ဇွန်
၁၇ ရက်နေ့ မနက်က ဘွန်းမြို့တွင် Global Media Forum ဖွင့်ပွဲကျင်းခဲ့သည်။
အဲဒီအစည်းအဝေးတွင် ဂျာမနီ ၀န်ကြီးချုပ်ရုံးက
မီဒီယာနဲ့ပတ်သက်ပြီးတာဝန်ရှိတဲ့ပြည်ထောင်စုဝန်ကြီး Federal Commissioner
for Culture and the Media နဲ့ ပြည်နယ်ပြန်ကြားရေးဝန်ကြီး State Secretary
for Media of the German State of North Rhine-Westphalia တို့
မိန့်ခွန်းပြောခဲ့သည်။
ပြည်နယ်ဝန်ကြီးက သူ့မိန့်ခွန်းထဲမှာ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ဒစ်ဂျစ်တယ်နည်းပညာထွန်းကားမှုကြောင့် သတင်းဌာန တွေသတင်းရယူရေးသားရတဲ့အကြောင်းအရာတွေများသလိုသတင်းအချက်အလက်များပြန့်နှံ့မှုနှုန်းဟာလည်း အင်မတန် မှ မြန်လာပါတယ်။ ဒါပေမယ့် ဘယ်တော့မှ မပြောင်းလဲတာကတော့ စာနယ်ဇင်းကျင့်ဝတ်များဖြစ်တယ်၊ အဲဒီ စာနယ်ဇင်း ကျင့်ဝတ်တွေထဲမှာ အရေးအကြီးဆုံးကတော့ သတင်းမဖော်ပြမီမှာ သတင်းမှန်မမှန် အစွမ်းကုန်စိစစ်ရမယ်ဆိုတဲ့အချက် ဖြစ်တယ်။ အခုအချိန်မှာ အချိန်မရှိဘူး၊ သတင်းအချက်တွေက အများကြီးဆိုတဲ့ အကြောင်းပြချက်မျိုးနဲ့ မှန်မမှန်စိစစ်ဖို့ ပျက်ကွက်လာနေတယ်။ ဒီအချက်ကိုတော့ အလျော့မပေးပါနဲ့၊ တိတိကျကျလုပ်ပါ ဆိုပြီးတိုက်တွန်းသွားခဲ့သည်။
၁၉၀၉ ခုနှစ်ထဲက တည်ထောင်ထားခဲ့သည့် Society of Professional Journalist, SPJ က ထုတ်ပြန်သည့် SPJ စာနယ်ဇင်းကျင့်ဝတ်တွင်အောက်ပါ အခြေခံမူကြီးလေးခုသာ ပါသည်။
(က) အမှန်တရားကို ရှာဖွေတင်ပြပါ။ ( Seek the Truth and Report it. )
( ခ) ထိခိုက်မှုအနည်းဆုံးဖြစ်ပါစေ။ ( Minimize Harm ) ။ ဒီအယူအဆနဲ့ပတ်သက်ပြီး သီးခြားရေးပါဦး မည်။ ဒါကို အနက်ဖွင့်သည့်စကားထဲတွင် သတင်းလိုက်ခြင်းသည် ၀င့်ကြွားမောက်မာဖို့ လိုင်စင်ပေး ခြင်းမဟုတ် Pursuit of the news is not a license for arrogance လို့ ဖော်ပြထားသည်။
( ဂ) လွတ်လပ်စွာလုပ်ဆောင်ပါ။ ( Act Independently)
(ဃ) တာဝန်ခံမှုရှိပါစေ ( Be Accountable)
စာနယ်ဇင်းသမားတစ်ဦး၊ သတင်းထောက်တစ်ဦးအနေနဲ့ အမှန်တရားကိုရှာဖွေတင်ပြနိုင်ရေးအတွက်ဘာတွေလုပ်မလဲ။ SPJ ကတော့ သတင်းအချက်အလက်တစ်ခုကို မှန်မမှန် ရနိုင်သမျှ သတင်းအရင်းအမြစ်အားလုံးနဲ့ တိုက်ဆိုင်စစ်ဆေးပါ။ ဘယ်တော့မှ လိုရာဆွဲမရေးပါနဲ့ ဟု အကြံပြုသည်။ ထို့ပြင် မှားယွင်းလုပ်ဆောင်မှုများနဲ့ပတ်သက်ပြီးရေးသားတော့မည် ဆိုလျှင် ကာယကံရှင်ကိုလည်း ဆက်သွယ်ပြီး တုန့်ပြန်ဖြေရှင်းခွင့်ပေးရမည်ဟုလည်း ဆိုပါသည်။ နောက်ပြီး သတင်းရေး တာနဲ့ လှုံ့ဆော်တာကြား ခွဲခြားပါ ( Distinguish between advocacy and news reporting ) ဟုလည်း အကြံပြုထား သည်။ နောက်ထပ်အကြံပြုချက်များလည်း ရှိသေးသည်။ သို့သော် အထက်ပါသုံးချက်မှာ သတင်းမှန်မမှန်စိစစ်ရာတွင် အရေးအကြီးဆုံးအချက်များဖြစ်သောကြောင့်ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။
သတင်းမှန်မမှန်စစ်ဖို့လိုအပ်ချက်ကို ၁၉၆၁ ခုနှစ်က ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ Burma Press Council ၏ ကျင့်ဝတ် ၁၁ ချက်တွင် လည်း ပထမအချက်အဖြစ် အောက်ပါအတိုင်းဖော်ပြထားသည်ကိုတွေ့ရပါသည်-
စာနယ်ဇင်းတို့သည် အများပြည်သူတို့ သိရှိရန်အလို့ငှာ ထုတ်ပြန်သော သတင်းတိုင်း၌ အချက်အလက် တိကျ မှန်ကန်စေရန် အစွမ်းကုန် စိစစ်ရမည်။ ပုံနှိပ်ဖော်ပြခြင်း မပြုမီ သတင်းအားလုံးကို တတ်စွမ်းသမျှ စစ်ဆေးရမည်။ မည်သည့် သတင်းအချက်အလက်ကိုမျှ မိမိတို့လိုရာသို့ ဆွဲမရေးရ။ သို့တည်းမဟုတ် လိုရင်းအချက်အလက်များကို တမင် သက်သက် ထိန်ချန်ခြင်း မပြုရ။
သို့သော် လက်ရှိအခြေအနေတွင် ပြည်တွင်းစာနယ်ဇင်းသမားအချို့မှာ သတင်းအချက်အလက်တစ်ခုအပေါ် အခြား သတင်းအခြေအမြစ်များနှင့်တိုက်ဆိုင်အတည်ပြုရန် သို့မဟုတ် ကာယကံရှင်ဘက်က ဖြေကြားချက်ကို ထည့်သွင်းဖော် ပြရန်ထိုက်သင့်သလောက်အလေးမထားသည်ကိုတွေ့နေရပါသည်။ အထူးသဖြင့် အစိုးရဌာနတစ်ခု၏ ချို့ယွင်းအားနည်း ချက်နှင့်ပတ်သက်ပြီးရေးသားမည်ဆိုလျှင် သက်ဆိုင်ရာဌာနကို မေးမြန်းပြီး ၎င်းတို့၏ ပြောကြားချက်ကို ထည့်သွင်း ဖော်ပြ မှု အားနည်းနေဆဲဖြစ်သည်ကိုတွေ့ရပါသည်။ ဤနေရာတွင်သက်ဆိုင်ရာဌာနဘက်က မဖြေကြားသည်လည်း ရှိပါသည်။ သို့သော် နိုင်ငံတကာမီဒီယာများတွင် ထိုကဲ့သို့ ဖြေကြားမှုမပြုပါက မိမိတို့အနေဖြင့် ဤအဖြစ်အပျက်အပေါ် သက်ဆိုင် ရာ ပုဂ္ဂိုလ် သို့မဟုတ် ဌာနကို မေးမြန်းကြောင်း၊ ကာယကံရှင်က ဖြေကြားရန်ငြင်းဆိုကြောင်း သို့မဟုတ် ဆက်သွယ်မရ ကြောင်းဖော်ပြလေ့ရှိသည်ကိုတွေ့နိုင်ပါသည်။
ထိုကဲ့သို့ ဆက်သွယ်မေးမြန်းအတည်မပြုခြင်းခြင်းကြောင့် တစ်ခါတစ်ရံတွင် သတင်းအမှား၊ ဖြစ်ရပ်အမှားများကို ဖော်ပြ မိသည့်အခါ မလိုလားအပ်သည့်နောက်ဆက်တွဲပြဿများလည်းပေါ်ပေါက်လာသည်ကိုတွေ့ရပါသည်။ သတင်း အချက် အလက်မှန်မမှန်စိစစ်ရန်သည်အရေးကြီးဆုံးအချက်ဖြစ်ကြောင်းကို SPJ ၏ ကျင့်ဝတ်တွင်လည်းကောင်း၊ မြန်မာစာနယ်ဇင်း ကောင်စီ၏ ကျင့်ဝတ်တွင်လည်းကောင်း ထိပ်ဆုံးကဖော်ပြထားသည်ကိုကြည့်ရှုခြင်းအားဖြင့် သတိပြုမိနိုင်ပါသည်။
ယနေ့ကာလကဲ့သို့ သတင်းဌာနတွေက နှစ်ဆယ့်လေးနာရီပတ်လုံး သတင်းတွေထုတ်လွှင့်နေချိန်၊ အင်တာနက်ပေါ်ကနေ မိနစ်ပိုင်းအတွင်း သတင်းတွေကမ္ဘာအနှံ့ပြန့်သွားချိန်မျိုးတွင် သူသူငါငါ သတင်းထူး၊ သတင်းဦးကိုဖော်ပြလိုသည်မှာ သဘာဝကျပါသည်။ သို့သော် Global Media Forum ဖွင့်ပွဲတွင် ဂျာမန်ဝန်ကြီးပြောသွားသလိုပင် သတင်းမှန်ကန်မှု သည် အလျော့အတင်းလုပ်လို့မရသည့် အခြေခံအကျဆုံးကျင့်ဝတ်ဖြစ်ရာ ထိုအချက်ကိုတော့ ကျွန်တော်တို့ မီဒီယာသမား အားလုံးက ခါးဝတ်ပုဆိုးကဲ့သို့ မြဲမြဲ မြံမြံကျင့်သုံးနိုင်အောင် အတူတကွကြိုးစားကြဖို့သာ တိုက်တွန်းလိုပါသည်။
ရဲထွဋ်

No comments:
Post a Comment