မည်သူမဆိုလွတ်လပ့်စွာကူယူနိုင်သည်။
  
 
 
 
          
        
          
        
NLD နှင့်ပေါင်းမည်ဟု ပြောကြားခဲ့သော ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ သူရဦးရွှေမန်း ပြန်လာလျှင် ဗဟိုကော်မတီသို့ ရှင်းရမည်
 
 
 ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ တာဝန်ယူထားသော သူရဦးရွှေမန်းအနေဖြင့် ၂၀၁၅ 
ရွေးကောက်ပွဲနောက်ပိုင်း NLD ပါတီနှင့် ပြည်ခိုင်ဖြိုးပူးပေါင်း၍ 
ညွန့်ပေါင်းအစိုးရတစ်ရပ် ဖွဲ့စည်းရန်ကိစ္စ အမေရိကန်ခရီးစဉ် 
အတွင်းပြောကြားခဲ့ခြင်းသည် ပါတီဗဟိုကော်မတီ သဘောထားမပါဘဲ 
မိမိကိုယ်ပိုင်သဘောထားဖြင့် ပြောဆိုခဲ့ခြင်းဖြစ်၍ ၎င်းကိစ္စအား နိုင်ငံခြားခရီးစဉ်မှ ပြန်လာလျှင် ပါတီဗဟိုကော်မတီသို့ ပြန်လည် ရှင်းလင်းတင်ပြရမည်ဖြစ်ကြောင်း ပါတီဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက မြန်မာသံတော်ဆင့်သို့ ပြောသည်။
 
 ၂၀၁၅ ရွေးကောက်ပွဲတွင် မိမိအနေဖြင့် သမ္မတဖြစ်လိုကြောင်း ဆန္ဒသဘောထားများကို
 အမေရိကန် ခရီးစဉ်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး NLD ပါတီနှင့်ပူးပေါင်း၍ 
ညွန့်ပေါင်းအစိုးရတစ်ရပ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့်
 ဖွဲ့စည်းဖြစ်ပေါ်လာရန် လိုလားကြောင်း ဥက္ကဋ္ဌသူရဦးရွှေမန်း ပြောကြားခဲ့သည်မှာ 
စစ်အစိုးရလက်ထက် နှစ်ရှည်လများ NLD အပေါ် ရန်လိုခဲ့သော 
ပြည်ခိုင်ဖြိုးအဖွဲ့ဝင်များအတွက် ကြီးမား သောနိုင်ငံရေးခံယူချက် ပြောင်းလဲမှုတစ်ရပ်ဖြစ်စေခဲ့သည်။ ပြည်ခိုင်ဖြိုးစတင်ဖွဲ့စည်းသည်မှ
 ယနေ့ထိ ပါတီအပေါ် သြဇာကြီးလျက်ရှိသည့် ဗဟိုအတိုင်ပင်ခံ ဦးအောင်သောင်းက 
““အဘလည်း သူများတွေပြောမှပဲ သိတာ၊ ဒီကိစ္စကို။ နောက်တော့ ကျွန်တော် 
သတင်းတွေလည်း ဖတ်တော့ ၁၃ ရက်က အမေရိကန်/
 အေပီသတင်းဌာနက ပြောတဲ့အခါမှာ ပေါင်းတော့ပေါင်းမယ်။ အခုတော့ စောသေးတယ်။ 
အတိအကျတော့ မသိသေးဘူးဆိုတော့ ဦးရွှေမန်းပြောတဲ့စကား ကျွန်တော်ပြန်ဖတ်တယ်။ 
နောက်ကျတော့မှ သူ တကယ်ပြော တာပဲ။ ကျွန်တော်တို့ပါတီရဲ့ 
တစ်ယောက်ချင်းသဘောထားတွေဖြစ်တော့ ကျွန်တော်လည်း မသိဘူးဗျာ ဒီကိစ္စကို။ 
ကျွန်တော်လည်းဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်မရှိဘူး။ ဒီကိစ္စက 
ဗဟိုကော်မတီတွေဘာတွေ ဆုံးဖြတ်ပြီးမှ၊ ညီလာခံတွေမှာ ဆုံးဖြတ်ပြီးမှ 
ဒါပြောရမယ့်စကားပဲလေ။ ကျွန်တော်တော့ အဲလိုနားလည်တယ်။ ဒါပေမဲ့ 
ဘယ်လိုပြောလိုက်သလဲတော့ မသိဘူး။ ပြောနိုင်တာက ဘာလဲဆိုတော့ ကျွန်တော်တို့နဲ့
 ဒေါ်စုကြည်နဲ့ရင်းနှီးတာကို၊
 NLD ကိုယ်စားလှယ်တချို့နဲ့ ကျွန်တော်တို့ရင်းနှီးတယ်။ တစ်ယောက်နဲ့ 
တစ်ယောက် နားလည်မှုရှိတယ်။ အရင်တုန်းကတော့ တစ်ယောက်နဲ့တစ်ယောက် 
ပြင်းပြင်းထန်ထန် ဝေဖန်ကြ၊ တိုက်ခိုက်ကြတာတွေ၊ ဝေဖန်တာတွေ 
ပြောဆိုတာတွေရှိတယ်။ ဒါတွေက မတွေ့ခင်အခြေအနေပေါ့။ ၂၀၁၁ စောစောပိုင်းမှာအထိ 
တစ်ယောက်နဲ့တစ်ယောက် နားလည်မှုမရှိခဲ့ဘူး။ သူ့အကြောင်းလည်းမသိ၊ 
ကိုယ့်အကြောင်းလည်းမသိတော့ နည်းနည်းလေး ဝေဖန်တိုက်ခိုက်တာ၊ ရှုတ်ချတဲ့ 
သဘောလေးတွေရှိတယ်။ အဲဒီကနေပြီးတော့မှ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ 
သူတက်လာတယ်။ လွှတ်တော်ထဲမှာ တကယ်ဆက်ဆံ လိုက်တဲ့အခါမှာကျတော့ 
ကျွန်တော်တို့အားလုံးဟာ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး ဆက်ဆံတယ်။  
အမှန်တော့ ဒီအခြေအနေကို ဦးရွှေမန်းနဲ့ ဒေါ်စုကြည်နဲ့လည်းရင်းနှီးတယ်။ အမြဲတမ်းတိုင်ပင်ပြီး လုပ်တာလည်း တွေ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှတစွာလုပ်တယ်။ ကျွန်တော့်တစ်ကိုယ်ရေတစ်ကာယ အဲလိုသုံးသပ်ပါတယ်။ ရင်းရင်းနှီးနှီးပဲ။ တွေ့တဲ့အကြိမ်တွေများလာတော့
 တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသွားတာပေါ့။  အဲဒီအခြေအနေရှိနေတာတော့ 
အမှန်ပဲ။ အပြင်ကလူတွေ သိချင်မှသိမယ်။ လွှတ်တော်ထဲမှာ တချို့လူတွေ 
အနည်းအကျဉ်းတော့ သိတယ်။ ကော်မတီမှာပါတဲ့သူတွေ သိတယ်။ ဒေါ်စုကြည်နဲ့ 
အနီးကပ်နေရတော့သိတယ်။ အဲလိုပဲ ကော်မတီနဲ့ပါတဲ့သူ၊ အစည်းအဝေးပါတဲ့သူ 
တွေအကုန်သိတယ်။  နည်းနည်းတစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိလာတယ်။ တစ်ဖက်စောင်းနင်း ငါမှငါ၊ သူမှသူဆိုတာ မရှိဘူး။
 
 သူနဲ့လည်းမတွေ့ရသေးဘူး။ ကျွန်တော့်တစ်ကိုယ်ရေတစ်ကာယတော့
 ပြောလို့ရပါတယ်။ မနက်ဖြန် မှပဲတွေ့ရမယ်ထင်တယ်။ ဗဟိုကော်မတီကိုယ်စား 
ပြောတယ်ဆိုရင်တော့ မရဘူးပေါ့ဗျာ။ အခု ကျွန်တော် လည်း 
ဗဟိုကော်မတီကိုယ်စားပြောတာမဟုတ်ပါဘူး။ ပြောရေးဆိုခွင့်ရှိသူလည်း ခန့်ထားတယ်။ ဒါလည်း စနစ်တကျအသေအချာလုပ်ပြီးမှ သူလည်းပြောမှာပါ။
 
 အခုလည်း နိုင်ငံရေးဆောင်ရွက်နေတာဆိုတော့၊ လက်ရှိပါတီ ဥက္ကဋ္ဌလည်းဖြစ်တော့ သူလည်း အထိုက်အလျောက်တော့ ပြောခွင့်ရှိတယ်လို့ထင်တယ်။ ပြောနိုင်ခွင့်ရှိပါတယ်။ ဟိုတုန်းက ရုရှားအတွင်း ရေးမှူးခရူးရှက်ရဲ့ ကုလသမဂ္ဂမှာ ဖိနပ်နဲ့ခုံပေါ်ထောက်ပြီးတော့ ရိုက်ပြီးတော့ပြောခဲ့တာမလား။ သူက ကျွန်တော်တို့သဘောမတူဘဲ ခင်ဗျားဘာလို့လုပ်လဲ။ ခရူးရှက် ပြုတ်ကျရခြင်းဟာ အဲဒီကိစ္စပါပဲ။ ကျူးဘားဒုံးပျံအရေးအခင်းမှာ တက်ပြီးစကားပြောတာ ဗဟိုကော်မတီရဲ့ ကြိုတင်ဆုံးဖြတ်ချက်တွေမပါဘဲနဲ့ ပြောထည့်လိုက်တာ။ ခရူးရှက် သူထွက်ရတဲ့အကြောင်းအရင်းမျိုး၊ ကြုံကြိုက်လို့လေ။ ကြားဖူးမှာပေါ့။ ဒီကိစ္စက ဆုံးဖြတ်ချက်ပြောတာလည်း မဟုတ်ဘူး။ မူဝါဒပြောတာလည်းမဟုတ်ဘူး””ဟု မြန်မာသံတော်ဆင့်သို့ ရှင်းပြသည်။
 
 by Myanmartandawsint Newspaper
 
 
 
          
      
 
  
 
 
 
 
 
 
 
 
 
 
 
No comments:
Post a Comment