Tuesday, June 18, 2013

မင်းဘူးမြို့နယ် နိဗ္ဗာန်ကျွန်း ကျေးရွာတွင် ဧရာဝတီမြစ်ကမ်းပြိုမှု ဆက်လက်ဖြစ်ပွား နေသောကြောင့် တစ်နေ့လျှင် နေအိမ်တစ်လုံးနှုန်း ရွှေ့ပြောင်းနေရ


Wednesday, June 19, 2013

မင်းဘူးမြို့နယ် ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ နိဗ္ဗာန်ကျွန်း ကျေးရွာတွင် ဇွန် ၁ ရက်မှစ၍ တစ်နေ့လျှင် ပေ ၆၀ ခန့် ကမ်းပြိုခဲ့သည်မှာ ယနေ့ထိ ရပ်တန့်မှု မရှိသောကြောင့် တစ်နေ့လျှင် အနည်းဆုံး နေအိမ်တစ်လုံးနှုန်း ရွှေ့ပြောင်းနေရကြောင်း သိရသည်။

ယင်းကျေးရွာတွင် နှစ်စဉ်ကမ်းပြိုလေ့ ရှိသော်လည်း ယခုနှစ် ကမ်းပြိုမှုမှာ နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံး ကမ်းပြိုမှုဖြစ်ကြောင်း၊ ဇွန် ၁၄ ရက်အထိ ရွာဦးဘုန်းတော်ကြီးကျောင်း အပါအ၀င် နေအိမ် ၁၅ လုံး ရွှေ့ပြောင်းခဲ့ရပြီး လက်ရှိအချိန်ထိ နေအိမ်အလုံး ၂၀ ရွှေ့ပြောင်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

"ပထမဆုံး ကျွန်တော်တို့ရွာ တည်ရှိခဲ့တဲ့ နေရာက အခုရွာနေရာနဲ့ အရှေ့ဘက် တစ်မိုင်ကျော်လောက်မှာ ကျန်ခဲ့ပြီး မြစ်ပြင်ကြီး ဖြစ်နေပါပြီ။ သက်ဆိုင်ရာ ဌာနတွေ လာရောက်ကွင်းဆင်း လေ့လာခဲ့ပေမယ့် အခုချိန်ထိတော့ ဘာမှဆောင်ရွက်ပေးတာ မရှိသေးပါဘူး။ ရွှေ့ပြောင်းရတဲ့ နေအိမ်တွေအတွက် လိုအပ်မယ့် အရာတွေ ဖြည့်ဆည်းပေးမယ်လို့ ပြောသွားပါတယ်" ဟု နေအိမ်ပြောင်းရွှေ့ ခဲ့ရသူတစ်ဦးက ပြောကြားသည်။

ယင်းကျေးရွာ၏ စာသင်ကျောင်းကို ကမ်းပြိုမှုကြောင့် ယခင်နှစ်က နေရာရွှေ့ပြောင်း ခဲ့ရကြောင်း၊ ရွာဦးဘုန်းတော်ကြီးကျောင်းကို ယာယီသီတင်း သုံးနိုင်ရန် ရွှေ့ပြောင်းထားရပြီး အတည်တကျ နေရာမသတ်မှတ် နိုင်သေးကြောင်း သိရသည်။

EMG

မြစ်ကမ်းပြိုကျမှု ဖြစ်ပွားနေသော ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ နိဗ္ဗာန်ကျွန်းကျေးရွာ

No comments: