Tuesday, June 25, 2013

သွေးမြေကျကစားပွဲများ

သက္ကမိုးညို ၏ သွေးမြေကျကစားပွဲများ
သွေးမြေကျ ကစားပွဲများ
၁။ နိုင်ငံရေး မှန်လျှင်တော့ ကစားပွဲနွှဲရသည်သာ ဖြစ်သည်။ တစ်ခုတော့ ရှိသည်။ ညစ်သူနှင့် မညစ်သူသာ ကွာသည်။ မညစ်သူကလည်း နိုင်ငံရေးတွင် ရှားပါးလှပါဘိ။ ညစ်သူတကာတို့တွင်လည်း ပြိုင်ဘက်ကို ညစ်သူထက် ပြည်သူကို “စတေး” သည့် အကွက်ဖြင့် ညစ်သူမျိုးသည် ယုတ်မာသည့် အဆင့်တွင် ရောက်ရှိသွားပြီဟု ပြောရပေမည်။

၂။ တိုင်းပြည်ရုတ်ရုတ် ရုတ်ရုတ် ဖြစ်သော အချိန်တိုင်း ဘာသာရေး ပဋိပက္ခမီးပွားလေး ထထတောက်တတ်သည်ကို သတိထားစေချင်ပါသည်။ ကြာတော့ လက်စွဲတော် ဆေးတစ်လက် ဖြစ်လာပြီလားဟု ထင်ရသည်။ သို့သော် ၀မ်းနည်းဖွယ်ကောင်းသည်မှာ ထိုဆေးနည်းက ယခုတိုင်အောင်မြင်ဆဲ။ ဒေါ်စုလွတ်လာသည်။ ဟီလာရီ ကလင်တန် ရောက်လာသည်။ ဆွေးကြနွေးကြသည်။ ရွေးကောက်ပွဲကျင်းပသည်။ လွှတ်တော်ထဲ အန်အယ်ဒီတို့ရောက်လာသည်။ သို့သော် ၂၀၁၅ မတိုင်မီ အချိန်များစွာကျန်သေးသည်။ ဖြစ်ပျက်လာစရာကိစ္စများစွာ ကျန်သေးသည်။ “အဘွားကြီး” ကတော့ သိဟန်တူသည်။ သိပါလျှက်နှင့် ၀ိဘတ်ကြမ္မာငင်ချင်လည်း ငင်ပါစေတော့ဟု စိတ်ထားနှင့် တမင်များဝင်လာလေသလား။ ကိုယ့်ကိုယ်ကို “စတေး”၍ တိုင်းပြည်အရေး ဆောင်ရွက်ရန်များ စိတ်ကူးထားလေသလား။

၃။ နိုင်ငံတကာတွင် ဒေါ်စု၏ အရှိန်အ၀ါသည်ကြီးလှသည်။ ထို့အတူ သည်ဘက်၏ “နာမည်ပျက်မှု” ကလည်း များသည်။ ပြည်သူပြည်သားတို့၏ ဒီမိုကရေစီနှင့် အကျွမ်းတ၀င်ဖြစ်မှုကလည်း နုနယ်လှသေးသည်။ အထူးသဖြင့် လူ့ အခွင့်အရေး ကိစ္စရပ်များတွင်၊ ကျင့်ဝတ်ကိစ္စရပ်များတွင် သိနားလည်ထားကြမှုမှာ “ပုံပျက်” နေသည်။ ထပ်ပြောပါမည်။ ၂၀၁၅ မရောက်မီ ကြားကာလတွင် “ကစားပွဲ” များစွာကျန်ပါသေးသည်။

၎။ ကျောက်နီမော် ကိစ္စသည် ရှို့မီးဖြစ်နိုင်ပါသည်။ ဖြစ်ဖို့လည်း များပါသည်။ မသီတာထွေး၏ ပုံများသည် အဘယ်နေရာက ပြန့်လာပါသနည်း။ ကားကို တားကြသူများသည် အဘယ်ကသူများပါနည်း။ နိုင်ငံပိုင် သတင်းစာက အဘယ်ကြောင့် ကုလားဗမာ ဖြစ်ကြသည့် အသွင် တမင်ဖေါ်ခဲ့ရပါသနည်း။ သို့သော်……………… …………… ………… ………… …………… …………… ………………… …… ……………… …………… …………… ……… ………… ……………… ……… …………… ………… …………… ……… …… ……… …… …………… ……… ….. သူရို့ အောင်မြင်ခဲ့ပါသည်။

၅။ ထို့နောက် လက်ပတောင်းကိစ္စ။ မိထ္တိလာကိစ္စ၊ ကလေးနှစ်ယောက် မွေးစားခွင့်ကိစ္စ။ ဒေါ်စုကို ခေါင်းခံခိုင်းခြင်းများ၊ ဒေါ်စုဆီသို့ ဦးတည်ကာ ဖြည်းဖြည်းချင်း “ကျုံးသွင်း” လာသော အမှုကိစ္စများသည် ထင်သလောက် မရိုးပါ။ ဖေ့စ်ဘုတ်ပေါ်တွင် ဆဲနေသူအချို့သည် ဘာရယ်ညာရယ်မသိ “နင်ပဲငဆ” အဆဲဝါသနာပါ၍ ဆဲနေကြခြင်း မဟုတ်ပါ။ စိတ်ဓာတ်စစ်ဆင်ရေးကို စနစ်တကျ လေ့ကျင့်ထားသူများ၊ ထိုကိစ္စများအတွက် တမင်တကာပင် အင်တာနက် ဘလော့စာမျက်နှာများ တည်ထောင်ထားကြသူများ ပါဝင်နေပါသည်။ သည်ကြားထဲ “ငှက်ပျောမှန်း ၊ ချေးမှန်းမသိ” ဦးဘိုးလှိုင်၏ ရာဇဓမ္မသင်္ဂဟကျမ်း ဥတုဘောဇနကျမ်းများ သိပ်ကောင်းသည်ဟု ချီးမွန်း ပြနေကြပါလေသော အန်အယ်ဒီမှ “ငတာ” များကြောင့် ပိုဆိုးပါသည်။ အဘွားကြီးတွင် ကျောထောက်နောက်ခံ “ပညာရှင်” မရှိပါ။ (ဘွဲ့ကြီးကြီး ရထားသူများကို လက်ညိုးလာထိုးမပြရန် တောင်းပန်ပါသည်၊ လက်တွေ့နှင့် အလုပ်ဖြစ်အောင် ပေါင်းစပ်နိုင်သူမဟုတ်လျှင် ပညာရှင်စာရင်း မထည့်ပါ)

၆။ သည်ဘက်မှ အကွက်ချ လုပ်ကြံသူများထဲတွင် “ဘုန်းဘုန်းများ” က ကန့်လန့်ဖြစ်နေပါသည်။ သွေးခွဲမည့်သူဟူသမျှ ကိုယ့်ဘက်သားယောင် အရင်ဆောင်ကြရစမြဲဖြစ်ပါသည်။ ဖေ့စ်ဘုတ်တွင် ၉၆၉ တံဆိပ်ကပ်ကာ သွေးကြွပြနေကြသူများသည် ဘာသာကို တကယ်ချစ်သည်ဟု ယုံရဲသူများကို အံ့သြပါသည်။ ထို့အတူ “ထိုဘုန်းဘုန်း” တင်သော စာများသည် စာတတ်ဆရာတော်တပါးထက် ၀ါဒဖြန့် သဘောတရားများပါနေသည်မှာ “ကြည့်တတ်လျှင် သိ” ပါသည်။

၇။ အပြင်ဘက်မှ မြန်မာနိုင်ငံ၏ အရေးပါမှုကို စောင့်ကြည့်နေကြသော အကောင်ကြီးကြီးတို့အား လျော့မတွက်စေချင်ပါ။ ထိုသို့ နိုင်ငံရေး ကစားခြင်းများကို သူရို့ အံတိုနေပါပြီ။ ပြောင်းလဲပေးပါမည်ပြောကာ တကယ်လက်တွေ့တွင် ရေရေရာရာ လက်ဆုတ်လက်ကိုင် ပြစရာမရှိပဲ “ဒေါ်စုကို ဖြည်းဖြည်းချင်း လူကြိုက်နည်းလာအောင် တွန်းပို့ ပုံဖေါ်နေသည်ကို” မသိပဲမနေပါ။ “တို့ဘုန်းဘုန်းကို လိုအပ်လျှင် Queen ပို့လျှင်လည်းရ၊ စတေးလျှင်လည်းရသည့် ရှေ့တန်းတင် နယ်ရုပ်” အဖြစ်ထားသည်ကိုလည်း မသိပဲမနေပါ။ သိပ်မလွန်သေးသဖြင့် ကြည့်နေရာမှ မန်းလေး၊ ပခုက္ကူများအထိ “လှုပ်လာစေရန်” တွန်းလာသောအခါ လွန်တော့မည့် အရိပ်သန်းလာပါပြီ။

၈။ မိမိအထင်ကမူ တိုင်းမဂ္ဂဇင်းပါ ဆောင်းပါးသည် “ဆစ်ကနယ် ပြလိုက်ခြင်း” ဖြစ်ပါသည်။ နင်တို့ ကစားတာ လွန်လာပြီဟု ဟန့်လိုက်ခြင်း ဖြစ်ပါသည်။ ထိုအတိုင်းမှန်လျှင်တော့ သည်ဘက်က ပြည်သူကို စတေး၍ ကစားနေကြသူများ ဆင်ခြင်သင့်ပါပြီ။ ဒေါ်စုသည် ရိုးသားစွာ ကစားနေပါသည်။ ယခုအချိန် “သူ ကလန်” လျှင် နောက်မှ လိုက်မည့်သူများ တပုံတပင်ဖြစ်နေပါပြီ။ သို့သော် အကြမ်းဖက်နည်းကို ရွေးမည်မဟုတ်ပါ။ မဆိုင်သူ မည်သူကိုမှ အနာခံမည်မဟုတ်ပါ။ ထိုသည်ကို အခွင့်ကောင်းယူ၍ သည်ဘက်က ကန်းတက်မှုများလာလျှင်တော့ မကောင်းပါ။

၉။ စီးမိထားသော သူများကို ကန်တော့၍ ဆင်းခိုင်းလျှင်လည်း ဆင်းမည်မဟုတ်ပါ။ ထိုအခါ ဦးရွှေမန်း ခင်းပေးလိုက်သော လမ်းကို ဒေါ်စုလျှောက်မလျောက် ကြည့်ရပါတော့မည်။ အမုန်းများ အာဃာဓများနှင့် မစဉ်းစားပဲ “အကွက်လှသော၊ သွေးထွက်သံယိုမရှိသော၊ ပြည်သူကို မစတေးသော” ကစားပွဲများကိုသာ မျှော်လင့်မိသည်ဟု ဆိုမိလျှင် မည်သူတွေ လာဆဲမည်မသိ။

၁၀။ ထိုထက်ဆိုရန်မရှိပါ။

No comments: