by Ko Phoe Phyu (Notes) on Tuesday, June 18, 2013 at 11:38am
စာအမှတ် - ကြေညာချက် /၂ /၂၀၁၃
ရက်စွဲ - ၂၀၁၃ခုနှစ်၊ ဇွန်လ (၁၈)ရက်
ကြေညာချက်
၁။ ကျွန်ုပ်တို့ ဥပဒေပညာအသက်မွေးဝမ်းကျောင်းလုပ်ငန်းနှင့်လယ်သမားအရေးတက်ကြွဆောင်ရွက်သူများ သည် လွန်ခဲ့သော ၂၀၁၀ခုနှစ်၊ နှစ်ကုန်ပိုင်းမှစတင်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း/တောင်/အရှေ့)ရှိ မြို့နယ်(၃)မြို့နယ် အတွင်း အကျိုးတူအကြောင်းပြလယ်လိမ်လည်သိမ်းမှုကြီးများနှင့် အကောင်အထည်ဖော်မှုမရှိသော အိုးအိမ် စီမံကိန်းအကြောင်းပြလယ်သိမ်းမှုကြီးများကို စတင်ကိုင်တွယ်ဆောင်ရွက်ခဲ့ပါသည်။
၂။ ထိုအချိန်မှစတင်၍ ယနေ့အချိန်အထိ လယ်သမားအများစုပါဝင်သော ရှေးဦးလူမှုလှုပ်ရှားမှုအသီးသီးနှင့် ဥပဒေကြောင်းအရ အရေးဆိုလှုပ်ရှားမှုအစုံစုံတို့ကို ပြည်ထောင်စုလွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် နှင့် သက်ဆိုင်ရာစီမံခန့်ခွဲရေးဌာနတို့တွင် ကျွန်ုပ်တို့ဥပဒေပညာရပ်ဝန်းအသိုင်းအ၀ိုင်းမှ အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ ပါသည်။
၃။ နောက်ပိုင်းတွင် နိုင်ငံရေးပါတီအသီးသီးမှ လွှတ်တော်ကိုယ်စားလှယ်များနှင့်စိုက်ပျိုးရေးလုပ်သားသမဂ္ဂများ မှ တာဝန်ရှိသူများ၏ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်မှုကြောင့် နိုင်ငံတော်က တာဝန်ယူဖြေရှင်းရမည့် အသက်မွေးဝမ်းကျောင်းပြဿနာကြီးဖြစ်ကြောင်း သိမှတ်လက်ခံနားလည်သိရှိခဲ့ပြီး ဖြစ်ပါသည်။
၎။ ဥပဒေကြောင်းအရ လယ်လက်ရောက်အခွင့်အရေးလှုပ်ရှားမှုများနှင့်အတူ ထွန်တုံးတိုက်ပွဲတို့၏ရလဒ်အဖြစ် ဆုံးရှုံးမြေများမှ အချို့အ၀က်ကို ပြန်လည်လက်ရောက်ရရှိပြီး မိမိတို့တောင်သူလယ်သမားများ၏ လက်ငုတ်အခြေ အနေနှင့်ပင် စိုက်ပျိုးထွန်ယက်ခဲ့သည်မှာ နှစ်သီးစား ပင်ရှိခဲ့ပြီဖြစ်ပါသည်။ တောင်သူလယ်သမားတို့၏ ထမင်း တစ်လုတ်အတွက် ကျွန်ုပ်တို့ဥပဒေပညာရပ်ဝန်းအသိုင်းအ၀ိုင်းက ကျန်နိုင်ငံရေးအင်အားစုများနှင့် အရပ်ဘက် လူ့အဖွဲ့အစည်းများအပါအ၀င် ပူးပေါင်းလက်တွဲ၍ ဤမျှတာဝန်ယူဆောင်ရွက်ခဲ့ပါသည်။
၅။ သို့ရာတွင် ထမင်းတစ်လုတ်ကို ခက်ခက်ခဲခဲရှာစားနေသော ဖော်ပြပါလယ်သမားများကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်ဖြင့် လွန်ခဲ့သော(၃)လခန့်မှစ၍ တရားစွဲဆိုရန်ဖြစ်ကြောင်း ကြေညာခဲ့ပါ သည်။ ပြည်ထောင်စုလွှတ်တော်၏ မြေသိမ်းစုံစမ်းရေးကော်မရှင်ဝင်တို့က “အကျိုးတူလုပ်ရင်လုပ်၊ လျော်ကြေး ယူချင်ရင်ယူ၊ မဟုတ်ရင် တရားရုံးတက်ဖို့ဘဲရှိတယ်”ဟု လယ်သမားတို့ တရားစွဲခံရတော့မည့်အခြေအနေကို လှပသေသပ်စွာ မြွက်ဟတွန်းပို့ခဲ့ပါသည်။
၆။ ယခင်ကလည်း အကျိုးတူအကြောင်းပြလယ်အလိမ်ခံရဘူးလို့ ပျဉ်ဘိုးနားလည်နေပြီဖြစ်သည့်အပြင် လျော်ကြေးမစို့မပို့ဖြင့် ဆက်လက်အသက်မွေးဝမ်းကျောင်းနိုင်မည်မဟုတ်သော လယ်သမားတို့အနေဖြင့် ထွန်ရေး မပျက် လက်ငုတ်လယ်ယာမြေတွင် အသက်မွေးဝမ်းကျောင်းပြုရန် ပြင်ဆင်နေစဉ်မှာပင် ယခုနှစ် ဇွန်လဆန်းပိုင်း တွင် လယ်သိမ်းကုမ္ပဏီတို့က တရားစွဲဆိုမှုကို ရဲစခန်းက (ပ)အမှတ်-၃၁ ဖြင့် အမှုဖွင့်လှစ်ပေးခဲ့ပါသည်။
၇။ ထို့ပြင် လယ်ယာပျက်ဆီးမှုနှင့်လယ်သမားတို့၏တဲများအား ဖျက်ဆီးမှုကိုလည်း လယ်သိမ်းကုမ္ပဏီတို့က ကျူးလွန်ခဲ့ကြပါသည်။ လယ်သမားတို့က အမှုဖွင့်လှစ်တိုင်ကြားသောအခါ သက်ဆိုင်ရာအာဏာပိုင်တို့က အမှု ဖွင့်မပေးဘဲ ဥပဒေကို ထမင်းရည်ပူလျှာလွှဲ လုပ်လျှက်ရှိပါသည်။
၈။ ဥပဒေအာဏာသက်ဝင်စိုးမိုးပျံ့နှံ့ရေးအတွက် ဥပဒေရေးရာလုပ်ငန်းစဉ်များကို တစ်ခုပြီးတစ်ခု ကျွန်ုပ်တို့က ဆက်လက်လှုပ်ရှားဆောင်ရွက်လျှက်ရှိပါသည်။
၉။ ကျွန်ုပ်တို့၏ မဆုတ်မနစ်သောစိတ်ဓါတ်ဖြင့် ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာဥပဒေကြောင်းလုပ်ငန်းစဉ်တို့ကို ဆောင်ရွက်နေစဉ်မှာပင် ၀မ်းသာစရာသတင်းတစ်ခုကို ကိုယ်တွေ့မျက်မြင်ကြုံဆုံခဲ့ရပါသည်။ မက်(စ်)မြန်မာကုမ္ပဏီ အုပ်စုက ၄င်းတို့၏လွတ်လပ်သောသဘောဆန္ဒအလျှောက် လယ်တစ်ဧကလျှင် (၂၈)သိန်းဖြင့် (၃၉၁.၆၆)ဧက အတွက် လျော်ကြေးပေးရန် လယ်သမားများနှင့်ကမ်းလှမ်းသဘောတူညှိနှိုင်းခဲ့ပါသည်။ အခြားလယ်သိမ်းကုမ္ပဏီများ နှင့် လယ်/ဆည်ဝန်ကြီးဌာန၏ ကန့်ကွက်မှုများကြားမှပင် လယ်သမားများအား နှစ်ဖက်သတ်မှတ်လျော်ကြေးပေးရန် နောက်ဆုံးသဘောတူခဲ့သော အဆိုပါကုမ္ပဏီအုပ်စု၏ လူမှုတာဝန်သိတတ်မှု (social responsibility) ရှိခြင်းကို တန်ဖိုးထားအသိအမှတ်ပြုအပ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့ အမှုသည်လယ်သမားများ၏ ထွက်ဆိုချက်များအရ ဤသို့သဘောမတူမီနှစ်များကပင် မက်(စ်)မြန်မာကုမ္ပဏီအုပ်စုမှ လယ်သမားများကို လက်ငုတ်အတိုင်း စိုက်ပျိုး ခွင့်ပြုလျှက် စိုက်ပျိုးသွင်းအားစုများကို စိုက်ထုတ်ပေးသွင်းသည့်အပြင် သီးနှံပေါ်ချိန်တွင် ပေါက်ဈေးဖြင့် ၀ယ်ယူ ခဲ့သည့် လယ်အကျိုးတူလုပ်ငန်းအကောင်အထည်ဖော်ခဲ့မှုအစဉ်အလာကိုလည်း တန်ဖိုးထားမှတ်သားအပ်ပါသည်။ မည်သည့်အခက်အခဲများရှိစေကာမူ မက်(စ်)မြန်မာကုမ္ပဏီအုပ်စုအနေဖြင့် ရဲရဲဝံ့ဝံ့နှင့်လျော်ကြေးကိစ္စကို ဆက်လက် အကောင်အထည်ဖော်ပါရန် ခင်မင်တန်ဖိုးထားသောစိတ်ဖြင့် ကျွန်ုပ်တို့ ဥပဒေပညာအသက်မွေးဝမ်းကျောင်း လုပ်ငန်းအသိုင်းအ၀ိုင်းမှ ၀မ်းမြောက်ဝမ်းသာ အလေးအနက်တိုက်တွန်းအပ်ပါကြောင်း။
ဦးဖိုးဖြူ
ဥပဒေအတိုင်ပင်ခံ
ခရမ်းရောင်သာတူညီမျှဥပဒေပညာအသက်မွေးဝမ်းကျောင်းလုပ်ငန်း
ဥပဒေရုံးအမှတ်- အမှတ်-၁၈၅၊ (၃)လွှာ(ယာဘက်)၊ (၃၈)လမ်း(လယ်)၊
ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြိ့။
ဖုန်း- ၀၉-၇၃၀၀၀၄၄၁၊ ၀၉-၄၃၀၄၀၇၆၉

No comments:
Post a Comment