Tuesday, June 25, 2013
"စနစ်ကောင်းသောသြစတျေးလျနိုင်ငံရဲ့ တက္ကစီ"
ကျောင်းပိတ်လို့ အားနေတာကတစ်ကြောင်း၊ အပိုဝင်ငွေရှာချင်တာကလည်း တစ်ကြောင်း၊ နှစ်ကြောင်းပေါင်းရင်းနဲ့ တက္ကစီလိုင်စင်ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ သင်တန်းမတက်ခင်မှာ ကျန်မာရေးကောင်းမကောင်း ဆရာဝန်နဲဆေးစစ်ရတယ်။ ဆေးစစ်ဖို့ အတွက် ဒေါ်လာ ၈၈-ဒေါ်လာကုန်တယ်။
ဆေးစစ်ဖို့ ခွင့်ပြုချက်မကျခင်မှာ ရဲစခန်းထောက်ခံစာ (Police Clearance) ယူရတယ်။ ဒေါ်လာ ၆၀-ကျော်ကုန်တယ်။ ဒါတင်မဟုတ်သေးဘူး Traffic Infringement လို့ ခေါ်တဲ့ ကားမောင်းတဲ့သက်တမ်းအတွင်းမှာ ယာဉ်တိုက်မှု့ ရှိမရှိ၊ မူးပြီးမောင်းတာရှိမရှိကို စစ်ဆေးတဲ့ ရဲစခန်းထောက်ခံစာလည်း ယူရပြန်တယ်။ နောက်ထပ် ဒေါ်လာ သုံးဆယ်နီးပါး ကုန်ပြန်တယ်။ ဆေးစစ်ခ၊ ရဲစခန်းထောက်ခံစာနဲ့ အတူ ယာဉ်မောင်းသက်တမ်းသုံးနှစ်ရှိမရှိကို လိုင်စင်ရုံးက စစ်ဆေးပြန်တယ်။ ဖောင်တင်ခ ၁၀၀-ကျော်ကုန်တယ်။ သတ်မှတ်ထားတဲ့စည်းကမ်းနဲ့ ညီတော့ အင်္ဂလိပ်စာ စစ်ဆေးမှု့ ကို သူတို့ လုပ်တယ်။ အရေး၊အဖတ်၊နားထောင်မှု့ စွမ်းရည်နဲ့ အပြောအဆိုကို စာမေးပွဲဖြေရသလို၊ သင်္ချာလည်း အနည်းငယ်ဖြေရတယ်။ အပေါင်းအနုတ်အမျှောက်အစားတွေပေါ့။
ကျောင်းကနေ အင်္ဂလိပ်စာအရည်အသွေးလည်းကောင်းတယ်။ လိုင်စင်ရုံးကထောက်ခံချက်နဲ့ ရဲစခန်းထောက်ခံချက်တွေလည်းပြည့်စုံကော တက္ကစီမောင်းသင်တန်းတက်ဖို့  Swan Taxi ဆိုတဲ့ Company မှာ သင်တန်းနှစ်ပတ်တက်ဖို့ စာရင်းသွင်းရတယ်။ တက္ကစီမောင်းတဲ့သင်တန်းသားတွေအများစုက ကုလားတွေချည်းပဲ။ အင်္ဂလိပ်တွေကိုအတွေ့ နဲတယ်။ သင်တန်းအတွက် ဒေါ်လာ ၉၀၀-နီးပါးပေးရပြန်တယ်။
တက္ကစီ Company က လွန်ခဲ့တဲ့နှစ်ပေါင်း ၈၀-လောက်ကတည်းက ဒီအလုပ်ကိုလုပ်လာတာဆိုတော့ အတော်စနစ်ကျတာကိုတွေ့ ရတယ်။ မြန်မာနိုင်ငံမှာလို ကားတစ်စီးရှိတာနဲ့ တက္ကစီမဖြစ်ဘူး။ Taxi Plate တစ်ခုက ဒေါ်လာ သုံးသိန်းတန်တယ်။ ကားဈေးနှုံးထက်အဆပေါင်းများစွာကြီးတော့ Taxi Plate တစ်ခုပိုင်ဖို့ ဆိုတာက မလွယ်ဘူး။ အများပိုင် Company အဖြစ် ရှယ်ယာတွေအများကြီးနဲ့ လုပ်ကြတာကို တွေ့ ရတယ်။ စီအီးအိုက စင်္ကာပူနိုင်ငံသားတရုတ်။
နှစ်ပတ်သင်တန်းအောင်တာနဲ့ လက်တွေ့ ဖြေရတယ်။ နုတ်ဖြေမှာ လမ်းတွေအကြောင်း၊ ကမ္ဘာလှည့်ခရီးသည်တွေစိတ်ဝင်စားတဲ့နေရာတွေအကြောင်း၊ မြို့ အကြောင်း၊ ခရက်ဒစ်ကတ်အပါအ၀င် အီးတစ်ကတ်တွေအကြောင်းစသဖြင့်အတော်များများကို လက်တွေ့ ဖြေဆိုအောင်မြင်မှ လိုင်စင်ထုတ်ပေးပါတယ်။
သင်တန်းမှာ တက္ကစီမောင်းသူအချင်းချင်း ကူညီရမယ်။ တစ်စီးနဲ့ တစ်စီး မကျော်တက်ရဘူး။ ဒုက္ခရောက်သူတွေကို ကူညီရမယ်။ အရေးအကြောင်းဖြစ်ရင် ကားထဲက အရေးပေါ်ခလုတ်ကိုနှိပ်ပါ စသဖြင့် အသေးစိတ်သင်ရတယ်။
ရုံးချုပ်ရဲ့ ရုံးခန်းထဲမှာဆိုရင် ကွန်ပြူတာ အလုံးပေါင်းတစ်ရာလောက်နဲ့  မိမိတက္ကစီဘယ်နေရာရောက်နေလဲဆိုတာကို မြင်နေရတယ်။ အလုပ်မရှိဘူးဆိုရင် ကားထဲက ကွန်ပြူတာထဲကို ရုံးချုပ်ကနေ ဘယ်နေရာကို သွားပါ။ သွားကြိုပြီးဘယ်နေရာကို ပို့ ပါဆိုပြီး လိပ်စာက ဂွမ်ကနဲရောက်လာတယ်။
အတော်စိတ်ဝင်စားဖို့ တဲ့ စနစ်တစ်ခုပါ။
သြစတျေးလျနိုင်ငံ Perth မြို့ မှာ တက္ကစီအစီးရေ နှစ်ထောင်လောက်ပဲရှိတယ်။ လူဦးရေ နှစ်သန်းလောက်ရှိတဲ့မြို့ မှာ တက္ကစီအစီးရေ နှစ်ထောင်လောက်ပဲ ဘာ့ကြောင့်ရှိလဲဆိုတော့ လူဦးရေတစ်ထောင်မှာ တစ်စီးပဲ ထားခွင့်ရှိလို့ ပါ။ အစိုးရက ချုပ်ကိုင်ထားတယ်။ Taxi ကောင်စီလည်းရှိတယ်။ Company တွေကို အစိုးရဌာနဖြစ်တဲ့ Department of Transport က စည်းမျဉ်းစည်းကမ်းတွေချမှတ်ပေးတယ်။ မောင်းသူတွေအတွက် စည်းကမ်း (Regulation) တွေကို သတ်မှတ်ပေးသလို၊ Company တွေအတွက်လည်း လုပ်ပေးပါတယ်။
ကားထဲမှာ မုန့် မစားရဘူး။ ယူနီဖောင်းဝတ်ရမယ်။ ယူနီဖောင်းမ၀တ်ဘူးဆိုရင် ဒေါ်လာ နှစ်ရာ ဒဏ်ငွေရိုက်တယ်။ ယူနီဖောင်းညစ်ပတ်နေရင်လည်း ဒေါ်လာ ၂၀၀-ဆိုတော့ အားလုံး သန့် သန့် ရှင်းရှင်း။ ကားထဲမှာ မီတာ၊ စကားပြောစက်၊ အပြင်နဲ့ အတွင်းမှာ CCTV၊ ဂျီပီအက်စ်နဲ့ လိုအပ်တဲ့ အရာတွေမှန်သမျှစနစ်တကျထည့်ထားရတယ်။ မပြည့်စုံရင် လိုင်စင်မရပါ။ ပုံမှန် အစိုးရဌာနက လိုင်စင်နဲ့ ကားတွေစည်းကမ်းလိုက်နာမှု့ ရှိမရှိ စစ်ဆေးတယ်။ ဒါ့ကြောင့် ဘယ်သူမှ မချိုးဖောက်ရဲဘူး။
တက္ကစီမောင်းလိုင်စင်ရဖို့ အတွက် မလွယ်ပါဘူး။
အထူးသဖြင့် စိတ်ဝင်စားဖို့ ကောင်းတာက လူဦးရေအချိုးအစားနဲ့ တက္ကစီအရေအတွက်ကို အစိုးရက ထိန်းချုပ်ထားတဲ့စနစ်ပါ။ ဘာ့ကြောင့် ဒီလိုလုပ်လဲဆိုတော့ တက္ကစီအရေအတွက်က လိုအပ်တာထက်ပိုများလာရင် Kill The Taxi Industry ဖြစ်မှာစိုးရိမ်လို့ ပါ။ ဆိုလိုချက်က တက္ကစီနဲ့ မှီပြီးထမင်းစားရတဲ့လူတွေ အလုပ်လက်မဲ့ဖြစ်လာပြီး ဈေးကွက်ပျက်သွားမှာကို စိုးရိမ်လို့ ဖြစ်ပါတယ်။ နောက်ပြီး အရင်တုန်းက Taxi Plate တစ်ခုကို ဒေါ်လာသုံးသိန်းလောက်ပေးပြီး ၀ယ်ထားတဲ့လူတွေရဲ့ စီးပွားရေးကိုကြည့်ရပါသေးတယ်။ မြန်မာနိုင်ငံမှာလို ကားရှိတာနဲ့ အငှားယာဉ်လိုက်လို့ မရတာတွေကို တွေ့ ရတယ်။
အမြဲတမ်း တိုးတက်နေရမယ်။ သန့် ရှင်းရမယ်။ ပရော်ဖက်ရှင်နယ်ဖြစ်နေရမယ်ဆိုတဲ့ဆောင်ပုဒ်နဲ့ Company တွေက လုပ်ကြတော့ စီးတဲ့သူကော၊ မောင်းတဲ့သူကော အကျိုးရှိတယ်။ အငှားကားလိုက်တဲ့လူတွေဟာ အသက်အန္တရာယ်အရမ်းရှိတယ်။ ညဖက်ဆိုရင် ပိုဆိုးတယ်။ တက္ကစီသမားတွေဆီကနေ ဓားထောက်ပြီးငွေလုတာကိုလည်း ခံရတယ်။ တစ်ခါတလေ မိန်းမပျိုလေးတွေကို ကားသမားတွေက မတော်တရားလုပ်တာကိုလည်းခံနိုင်တယ်။ ဒါ့ကြောင့် ခရီးသည်အတွက်ကော၊ မောင်းသူအတွက်ပါ လုံခြုံစိတ်ချမှု့ ရှိအောင် ကားထဲမှာ ကင်မရာတွေနဲ့ ခေတ်မှီစက်တွေကိုထည့်ပေးရခြင်းဖြစ်ပါတယ်။
ဈေးနှုံးပိုတောင်းလို့ မရတဲ့ စနစ်ကလည်း စိတ်ချမ်းသာဖို့ ကောင်းတော့ သူတို့ ရဲ့ စနစ်ကို မြန်မာနိုင်ငံမှာ လုပ်ခွင့်ရရင်ကောင်းမယ်။ ဒါဆိုရင် မြန်မာနိုင်ငံရဲ့  Taxi Industry ကလည်း စင်္ကာပူနဲ့ သြစတျေးလျတို့ လို ခရီးသွားတွေရဲ့ ယုံကြည်စိတ်ချမှု့ ကိုခံရနိုင်ပြီး ဂုဏ်သိက္ခာရှိနိုင်ပါတယ်။
ဘုန်းကျော် (ၾသစေတ်းလ်)
၂၅၊ ၀၆၊ ၁၃
Labels:အတိတ်က မြိတ်သမိုင်း
ဆောင်းပါး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment