရှိလို့ အဲဒီနောက်ကို ကျနော်နဲ့ ကိုမိုးဇော်တို့လိုက်ကြရင်း မတွေ့တော့ လမ်းဘေးက ရဲကို အင်္ဂလိပ် လို သွားမေးတယ်။ ဆန္ဒပြတဲ့လူတွေ ဘယ်ရောက်သွားလဲဆိုတော့ အဲဒီရဲက ပန်းခြံဘက်ကို အော်ဟစ်ပြီး ချီတက်သွားကြတယ်တဲ့။ အဲဒီအပြင်သူက သုံးဘီးကားတစ်စီးကိုတား။ လမ်းညွှန်ပေးပြီး “ဒီလူကြီးလူ ကောင်းတွေကို ပန်းခြံပို့ပေးလိုက်။ ၄၀ ထက်ပိုမယူနဲ့။ ယူလို့ရှိရင် ကျနော့ကို ဒီဖုန်းနံပါတ်ကို တိုင်ပါ” လို့ ကားသမားနဲ့ ကျနော်တို့ကို ဟိုဖက်ဒီဖက်လှည့်ပြောပြီး စာရွက်ပေါ်မှာဖုန်းနံပါတ်ပါ ချရေး ပေးလိုက်သေး တယ်။ အဲ.. ဆိုက်ကားတို့၊ ကားတို့ စီးရင် မသွားခင်ဈေးကတစ်မျိုး၊ ဆင်းရင်ဈေးကတစ်မျိုး ဖြစ်တတ်တယ်။ နဲနဲပိုပို့ပေးရလို့၊ လမ်းက မကောင်းလို့ စသည်ဖြင့် အကြောင်းပြပြီး ညစ်တတ်တာရှိတယ်။ ကိုမိုးဇော်နဲ့ အဲဒီလိုကိစ္စတွေနဲ့ ခဏခဏစကားများ ရန်ဖြစ်လေ့ရှိတယ်။ ကိုမိုးဇော်က ဘင်္ဂါလီလို နဲနဲပါးပါး တတ်တယ် လေ။

ကျနော်ကျတော့ တစ်ရက် အရေးကြီးလို့ သုံးဘီးတက္ကစီစီးပြီးသွားလိုက်တာ လမ်းမှာ သုံးဘီးဆရာက ဂျိန်းစ်ဘွန်းလို ပွတ်ကာသီကာနဲ့မောင်းလိုက်တာ ဘတ်စ်ကားကြီးတစ်စီးနဲ့ ၀င်ပြီးပွတ်မိတာ ကျနော့ တံတောင်လည်း ပွန်းပဲ့ကုန်ရော။ ကျနော်လည်း စိတ်တိုတာနဲ့ အင်္ဂလိပ်လိုထပြီး ဆဲဖြစ်ပါလေရော။ ငနဲက တော့ ဘာမှမဖြစ်သလို ဟဲဟဲဟဲဟဲနဲ့ပေါ့။ ကျနော်သတိကြီးလို့ နို့မို့ လက်ပါပြတ်မှာ။

၁၉၉၉ ခုနှစ် နှစ်စပိုင်းလောက်မှာ တပ်ရင်းကိုယ်စားလှယ်အနေနဲ့ ထိုင်းနယ်စပ်မှာလုပ်မယ့် ABSDF ညီလာခံ ပြန်ပြီးတက်ရဖို့ရှိလာတယ်။ ကျနော်လည်း ထိုင်းဘက်ကို တစ်ခေါက်ပြန်ဖို့ပြင်ဆင်ရတော့တယ်။


ညီလာခံ

၁၉၉၉ ခုနှစ် ဖေဖော်ဝါရီအကုန်လောက်မှာ ပဉ္စမအကြိမ်ညီလာခံကို နယ်စပ်မှာကျင်းပခဲ့တယ်။ ၁၉၉၅ မာနယ်ပလောနဲ့ ဒါးဂွင်အခြေစိုက် ABSDF ဗဟိုဌာနချုပ် ကျအပြီး လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေးအခြေ အနေတွေအရ ထိုင်းနယ်စပ်ဖက်မှာပဲ ညီလာခံလုပ်ကြရတာ။ မြန်မာနိုင်ငံ အထက်အောက်နယ်စပ် တစ်လျှောက်လုံးက တပ်ရင်းတွေရဲ့ ကိုယ်စားလှယ်စုံညီပြန်ပြီး ကျင်းပဖြစ်တာဖြစ်တဲ့အတွက်လည်း စည်ကားနေတာပေါ့။ နှစ်ဖွဲ့ပြန်ပေါင်းစည်းရေးလုပ်ပြီးတဲ့နောက် ပထမအကြိမ်ပြန်လုပ်ရတဲ့ညီလာခံဖြစ်တော့ ဆွေးနွေးစရာ၊ ငြင်းခုံစရာတွေလည်းများသား။ တစ်ချို့ကိုယ်စားလှယ်တွေက တစ်ယောက်နဲ့တစ်ယောက် “အစ်ရှူး Issue တွေများလာရှင် ဆောင်ထားဖို့ တစ်ရှူး Tissue (တစ်ရှူးစက္ကူ) လေးတွေယူသွား” လို့ နောက်နေကြတာလဲတွေ့ရတယ်။ အကြိတ်အနယ်ဆွေးနွေးပြီး ခံစားချက်တွေဖြစ်လာလို့ မျက်ရည်ကျရင် သုတ်ဖို့ပေါ့လေ။

ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ကိုမောင်မောင်ကြီးက အဲဒီအချိန်က မော်ဒန်ကဗျာသမားတွေကိုနောက်ပြီး စပ်ထားတဲ့ ကဗျာကိုလိုက်ရွတ်ပြတယ်။ ဘာတဲ့… “မြ၀တီမင်းကြီးရဲ့ ဒါးသွားပေါ်ကပျားရည်တစ်စက်ဟာ၊ ဒေါ်လတန်ရဲ့ အက်တမ်သီအိုရီပေါ်ပြုတ်ကျတဲ့အခါ…” ဆိုလား။ အဲဒီကဗျာကို အစအဆုံးပြန်ရရင် ကောင်းမယ်။ သူပဲ သင်္ကြန်စာဆိုပြီးရေးခဲ့တာရှိသေးတယ်။ အကြိတ်အနယ် အဖွဲ့အစည်းအတွက် ခေါင်းကိုက်အောင် မနက်ညဆက်တိုက် နေ့တိုင်းဆွေးနွေးနေရပေမယ့် ဒီလိုပေါ့ပါးမှုလေးတွေလည်းရှိ နေသေးတယ်။

တစ်ရက် ကိုဆန်နီက သဘာပတိအလှည့်ကျတယ်။ အတွေ့အကြုံများတဲ့ ရဲဘော်ကြီးတစ်ယောက်က ရှေ့က ရဲဘော်တင်ထားတဲ့အဆိုကို ထောက်ခံဆွေးနွေးနေတယ်။ သူက ကျနော့အနေနဲ့ ရှေ့က ရဲဘော်xxx တင်ပြထားတဲ့အဆိုကို ထောက်ခံဆွေးနွေးရမယ်ဆိုရင်……….. အဲဒါကြောင့်ဖြစ်ပါတယ်လို့အစချီတာပေါ့။ နောက်တော့ ဒါပေမယ့်ဆိုပြီး …. ပြောရင်းပြောရင်း အဲဒီအဆိုကို တဖြည်းဖြည်းကန့်ကွက်လာတယ်။ သူက အဲဒီလိုပဲ အားပါလာရင် ဖြစ်လာပြီဆိုပြီး ကျန်တဲ့ညီလာခံကိုယ်စားလှယ်တွေလည်း ကြိတ်ပြုံးနေတယ်။ ကိုဆန်နီလဲ ဒုက္ခပါဘဲဆိုပြီး… ဟေ့လူ… ခင်ဗျားက ထောက်ခံနေတာလား၊ ကန့်ကွက်နေတာလား လို့ထမေး တော့ သူက ‘ထောက်ခံနေတာပါ’ တဲ့။ ကိုဆန်နီကြီးလဲ မြန်မြန်ပွဲဖြတ်မှရမယ်ဆိုပြီး ‘အိုကေ… ဒါဆိုရင်ရပြီ။ ခင်ဗျားထောက်ခံတာမှတ်တမ်းတင်ထားမယ်… ထိုင်တော့’တဲ့။ ကျန်တဲ့လူတွေလည်း ကျသွားသင့်တဲ့အဆိုမို့ ဟူးကနဲ  သက်ပြင်းဝိုင်းချလိုက်ကြရတယ်။ ဟဲဟဲဟဲဟဲနဲ့ရီတဲ့လူလည်းရီပေါ့။

သူ့အလှည့်ကျရင် သူတင်တဲ့အဆိုကို အရမ်းကို တက်တက်ကြွကြွဆွေးနွေးပြီး သူများဆွေးနွေးနေတဲ့ အလှည့်ရောက်ရင် မောသွားပြီး အိပ်ငိုက်နေတဲ့ တပ်မှူးတစ်ယောက်နှစ်ယောက်လည်းပါတယ်။ မနက်စာ ဗူးသီးနဲ့ အသားနွှင်ထုတ်ထားပြီးအရိုးချည့်ရောင်းတဲ့ ဈေးသက်သာတဲ့ကြက်ရိုးနဲ့ ငပိရည်အဆိပ်တက်နေတာ လည်း ဖြစ်မယ်။ မဲခွဲပြီးဆုံးဖြတ်မှရမယ့်ကိစ္စကို မဲခွဲဆုံးဖြတ်ကြပေမယ့်။ မဲမခွဲသင့်တဲ့ကိစ္စတွေကိုလည်း နောင်ပြန်ပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာဖို့ မှတ်တမ်းတင်ထားခဲ့တာတွေလည်း ရှိတယ်။ ဒါတွေက နှစ်ဖက် ‘ရန်’သဘောဆောင်နှိုင်တဲ့ ကိစ္စတွေလိုမျိုးတွေပေါ့။ မိုးသီးလူ၊ နိုင်အောင်လူဆိုတဲ့ အစွဲနဲ့ အလုပ်တွေက ညီလာခံနဲ့ ညီလာခံနောက်ပိုင်းအထိ နေရာအတော်များများမှာ သတိပြုမိစရာတွေတွေ့နေရတုန်း။

ညီလာခံပြီးတော့ ကျနော်က ဗဟိုကော်မတီ (စည်းရုံးရေးဌာနတာဝန်ခံ) ဖြစ်လာပေမယ့် ဘင်္ဂလားဒေ့ရှ်ရုံးက ကိစ္စတွေကို ဖြတ်သင့်တာဖြတ် လွှဲသင့်တာလွှဲတွေလုပ်ရမှာမို့။ ဘန်ကောက်ကိုပဲ ပြန်တက်ခဲ့တယ်။

xxxxxxxxx
                                                                                                                                ဆက်ပါမည်.....

No comments: