Tuesday, June 25, 2013

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည်(၁) (၂) (၃)

ရုပ်နာမ်မသိ လူဒိဋ္ဌိမှာ မိုးဖျားဗြဟ္မာ ဖြစ်တုံပါလည်း ခန္ဓာပြိုကွဲ ကုသိုလ်စဲက ဖောက်လွဲပါယ်ရွာ ရောက်တတ်စွာ၏။
ဝိပဿနာလုပ်လိုသူများအတွက် ရုပ်နာမ်ကို ရှေးဦးစွာ သိထားဖို့ အရေးကြီးပါတယ်။ ရုပ်ဆိုတာက ဖောက်ပြန်တတ်တဲ့သဘောတရားတွေပါပဲ။ အပူကြောင့်ဖြစ်စေ အအေးကြောင့်ဖြစ်စေ ဖောက်ပြန်တတ်တာ ရုပ်ပေါ့။ ရုပ်လည်း ဖောက်ပြန်တာပါပဲ၊ နာမ်လည်းဖောက်ပြန်တာပါပဲ။ ဒါပေမယ့် ရုပ်ရဲ့ ဖောက်ပြန်မှုက သိသာထင်ရှားလို့သာ ရုပ်ကိုမှ ဖောက်ပြန်တတ်တဲ့သဘော (ရုပ္ပတီတိ ရူပံ)လို့ ပြောရတာပေါ့။ ကိုယ့်သန္တာန်မှာ သုံးသပ်ကြည့်မယ်ဆိုရင် ရုပ်ရဲ့ သဘောတရားတွေ သိသိသာသာ တွေ့ရမှာပါ။ ခန္ဓာမှာ မာတဲ့သဘော ပျော့တဲ့သဘော နူးညံ့တဲ့သဘောလေးတွေ ရှိနေတာပဲ။ ဒါတွေက ပထ၀ီဓာတ်တွေပေါ့။ အစိုဓာတ် အထိုင်းဓာတ် အစီးဓာတ်လေးတွေလည်း ရှိနေပါတယ်။ ဒါတွေက အာပေါဓာတ်တွေပေါ့။ အပူဓာတ် အနွေးဓာတ် အအေးဓာတ် ဆိုတာလည်း ရှိနေတာပဲ။ ဒါဟာ တေဇောရုပ်ပေါ့။ လှုပ်တဲ့သဘော ငြိမ်တဲ့သဘော ထောက်ကန်တတ်တဲ့သဘောလေးတွေလည်း ရှိနေတာပဲ။ ဒါတွေက ၀ါယောဓာတ်တွေပေါ့။ ဒီဓာတ်ကြီးလေးပါးဟာ အထင်ကရ ရုပ်ဓာတ်တွေဖြစ်လို့ သူတို့ကို မဟာဘုတ်လို့ ခေါ်တယ်။ ဒီဓာတ်ကြီးလေးပါး တစ်ပါးပါးပေါ်တိုင်း ပေါ်တိုင်း ရုပ်ပဲလို့ သိနေရင် အရှိပရမတ်ကို သိနေပါပြီ။
ကျန်တဲ့ရုပ်တွေလည်း ရှိနေသေးတယ်။ ဒါတွေကို အသာထားလိုက်ပါဦး။ အစဦးဆုံး ဒီဓာတ်ကြီးလေးပါးရဲ့ သဘောလေးတွေ ကိုယ့်ခန္ဓာမှာ ရှိ မရှိ ကိုယ်တိုင် သိအောင် စမ်းသပ်ကြည့်ဖို့ လိုအပ်ပါတယ်။ စမ်းသပ်ကြည့်တော့ ပူတာလည်း တွေ့ရမှာပါပဲ။ တကယ်တော့ အပူဓာတ်ဟာ ရုပ်သက်သက်သာဖြစ်ပါတယ်။ ငါပူတာမဟုတ်၊ ရုပ်က ပူနေတာလို့သာ သိပေးနေလိုက်ရင် ရုပ်ကို ရုပ်မှန်း သိသွားပြီပေါ့။ အေးတော့လည်း ငါအေးတာမဟုတ်၊ ရုပ်က အေးနေတာ။ နွေးတော့လည်း ငါနွေးနေတာမဟုတ်၊ ရုပ်ကနွေးနေတာ။ လှုပ်တော့လည်း ငါလှုပ်နေတာမဟုတ်၊ ရုပ်ကလှုပ်နေတာ။ ငြိမ်တော့လည်း ငါငြိမ်နေတာမဟုတ်၊ ရုပ်က ငြိမ်နေတာ။ တောင့်တင်းနေတော့လည်း ငါမဟုတ်၊ ရုပ်။ နူးညံ့ပျော့ပျောင်းနေတော့လည်း ငါမဟုတ်၊ ရုပ်လို့သာ သိသိပေးနေရင် ရုပ်ဆိုတာ အစိုင်အခဲမဟုတ်၊ သဘောတရားစုမျှသာပါလားဆိုတဲ့ အသိ ကိုယ့်ဉာဏ်ထဲ ရောက်လာမှာပါ။
သာမန်အားဖြင့်ကြည့်ရိုးကြည့်စဉ်အတိုင်း ကြည့်နေကြမယ်ဆိုရင် ရုပ်ဆိုလိုက်တာနဲ့ အတုံးအခဲကြီးကိုသာ မြင်ယောင်နေ၊ ထင်ယောင်နေလေ့ရှိကြတယ်။ ဒီအစိုင်အခဲ အထည်ကိုယ်ဒြပ်ကြီးကို ရုပ်လို့ မခေါ်နိုင်ဘူးလားဆိုတော့လည်း ခေါ်နိုင်ပါတယ်။ ဒါက ရှေးရှေးရုပ်တွေနဲ့ နောက်နောက်ရုပ်တွေ ပေါင်းမိ စုမိထားလို့ အထည်ကိုယ်အနေနဲ့ ဖြစ်တည်နေတာပါပဲ။ ၀ိပဿနာရှုတဲ့အချိန်လေးမှာ သိနေရမှာက အဲလို အစုအပေါင်းကြီးကနေ လောလောလတ်လတ် ပေါ်ပေါ်လာတတ်တဲ့ ထွက်ထွက်လာတတ်တဲ့ အပူ၊ အအေး၊ အနွေး၊ အစေး၊ အကပ်၊ အလှုပ်၊ အငြိမ်၊ အတောင့်၊ အတင်း၊ အရွေ့၊ အမာ၊ အပျော့၊ အလျော့၊ အတင်း စတဲ့ သဘောစုသက်သက်လေးတွေကို ပေါ်လာလိုက်၊ သိပေးလိုက်၊ ပေါ်လာလိုက်၊ သိပေးလိုက်။ အဲလိုလေး သိသိပေးနေရင် ရုပ်ကို ဉာဏ်ကသိနေလို့ ရုပ်ကို ပိုင်းခြားသိတဲ့ဉာဏ်တော့ ဖြစ်နေပြီပေါ့။ အဲဒီဉာဏ်ကို ရူပပရိစ္ဆေဒဉာဏ်လို့ ခေါ်တာပါပဲ။ ရုပ်ကို ရုပ်မှန်းသိတော့ ဘာဖြစ်လဲဆိုတော့ တစ်သံသရာလုံးက ဒီအသိ ဒီအမြင်မရှိခဲ့လို့ ဒီရုပ်ကိုပဲ ငါ့ကိုယ် ငါ့ဟာ ငါ့ဥစ္စာထင်မှတ်နေတဲ့ အထင်တွေ အမြင်တွေ ပျောက်သွားတာပေါ့။ ရုပ်ကို ငါထင်တဲ့ ငါစွဲသက္ကာယဒိဋ္ဌိ၊ ရုပ်ကိုပဲ ငါ့ကိုယ်ငါ့ဟာ ငါ့ဥစ္စာထင်တဲ့ တဏှာစွဲတွေ လျော့ကျသွားတာပါပဲ။ ရုပ်ဆိုတာ သဘောတရားအစု သက်သက်မျှသာပါလားဆိုတာ သိသိလာတယ်လေ။ တဏှာစွဲ ဒိဋ္ဌိစွဲတွေနဲ့ စွဲလန်းစရာ မဟုတ်တော့ပဲ ဖြစ်ပြီး ပျက်၊ ပေါ်ပြီးပျောက်ပျောက်သွားတဲ့သဘောလေးတွေသာဖြစ်တယ်လို့ ကိုယ်တိုင် သိနားလည်လာပါတယ်။ ဒီသဘောလေးတွေကိုပဲ တဏှာ ဒိဋ္ဌိတွေနဲ့ စွဲလန်းနေတတ်တာကြောင့် ရုပ်ကို ဥပါဒါနက္ခန္ဓာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ အပြည့်အစုံဆိုရင်တော့ ရူပုပါဒါနက္ခန္ဓာလို့ ခေါ်ပါတယ်။ ဒီ ဥပါဒါနက္ခန္ဓာကိုသာလျှင် ၀ိပဿနာရှုရမယ်ဆိုတာကိုလည်း မှတ်ထားရပါမယ်။ ဟို အတုံးအခဲ ကိုယ်ကာယ ရုပ်ခန္ဓာကြီးက ခန္ဓာမဟုတ်လားဆိုတော့ ခန္ဓာတော့ ဟုတ်ပါတယ်။ ၀ိပဿနာရှုရမယ့် ခန္ဓာတော့မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူ့ကိုကြည့်ရင် အိုတာ မင်းတာ ရင့်တာ ရော်တာတွေလောက်သာ မြင်နေရပြီး ခဏမစဲ တစ်ဖွဲဖွဲ ဖြစ်ပျက်ပြောင်းလဲနေတာတွေကိုကျတော့ မမြင်သာ မထင်သာလို့ပါပဲ။ အတိတ်ရုပ် ပစ္စုပ္ပန်ရုပ် အနာဂတ်ရုပ် စသည်ပေါင်းစုဖွဲ့စည်းထားတဲ့ ကိုယ်ကာယကြီးဖြစ်နေတော့ ကလေးတုန်းကလည်း ငါပဲ၊ ငါ့ကိုယ်ပဲ။ အခုလည်း ငါပဲ၊ ငါ့ကိုယ်ပဲလို့ စွဲစွဲမြဲမြဲထင်မြင်ယူဆထားပြီး ဒီကိုယ်က မွေးကတည်းက ဒီအတိုင်းပဲနေလာပြီး အိုမင်းရင့်ရော် အသက်ကြီး၊ နောက်ဆုံး သေမှပဲ ပျက်စီးတော့တယ်လို့ ခံယူထားမိလေတော့ ရုပ်ပေါ်မှာ မပျက်မစီး တည်မြဲတယ်လို့ အထင်ရောက်နေတယ်။ ဒီအထင်မျိုးကို သဿတဒိဋ္ဌိလို့ခေါ်တာပေါ့။ တကယ်တော့ အဲလိုမှမဟုတ်ဘဲ။ လတ်တလော ဖြစ်ပေါ်နေတဲ့ရုပ်လေးတွေဟာ ဉာဏ်နဲ့ ကြည့်လိုက်တိုင်း ကြည့်လိုက်တိုင်း တစ်ဖွဲဖွဲတစ်သဲသဲ ပြိုကွဲ ပျက်စီး ကြွေကျနေတာမှလွဲလို့ ဘာမှမတွေ့နိုင်တာပဲ။ ဒီလို လတ်တလော ပေါ်ပေါ်လာတဲ့ ရုပ်လေးတွေကိုသာ မြင်အောင်လည်း ကြည့်လို့ရသလို သိသိပေးလို့လည်း ရတာပေါ့။ ဒါကြောင့် လတ်တလော ပေါ်ပေါ်လာတဲ့ ရုပ်လေးတွေကိုပဲ ၀ိပဿနာရှုရမယ့်ခန္ဓာ။ ဒီခန္ဓာမျိုးကို ဥပါဒါနက္ခန္ဓာလို့ ခေါ်ပါတယ်။
ဒါဖြင့် ဥပါဒါနက္ခန္ဓာကို ၀ိပဿနာရှုကြရမယ်ဆိုတာ ပေါ်လာပြီ။ ရုပ်ကို ရုပ်မှန်းလည်း သိနေပြီဆိုတော့ ဒိဋ္ဌိကွာလို့ ဒီလို ပေါ်လာတိုင်း ပေါ်လာတိုင်း ရုပ်လေးတွေအပေါ်မှာ အမြင်က ရှင်းလာပြီဆိုရင် ဒီလို ပေါ်လာတဲ့ရုပ်ကလေးတွေ ငါလားလို့ ဉာဏ်ထဲ မေးစစ်ကြည့်။ ငါ့ဥစ္စာလားလို့ မေးစစ်ကြည့်။ ငါလည်းမဟုတ်၊ ငါ့ဥစ္စာလည်းမဟုတ်ဆိုတာ အလိုလို အဖြေထုတ်ပြီးသားဖြစ်နေလို့ ဒီလို ရှင်းလင်းစွာ သဘောပေါက်နားလည်နေတဲ့ အဆင့်ကို ရုပ်ကို ရုပ်မှန်းသိနေတဲ့ အဆင့်။ အသိနဲ့ ဒိဋ္ဌိပြုတ်နေတဲ့ အဆင့်လို့ မှတ်လိုက်တာပေါ့။ ဒီအသိလေးနဲ့သာ နေလို့ ဒီအသိလေးနဲ့သာ သေနိုင်မယ်ဆိုရင် ဒိဋ္ဌိစွဲကင်းပြီး သေလို့ တစ်ဘ၀နှစ်ဘ၀တော့ အပါယ်တံခါးပိတ်တယ်။
ဒိဋ္ဌိအမြင်မရောတော့ဘူးဆိုရင် ဒီပေါ်တိုင်းပေါ်တိုင်းသော ရုပ်လေးတွေ မြဲလား မမြဲလား ဆက်ပြီး အကဲခတ်လိုက်ပါ။ ပူတာလေးပေါ်လာရင် ဒီအပူလေးက ပျက်လား မပျက်လား အကဲခတ်။ သူက မမြဲဘူး၊ ပျက်တယ်ဆိုတာ ပြောသွားပါလိမ့်မယ်။ ဒါက သူ့သဘောသူ ပြသွားတာပါပဲ။ သူကပြနေတဲ့သူ့သဘောကို ကိုယ့်မနောက သိသိပေးနေလိုက်ရုံပေါ့။ အေးတာလေးပေါ်လာတော့လည်း မြဲ မမြဲအကဲခတ်၊ နွေးတာလေးပေါ်လာတော့လည်း မြဲ မမြဲသာ အကဲခတ်။ လှုပ်တာလေးတွေ ငြိမ်တာလေးတွေ တောင့်တာလေးတွေ တင်းတာလေးတွေ မာတာလေးတွေ ပျော့အိတာလေးတွေ ခန္ဓာမှာ ထင်ရှားပြလာလို့ ရှိရင်လည်း မြဲ မမြဲသာ အကဲခတ်နေလိုက်။ သူ့သက်တမ်းစေ့တာနဲ့ ပျက်ပျက်သွားတာလေးတွေ တွေ့ပြီဆိုရင် ရုပ်တရားတွေဟာ မမြဲပါလား၊ ဖြစ်ပြီး ပျက်ပျက်သွားကြပါလားဆိုတာ သူများပြောမဟုတ်၊ ကိုယ့်ခန္ဓာက ပြောတဲ့အပြော။ ကိုယ့်မနောက ကိုယ်တိုင်သိတဲ့ အသိဖြစ်လာတာပါပဲ။ ဒီလို ပေါ်လာသမျှရုပ်ကလေးတွေ ကြည့်လို့ ဖြစ်ပြီး ပျက်၊ ပေါ်ပြီးပျောက်ပျောက်သွားတာလေးတွေ မြင်လာရပြီဆိုရင် ပေါ်သမျှရုပ်က ဖြစ်ပျက်၊ မြင်တာက မဂ်။ ရုပ်က ဖြစ်ပြီး ပျက်လို့ ဒုက္ခသစ္စာ၊ မြင်နေတာလေးက မဂ္ဂသစ္စာ။ ဒီလို သစ္စာသဘောလေးတွေ သိလာတာပါပဲ။ ဒါဟာ အပွားဉာဏ်နဲ့ သိနေတဲ့ သစ္စာသိ။
ရုပ်ကို ရုပ်မှန်းသိနေတုန်းက ဒိဋ္ဌိကွာနေတယ်။ ဒိဋ္ဌိကွာတော့ အပါယ်တံခါးပိတ်တယ်၊ ဒါပေမယ့် နိဗ္ဗာန်တော့ မရောက်နိုင်သေးဘူး။ ပေါ်ဆဲရုပ်ကို ဖြစ်ပျက်မြင်တော့ မဂ်ပေါ်တယ်။ မဂ်ပေါ်တော့ သစ္စာသိတယ်။ သစ္စာသိတော့ နိဗ္ဗာန်ရောက်တယ်။ ပေါ်ဆဲရုပ်လေးတွေကို ဖြစ်တာလည်းမြင် ပျက်တာလည်းမြင်အောင် ကြည့်နိုင်ပြီဆိုရင် ဖြစ်ပျက်နေတဲ့ ရုပ်လေးတွေဟာ ငါ့ကိုယ်လည်း မဟုတ်၊ ငါ့ဟာလည်း မဟုတ်၊ ငါ့ဥစ္စာလည်းမဟုတ်၊ ဖြစ်ပျက် အနိစ္စ၊ အနိစ္စလက္ခဏာ၊ ဒုက္ခသစ္စာသာ ဟုတ်ပါလားဆိုတာ ကိုယ်တိုင် သိမြင်လာတော့ အပွားဉာဏ်နဲ့ ဒိဋ္ဌိကွာနေပေါ့။ လှုပ်တာလေးပေါ်လာရင် လှုပ်တာရုပ်ကလေးပါလား၊ ငြိမ်တာလေးပေါ်လာတော့လည်း ရုပ်ကလေးပါလားလို့ သိသိပေးနေလိုက်တော့ လှုပ်တာကတစ်ခြား၊ ငြိမ်တာကတစ်ခြား။ လှုပ်တဲ့ရုပ်ကလည်း လှုပ်ပြီးပျက်၊ ငြိမ်တဲ့ဆီမပါ။ ငြိမ်တဲ့ရုပ်ကလည်း ငြိမ်ပြီးပျက်တော့ လှုပ်တဲ့ဆီ မပါ။ ဒီလို သီးခြားစီ မြင်လာရင်ဖြင့် မြင်ရတဲ့ရုပ်က ဖြစ်ပြီးပျက်လို့ ဒုက္ခသစ္စာ၊ မြင်နေတဲ့ဉာဏ်လေးက မဂ္ဂသစ္စာ။ ဖြစ်ပျက်မဂ် ကိုက်နေဆဲအခိုက် ဒိဋ္ဌိကိလေသာ မလာနိုင်ဘဲ သေနေတာက သမုဒယသစ္စာ။ သမုဒယသစ္စာချုပ်တော့ သမုဒယလုပ်မှ ပေါ်ရမယ့် နောင်ခန္ဓာ မလာနိုင်တာက နိရောဓသစ္စာ။ ဒါဖြင့် ရုပ်မှန်းလည်းသိ၊ ဖြစ်ပျက်လည်း မြင်အောင်ကြည့်တတ်လောက်ပါပြီ။ ဒီလိုကြည့်လို့မြင်ရတဲ့ ဖြစ်ပျက်တွေကို မုန်းလာအောင်၊ မုန်းဉာဏ်ရင့်တော့ ဆုံးအောင်သာလိုက်လို့ အရိယာမဂ်ဆိုက်ပြီဆိုရင် နောင်ခန္ဓာအပါယ်ဘေး စိတ်အေးရပြီပေါ့။
ဒေါက်တာအရှင်ပါရမီ
http://www.myakyunthar.comမှတဆင့်ခံစားတင်ပြသည်။မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည်


ကိုယ့်သန္တာန်မှာ ဖြစ်နေဆဲရုပ် ဖြစ်နေဆဲနာမ်ကို သိဖို့အရေးဟာ လွယ်ကူတဲ့အလုပ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် မသိနိုင်ဘူးလားဆိုတော့လဲ ကျကျနန ရှင်းလင်းပြပေးနိုင်မယ်ဆိုရင်တော့ သိနိုင်ပါတယ်။ ရုပ်လို့ ပြောမယ်ဆိုရင်တော့ သာမညအားဖြင့် အပြောဖြစ်လို့ ရူပက္ခန္ဓာကို ပြောခြင်းလို့ မှတ်ထားလိုက်ပေါ့။
ဒီရုပ်ကနေ လတ်တလော ယခုဖြစ်၍ ယခုပျက်တဲ့ရုပ်ကလေးတွေ ပေါ်ဆဲရုပ်ကလေးတွေ ထင်မြင်လာအောင် ကြည့်တတ်မယ်ဆိုရင်တော့ ဥပါဒါနက္ခန္ဓာဖြစ်တဲ့ ၀ိပဿနာအရှုခံရုပ်ကလေးတွေ မြင်နေပြီလို့ ဆိုရပါမယ်။ ဒါကြောင့် ရုပ်လို့ သာမညထင်မြင်နေရင် ရူပက္ခန္ဓာ၊ ပေါ်ဆဲရုပ်လို့ ထူးထူးခြားခြား သိနေရရင်တော့ အဲဒါ ရူပုပါဒါနက္ခန္ဓာလို့ မှတ်လိုက်တာပေါ့။ ဘာလို့လဲဆိုတော့ ရူပက္ခန္ဓာဆိုရင် ခန္ဓာတော့ ဟုတ်ပါတယ်။ ၀ိပဿနာအရှုခံ ခန္ဓာမဟုတ်သေးဘူးလေ။ ပေါ်ဆဲရုပ်ကမှ ၀ိပဿနာအရှုခံခန္ဓာ ဖြစ်တာကိုး။ အဲဒီ ပေါ်ဆဲရုပ်ဟာ ဥပါဒါနက္ခန္ဓာအမည်ရလို့ အရှုခံခန္ဓာဖြစ်သွားတာပါပဲ။ ရှင်းအောင် ပြောရရင် အထည်ရုပ်နဲ့ သဘောရုပ်လို့ တစ်နည်းမှတ်လိုက်ပါ။ အထည်ရုပ်က ကိုင်တွယ်စမ်းသပ်လို့ရတဲ့ ကိုယ်ကာယ။ အဲဒါ ရူပက္ခန္ဓာ။ အဲဒီ အထည်ရုပ်ပေါ်မှာ မှီပြီးပေါ်လာတဲ့ ပူမှုသဘော အေးမှုသဘော စတဲ့ သဘောရုပ်က အရှုခံရုပ်၊ ရူပုပါဒါနက္ခန္ဓာလို့ မှတ်လိုက်တာပေါ့။ အထည်ရုပ်က ရူပက္ခန္ဓာ၊ သဘောရုပ်က ရူပုပါဒါနက္ခန္ဓာ။

ရူပက္ခန္ဓာကို ကျတော့ သံဝေဂဉာဏ်ရလောက်ရုံပဲ ကြည့်လို့ ရှုလို့ရတာ။ ၀ိပဿနာဉာဏ်ဖြစ်အောင် ကြည့်လို့ရှုလို့မရဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်လက် ကိုယ့်ခြေ ကိုယ့်ခေါင်း ကိုယ့်ခါး စသည် မြင်နေတော့ မနေ့ကလဲ ဒီရုပ်ပဲ၊ အခုကြည့်တော့လဲ ဒီရုပ်ပဲလို့ ဒီလို အထင်ရောက်ရောက်လာတဲ့အခါ ကိုယ့်ရုပ် မမြဲဘူးဆိုတဲ့ အနိစ္စသဘော ထင်သာမြင်သာအောင် ရှုလို့ မရဘဲဖြစ်နေတယ်လေ။ တစ်နှစ်နဲ့ တစ်နှစ် အိုမင်းလာတယ်၊ ရင့်ရော်လာတယ်၊ ကြီးပြင်းလာတယ် စသည်လောက်သာ သွားကျိုး ဆန်ဖြူ ငယ်မူပျောက်တာလောက်သာ ထင်ရှားနေတော့ သံဝေဂဉာဏ်တော့ ဖြစ်တာပေါ့။ သူလဲ ၀ိပဿနာအထောက်အကူ ဖြစ်တာပါပဲ။ ဒါပေမယ့် ယခုဖြစ်၍ ယခုပျက်တာကိုမြင်ဖို့ဆိုတာ ဖြစ်ဆဲရုပ်ကို သိနေပါမှ သူပျက်ပျက်သွားတာကိုလည်း ဉာဏ်ထဲ ထင်မြင်လာနိုင်ပါတယ်။ ဒါကြောင့် ပူတာ အေးတာ နွေးတာလေးတွေ၊ လှုပ်တာ ငြိမ်တာလေးတွေ စောင့်ကြည့်တဲ့အခါ ဒီရုပ်လေးတွေဟာ ကိုယ့်ခန္ဓာထဲက ထွက်ပေါ်လာတဲ့ ယခုဖြစ်ဆဲရုပ်လေးတွေလို့ သိသိလာမယ်။ မြဲလား မမြဲလား ပျက်လား မပျက်လားလို့ ဉာဏ်နဲ့ အကဲခတ်လိုက်တဲ့အခါ သူကပဲ ပျက်ပြီ ပျက်ပြီလို့ ပြောပြောသွားလိမ့်မယ်။ သူ့အပြောကို ကိုယ့်မနောကနေ စောင့်ကြည့်နေလိုက်ရုံပဲပေါ့။
နောက်တစ်ဆင့်အနေနဲ့ ဖြစ်ဆဲ ပသာဒရုပ်ကလေးတွေ ထပ်ဆင့်ပြောပြရဦးမယ်။ မျက်စိအကြည်ဆိုတာ ပသာဒရုပ်ပါပဲ။ ထို့အတူ နားအကြည် နှာခေါင်းအကြည် လျှာအကြည် ကိုယ်အကြည်ဆိုတာ နဂိုအရင် ရှိနှင့်ပြီး ရုပ်အကြည်လေးတွေကနေ သူ့ဆိုင်ရာအာရုံနဲ့ တိုက်မှ သူက အလုပ်ထလုပ်ကြတဲ့သဘောလေးတွေပေါ့။ မျက်စိ အဆင်းတိုက်တော့ မြင်စိတ်ပေါ်တယ်ဆိုပါစို့။ မျက်စိအကြည်ရုပ်ကလေးဟာ အဆင်းနဲ့တိုက်လို့သာလျှင် သက်ဝင်လှုပ်ရှားလာတာပါပဲ။ အဲဒီ သက်ဝင်လှုရှားလာတဲ့ အကြည်ရုပ်ကလေးဟာ အရင်က ရှိနှင့်နေတာလားဆိုတော့လဲ မဟုတ်ပါဘူး။ နောက်မှ ဖြစ်ဖို့ စောင့်နေတာလားဆိုတော့လဲ မဟုတ်ပါဘူး။ ယခု အဆင်းအာရုံနဲ့တိုက်ဆိုင်မိလို့သာလျှင် သူဖြစ်လာတာဆိုတော့ ဖြစ်ဆဲရုပ်ကလေး မျက်စိထဲမှာ ပေါ်နေပါလားလို့ သိလိုက်ရတာပေါ့။ ဒါဟာ ယခုဖြစ်ဆဲ စက္ခုပသာဒရုပ်ကလေးပါပဲ။ အဲဒီရုပ်ကလေးကို ဉာဏ်နဲ့ ဘယ်လိုများ အကဲခတ်ရပါ့မလဲဆိုတော့ မျက်စိ အဆင်းတိုက်လို့ မြင်စိတ်ပေါ်တယ်။ မြင်စိတ်ပျက်တော့ မျက်စိအကြည်ရုပ်ကလေးလဲ ပျက်သွားပြီလို့ သိသိပေးနေလိုက်တာပေါ့။ စိတ်ဖြစ်စဉ်ထက်တော့ ရုပ်ဖြစ်စဉ်က အနည်းငယ် ပိုပြီး သက်တမ်းရှည်တယ်လေ။ ဒါပေမယ့် အခုမြင် အခုပျက်ဆိုတော့ ဒီအကြည်ရုပ်ကလဲ နောက်ကနေ လိုက်လိုက် ပျက်ပျက်နေတယ်ဆိုတာ ခန့်မှန်းသိ သိသိပေးနေလိုက်ရင် ရုပ်လေးတွေ ပျက်ပျက်သွားတာ သိမြင်လာနိုင်တာပေါ့။ မျက်စိမှာလာထင်တဲ့ အဆင်းရုပ်လဲ မမြဲသလို အထင်ခံရတဲ့ မျက်စိအကြည်ရုပ်လဲ မမြဲဘူးဆိုတာ မြင်စိတ်နဲ့အတူ ယှဉ်ပြီး အကဲခတ်လိုက်တော့ သိသိလာရပါတယ်။ ဒီအတိုင်းပဲ ကြားစိတ်ပေါ်ဆဲအခိုက် နားအကြည်ရုပ်နဲ့ အသံ၊ နံစိတ်ပေါ်ဆဲအခိုက် နှာခေါင်းအကြည်ရုပ်နဲ့ အနံ့၊ စားစိတ်ပေါ်ဆဲအခိုက် လျှာအကြည်ရုပ်နဲ့ အရသာ၊ ယားနာကောင်းစိတ်ပေါ်ဆဲအခိုက် ကိုယ်အကြည်ရုပ်နဲ့ တွေ့ထိစရာလေးတွေဟာ မမြဲဘဲ ပျက်ပျက်သွားတာကို ဆင်ခြင်ကြည့်ပေးနေရမှာပါ။
ရုပ်မှာ သိတတ်တဲ့သဘောမရှိ၊ နာမ်မှာသာ သိတတ်တဲ့သဘောရှိတယ်ဆိုတာလေးလဲ တစ်ခု မှတ်လိုက်တာပေါ့။ ရုပ်တရားတွေက ဘာကိုမှ သူသိမပေးနိုင်ပါဘူး။ မျက်စိအကြည်ဟာ အဆင်းရူပါရုံကိုပဲ သူ့ဆီမှာ လာပြီး ထင်ဟပ်လိုက်တာပါပဲ။ သူက ဖြူလား မဲလား ကောင်းလား ဆိုးလားဆိုတာ ခွဲခြားဝေဘန် သိပေးနိုင်တဲ့ အစွမ်းမရှိဘူးလေ။ သူတို့နှစ်ခု ပေါင်းဆုံမိမှ ပေါ်လာတဲ့ စိတ်ဆိုတဲ့ နာမ်တရားကသာလျှင် အကောင်းအဆိုး ခွဲခြားသိပေးနိုင်ပါတယ်။ ဒါကြောင့် မသိတာက ရုပ်၊ သိတာက နာမ်လို့ တစ်ချို့ ပြောလေ့ ဟောလေ့ ရှိကြတာပေါ့။ တကယ်တော့ သိတတ်တဲ့ နာမ်သဘော မပါဘူးလို့ ဆိုလိုတာပါပဲ။ နောက်ပြီးတော့ အခိုင်းသမားက နာမ်၊ အလုပ်သမားက ရုပ်လို့ ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီးက မိန့်တော်မူလေ့ ရှိပါတယ်။ ဟုတ်ပါတယ်။ နာမ်က ခိုင်းလို့သာလျှင် ရုပ်တွေက လုပ်ကိုင်ရွေ့လျားပေးနေရတဲ့သဘောပဲလေ။ သွားချင်စိတ်ကြောင့် သွားတယ်၊ စားချင်စိတ်ကြောင့် စားတယ်၊ နားချင်စိတ်ကြောင့် နားတယ်၊ လှုပ်ချင်စိတ်ကြောင့် လှုပ်တယ်၊ ငြိမ်ချင်စိတ်ကြောင့် ငြိမ်ဆယ်စသည်ဖြင့် ဆင်ခြင်တွေးတောကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ သွားချင်တာက စိတ်ဆိုတဲ့ နာမ်တရား၊ သွားတာက စိတ်ကြောင့် ဖြစ်လာတဲ့ ၀ါယောရုပ်ရဲ့ လှုပ်ရှားမှု ရုပ်တရား။ ဒါကြောင့် လင်္ကာဆောင်ပုဒ်လေးတွေတောင် မကြာမကြာ ကြားဖူးကြမှာပါ။ သွားချင်တာက နာမ်၊ သွားဟန်က ရုပ်၊ ရုပ်နာမ်နှစ်သင်း အမြင်ရှင်း သွားရင်းအလုပ်လုပ်။ အိပ်ချင်တာကနာမ်၊ အိပ်ဟန်က ရုပ်၊ ရုပ်နာမ်နှစ်သင်း အမြင်ရှင်း အိပ်ရင်းအလုပ်လုပ်။ စသည်ဖြင့် စပ်ဆိုထားတာလေးတွေပေါ့။ လက်ကလေး ဆန့်တယ် ဆိုပါစို့။ ဆန့်ချင်စိတ်မပါဘဲ ဒီလက်က မဆန့်ပါဘူး။ ဆန့်ချင်စိတ်လေးကြောင့်သာ သူ ဆန့်ဆန့်သွားသလို ကွေးချင်စိတ်ကလေး ပေါ်လာပြန်တော့လဲ သူဟာ အလိုက်သင့်ကလေး ကွေးသွားတာပေါ့။ စိတ်က မောင်းနှင်အားတစ်ခုပါပဲ။ အဲဒီ စိတ်ရဲ့ မောင်းနှင်အားကြောင့် လက်ကလေးက ကွေးတာ ဆန့်တာလေးတွေ ဖြစ်သလို ကျန်တဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာလဲ ဒီလိုသဘောတွေ ဖြန့်ကျက်စဉ်းစား ဆင်ခြင်ကြည့်ပေးမယ်ဆိုရင် သိသာနိုင်တာပေါ့။ ဒါဟာ နာမ်က ခိုင်းလို့ ရုပ်က အလုပ်လုပ်နေရတယ်ဆိုတဲ့သဘောပါပဲ။
ဒါပေမယ့် ရုပ်ဆိုတာ ကံ စိတ် ဥတု အာဟာရ အကြောင်း လေးပါးကြောင့် ဖြစ်နေတာမို့ လှုပ်ရှားမှု မှန်သမျှ စိတ်ကြောင့်ချည်း ဖြစ်နေတာလို့လဲ တရားသေ မှတ်ယူထားလို့ မရတဲ့အခါမျိုးတွေ ရှိနေသေးတယ်လေ။ ကံကြောင့် ဖြစ်နေတဲ့ ရုပ်တွေမှာ စိတ်က ခိုင်းစေနေစရာ မလိုဘဲ သူ့အလိုလို ဖြစ်နေတာရှိသလို ဥတု အာဟာရကြောင့် ရုပ်တွေ ပြောင်းလဲ နေတာတွေကိုလည်း သေသေချာချာ ကြည့်မယ်ဆိုရင် သိသာမြင်သာ ရှိပါတယ်။ ဖောက်ပြန်တတ်သော သဘော ထင်ရှားလို့ ရုပ်လို့ခေါ်တယ်၊ ဒါပေမယ့် သူဖောက်ပြန်တာကလဲ အကြောင်းမဲ့တော့မဟုတ်ဘူးလေ။ ဆိုင်ရာ အကြောင်းတွေ ရှိနေလို့ ဖောက်ပြန်တာပေါ့။ ကံက ပြုပြင်လိုက်ရင်လည်း သူဟာ ပြောင်းလဲသွားရတာမျိုးတွေ ရှိသလို စိတ်ကပြုပြင်လိုက်ရင် ဥတုက ပြုပြင်လိုက်ရင် အာဟာရက ပြုပြင်လိုက်ရင် ပြောင်းလဲသွားတာတွေလဲ ရှိနေပါတယ်။ ကံကတော့ ရုပ်လှအောင် ရုပ်ချောအောင် ရုပ်ဆိုးအောင် ကိုယ်လက်အင်္ဂါ စုံလင်အောင်၊ ကျန်းမာရေးကောင်းအောင်၊ ကျန်းမာရေး မကောင်းအောင် သူ့သတ္တိအားလျော်စွာ ပြုပြင်မှာပေါ့။ စိတ်ထောင်းတော့ ကိုယ်ကျေ၊ စိတ်ပျိုတော့ ကိုယ်နု ဆိုတဲ့အတိုင်း စိတ်တိုင်းကျနေတဲ့အခါ ရုပ်ရည် အသွင်အပြင်ကတစ်မျိုး၊ စိတ်တိုင်းမကျတဲ့အခါ ရုပ်ရည် အသွင်အပြင်ကတစ်မျိုး၊ စိတ်ကြည်နေတဲ့အခိုက် အသွင်အပြင်နဲ့ စိတ် မကြည်မလင်ဖြစ်နေတဲ့အခိုက် အသွင်အပြင် မတူသလို ကုသိုလ်စိတ်ဖြစ်နေတဲ့အခိုက် ရုပ်ရည်အသွင်အပြင်နဲ့ အကုသိုလ်ဖြစ်နေတဲ့အခိုက် ရုပ်ရည်အသွင်အပြင်တွေလဲ မတူတာဟာ စိတ်ကြောင့် ဖြစ်နေတဲ့ စိတ္တဇရုပ်တွေလို့ ခေါ်ပါတယ်။ စိတ်နှင့်အတူ ရုပ်တွေ ပြောင်းလဲ ဖြစ်ပျက်နေတာကို သတိကောင်းစွာ ထားကြည့်မိရင် သိမြင်နိုင်ပါတယ်။ ဒါနကုသိုလ်ပြုနေစဉ် ကိုယ့်သန္တာန်မှာ ကုသိုလ်ရုပ်တွေ စုဖွဲ့ဖြစ်တည်နေသလို သီလကုသိုလ်ပြုစဉ် သီလကုသိုလ်ရုပ်တွေ ဘာဝနာကုသိုလ်ပြုနေစဉ် ဘာဝနာကုသိုလ်ရုပ်တွေ ဖြစ်နေတာပေါ့။ (ကုသိုလ်စိတ်ကြောင့် ဖြစ်တဲ့ရုပ်ကိုပဲ ကုသိုလ်ရုပ်လို့ နားလည်လွယ်အောင် ပြောလိုက်တာပါ။) ထို့အတူ သူတစ်ပါးဥစ္စာ ခိုးယူနေစဉ် ခိုးရုပ်တွေဖြစ်နေမှာပါပဲ။ ကိုယ့်သန္တာန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်နဲ့အတူ ရုပ်တွေကလဲ ပြောင်းလဲနေတာကို သတိထားဆင်ခြင်ကြည့်မှ သိနိုင်ပါတယ်။ မေတ္တာပွားနေတဲ့အခိုက် မေတ္တာရုပ်၊ ဒေါသဖြစ်နေတဲ့အခိုက် ဒေါသရုပ်၊ ကိလေသာ ဖြစ်နေတဲ့ အခိုက် ကိလေသာရုပ်တွေ ဖြစ်နေတာပေါ့။
စိတ်ဆိုတာ ဟဒယ၀တ္ထုမှီပြီးဖြစ်နေတာလေ။ ဟဒယ၀တ္ထုဆိုတာကလည်း ကိုင်တွယ်ပြလို့ ရတဲ့ နှလုံးကို ပြောတာမဟုတ်ပါဘူး။ အဲဒီ နှလုံးထဲမှာရှိတဲ့ သွေးတွေနဲ့အတူ တည်ရှိနေတဲ့ သဘောရုပ်ကလေးတွေပေါ့။ လောဘဖြစ်ရင် လောဘတဏှာကြောင့် အဲဒီ ဟဒယ၀တ္ထုမှာရှိတဲ့ နှလုံးသွေးတွေက ပန်းရောင်အဖြစ်ပြောင်းသွားပြီး ဒီပန်းရောင်သွေးတွေကို သွေးလွှတ်ကြောမှတစ်ဆင့် ခန္ဓာကိုယ်အနှံ့ဖြန့်ကျက်ပေးလိုက်တဲ့အခါ အဲဒီအခိုက် တစ်ကိုယ်လုံး လောဘ တဏှာကြောင့် ဖြစ်တဲ့ ရုပ်တွေနဲ့ ရှင်သန်နေတဲ့အခိုက်ပေါ့။ ဒီအတိုင်းပဲ ဒေါသဖြစ်နေတဲ့အခိုက် ဒေါသကြောင့် သွေးတွေဟာ အနီရင့်ရောင်ပြောင်းသွားပြီး ဒီသွေးတွေကပဲ တစ်ကိုယ်လုံးရှိတဲ့ ရုပ်တွေကို ပြောင်းလဲစေတယ်လေ။ ထို့အတူ မောဟဖြစ်တဲ့အခိုက် နီကြဲကြဲ၊ သဒ္ဓါတရားလေးတွေ ဖြစ်နေတဲ့အခိုက် အ၀ါရောင်၊ ပညာတရားတွေ ဖြစ်နေတဲ့အခိုက် အဖြူရောင် အဖွေးရောင် စသည်ပြောင်းပြောင်းသွားစေအောင်လုပ်တတ်တာဟာ ကိုယ့်သန္တာန်မှာ ဖြစ်တည်နေတဲ့စိတ်ပါပဲ။ ဒါကြောင့် စိတ်ဟာ ရုပ်တွေကို ပြောင်းလဲသွားအောင်လုပ်နိုင်၊ ပြုပြင်ပေးနိုင်တယ်လို့ ဆိုရတာပေါ့။ ဒါကြောင့် ကိုယ်သန္တာန်မှာ ကုသိုလ်ဖြစ်ခိုက် ကုသိုလ်ကြောင့်ဖြစ်တဲ့ရုပ်၊ အကုသိုလ်ဖြစ်ခိုက် အကုသိုလ်ကြောင့်ဖြစ်တဲ့ရုပ်တွေ ဖြစ်နေတယ်လို့ အကြမ်းဖျင်းမှတ်လိုက်တာပေါ့။ ကျန်တဲ့ဝိပါက်စိတ်၊ ကြိယာစိတ်တွေဖြစ်ခိုက် အဲဒီစိတ်တွေကြောင့် ဖြစ်တဲ့ရုပ်တွေလာမှာပါပဲ။
ဥတုဆိုတာကတော့ အပူ အအေး အနွေး အအုံ့ အအိုက် စတာတွေကိုခေါ်ပါတယ်။ အဲဒီ ဥတုဆိုတာကိုက ရုပ်တရား။ အဲဒီရုပ်တရားကြောင့်လည်း ရုပ်တွေဟာ ပြောင်းလဲ ဖောက်ပြန်တတ်ပါတယ်။ ပူလွန်းရင်လည်း ရုပ်တွေက ညှိုး၊ အေးလွန်းရင်လည်း ရုပ်တွေက ခိုက်ခိုက်တုန်၊ နွေးလွန်းရင်လည်း ရုပ်တွေက ပျော့။ ဒါဟာ ကိုယ့်သန္တာန်မှာ အပူကြောင့် ဖောက်ပြန်ပြောင်းလဲနေတဲ့ ရုပ်တရားတွေပါပဲ။ ရာသီဥတုသာယာတဲ့အခါ ရုပ်တွေ လန်းဆန်းနေပြီး ရာသီဥတု မသာယာတဲ့အခါ ရုပ်တွေ ထုံထိုင်းနေတတ်တာတော့ လူတိုင်းသိ ဖြစ်ပါတယ်။ ဒါဟာ ဥတုကနေ ရုပ်တွေကို ပြုပြင်ပေးတဲ့ သဘောသဘာဝတွေပေါ့။ အာဟာရက ရုပ်ကို ပြုပြင်တယ်ဆိုတာက အထူး ပြောစရာတောင် လိုမယ်မထင်ပါဘူး။ အာဟာရပြတ်ရင် ရုပ်က တစ်မျိုး၊ အာဟာရ ပြည့်ဝရင် ရုပ်ကတစ်မျိုး၊ ကောင်းကောင်း စားသောက်ရခိုက်ပေါ်တဲ့ရုပ်နဲ့ ကောင်းကောင်း မစားရတဲ့အခိုက် ပေါ်တဲ့ရုပ် ဆင်ခြင်ကြည့်မယ်ဆိုရင် သိနိုင်ပါတယ်။ ကိုယ်ကြိုက်တာ စားလိုက်ရလို့ ရွှင်ပျနေတဲ့ ရုပ်နဲ့ ကိုယ်ကြိုက်တာ မစားလိုက်ရလို့ မှိုင်တွေနေတဲ့ရုပ်သွင် နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် အာဟာရကြောင့်လည်း ရုပ်တွေ ပြောင်းလဲ ဖောက်ပြန်နေတာပဲဆိုတာ အလိုလိုသိလာမှာပါ။
ဒီလို ပေါ်ဆဲရုပ်လေးတွေကို ပေါ်ဆဲအခိုက် မြင်အောင်ကြည့်မယ်၊ သိအောင်လုပ်မယ်ဆိုရင် ရုပ်ဆိုတာ ကိုယ့်သန္တာန် ပေါ်ဆဲတရားလေးတွေကို ပြောနေတာပါလားလို့ သိလာတာပေါ့။ ဒါဆိုရင် ရုပ်ကို သိနေတဲ့ အဆင့်ရောက်နေပါပြီ။ ဒီလို သိသိနေပြီဆိုရင် မောင်ဖြူလို့ပဲခေါ်ခေါ်၊ မောင်နီလို့ပဲခေါ်ခေါ် အဲဒါတွေက အခေါ်ရှိ၊ အပြောရှိ။ တကယ်ရှိက နာမ်နဲ့ရုပ်-ဆိုတာ သိလာမှာပေါ့။ သမုတိနယ်ကနေ ခေါ်ဝေါ်ပြောဆိုနေတာတွေဟာ လောကမှာ ရှိနေတဲ့ အခေါ်ရှိတွေပေါ့။ ဒီအခေါ်ရှိတွေကို အခေါ်ရှိလို့သာ သိသိနေပြီး အမှန်တကယ်ရှိနေတာက နာမ်နဲ့ရုပ်ပါပဲလို့ ထပ်ဆင့်သိလိုက်တဲ့အခါ ပရမတ်ကို သိသွားတာပါပဲ။ သမုတိလဲ လက်ခံရမှာ ဖြစ်သလို ပရမတ်ကိုလည်း သိအောင်လုပ်ရမှာဖြစ်ပါတယ်။ သမုတိပယ်လိုက်ပြန်ရင်လည်း အဖေမရှိ အမေမရှိ သမုတိလုပ်ပြီး ပြစ်မှားမိမယ်ဆိုရင် အပါယ်သွားရတတ်တယ်။ ဒါကြောင့် သမုတိလည်း မပယ်လေနဲ့၊ သမုတိပယ်က အပါယ်ကျတတ်တယ်။ ပရမတ်ကိုလည်း မကွယ်စေနဲ့၊ ပရမတ်ကွယ်က နိဗ္ဗာန်လွဲတတ်တယ်လို့ မှတ်လိုက်ပါ။ သမုတိတင် လမ်းဆုံးနေရင်လည်း ကိုယ်လိုချင်တဲ့နိဗ္ဗာန်မရောက်နိုင်ပါဘူး။ ဒါကြောင့် သမုတိနဲ့ လမ်းဆုံးမနေဘဲ တကယ်ရှိဖြစ်တဲ့ ပရမတ်ထိအောင် အမြင်ပေါက်လာပါမှ အဲဒီပရမတ်ကို ၀ိပဿနာရှုလို့ ရပါတယ်။ ကိုယ်မြင်ရတဲ့ ရုပ်ပရမတ်၊ နာမ်ပရမတ်ကို ဉာဏ်နဲ့ တွေးတော ဆင်ခြင် စဉ်းစားလိုက်တဲ့အခါ ပူတာလဲ ပူပြီးပျက်၊ အေးတာလည်း အေးပြီးပျက်၊ လှုပ်တာလည်း လှုပ်ပြီးပျက်၊ ငြိမ်တာလည်း ငြိမ်ပြီးပျက်၊ ဧကန်မမြဲဘူးဆိုတာ သူတို့ ပျက်ပျက်သွားတာလေးတွေ မြင်လိုက်တိုင်း အသိတစ်ချက်တစ်ချက်တိုးတိုးလာမှာပါ။ အဲဒီ တိုးလာတဲ့အသိဟာ ၀ိပဿနာမဂ်ဉာဏ်ပါပဲ။
ဒေါက်တာအရှင်ပါရမီ
http://www.myakyunthar.comမှတဆင့်ခံစားတင်ပြသည်။မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။

ရုပ်နာမ်သိမှ ဒိဋ္ဌိကွာမည်


ရုပ်ကို ရုပ်မှန်းသိ၊ ဖြစ်ပျက်မြင်အောင်ကြည့်။ နာမ်ကို နာမ်မှန်းသိ ဖြစ်ပျက်မြင်အောင်ကြည့်။
သာမန်အားဖြင့် ကြည့်ကြမြင်ကြတဲ့အတိုင်း လောကကြီးကို ကြည့်ကြမယ်၊ ရှုမြင်သုံးသပ်ကြမယ်ဆိုရင် ပညတ်တွေ အပေါ်မှာတင် အသိလမ်းဆုံးနေကြတယ်။ ဒီပညတ်တွေကို ခွါနိုင်မှ ပရမတ်ကို ဖောက်ထွင်း မြင်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပညတ်တွေကို ခွါနိုင်အောင် ကြိုးစားကြရမှာပါ။

တကယ်တော့ လောကကြီးမှာ ပညတ်နဲ့ ကင်းကွာလို့လည်း မရပါဘူး။ ပညတ်တွေနဲ့ မှတ်သားပြီး စကားတွေ ပြောဆိုနေကြရတာ၊ ပညတ်တွေနဲ့ မှတ်သားပြီး ပညာတွေ သင်ကြားနေကြရတာ၊ အလုပ်တွေ လုပ်နေကြရတာ။ ဒီလို ပညတ်တွေ သုံးစွဲကြရင်းနဲ့ ပညတ်ကို အားကိုးရာအစစ်၊ အရှိတရားအစစ်အဖြစ် ထင်မြင်လာကြတာဟာ သဘာဝပါပဲ။ လူ၊ ခွေး၊ နွား၊ နတ်၊ ဗြဟ္မာစသည် ခေါ်နေကြတာတွေဟာ တကယ်တော့ ပညတ်တွေမျှသာ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီ ပညတ်တွေကို အခေါ်ရှိလို့ မှတ်လိုက်တာပေါ့။ အခေါ်ရှိအပြောရှိမျှသာ ဖြစ်ပါတယ်။ အခေါ်ရှိ အပြောရှိတွေကိုလည်း နားလည်ထားရမှာဖြစ်ပြီး လက်ခံထားရမှာလည်း ဖြစ်ပါတယ်။ ပစ်ပယ်ထားလို့ မရပါဘူး။ ဒါပေမယ့် ဒီအထင် ဒီအမြင်တွေနဲ့ပဲ ဘ၀ပေါင်းများစွာ သံသရာဖြတ်သန်းခဲ့ကြသကဲ့သို့ နောက်လည်း ဒီအမြင်တွေနဲ့ပဲ ဆက်သွားနေကြဦးမယ်ဆိုရင် ဒီသံသရာဓာတ်ပြား အပ်ကြောင်းထပ်နေဦးမှာသာ ဖြစ်ပါတယ်။ ဒါကြောင့် အခေါ်ရှိ အပြောရှိ ပညတ်တွေ၊ သမုတိနယ်က အမှန်တရားတွေကိုလည်း တစ်ဘက်တစ်လမ်းက နားလည်ထားရမှာ ဖြစ်သလို တကယ်ရှိ အမှန်ရှိဖြစ်တဲ့ ပရမတ်တရားတွေကိုလည်း နားလည်ထားရမှာ ဖြစ်ပါတယ်။ အမှန်ရှိ ပရမတ်ဆိုတာ သဘောတရားမျှသာ ဖြစ်တယ်လေ။ ရုပ်ဆိုရင် ရုပ်ရဲ့ သဘော၊ နာမ်ဆိုရင် နာမ်ရဲ့သဘောလေးတွေကို ကိုယ်ပိုင်ဆင်ခြင်ဉာဏ်လေးနဲ့ စဉ်းစားစဉ်းစားပြီး ခွဲခွဲခြားခြား သိသိပေးနေရင် အခေါ်ရှိကတစ်ခြား အမှန်ရှိကတစ်ခြား၊ အပြောရှိကတစ်ခြား တကယ်ရှိကတစ်ခြားလို့ ခွဲခြားနားလည်တဲ့ ဉာဏ်လေး ရင့်ကျက်လာတာပေါ့။
သမုတိလောကကြီးထဲမှာ ရှင်သန်နေရတဲ့အတွက် သမုတိဝေါဟာရတွေနဲ့တော့ ဘယ်လိုမှ ကင်းလို့ ကွာလို့ မရပါဘူး။ ဒီသမုတိဆိုတဲ့ အခေါ်ရှိ အပြောရှိတွေဟာလည်း အမှန်တရားတွေသာ ဖြစ်ပါတယ်။ အခေါ်ရှိ အပြောရှိက သမုတိ၊ အမှန်တရားက သစ္စာ၊ ပေါင်းလိုက်တော့ သမုတိသစ္စာ လို့ခေါ်တာပေါ့။ သမုတိအမှန်တရားကို လိုက်စားရင် အပါယ်မကျဘူး၊ ဒါပေမယ့် သမုတိတင် လမ်းဆုံးနေရင်လည်း နိဗ္ဗာန်မရဘူး။ ဒါကြောင့် သူက သီလလုံခြုံရုံလောက်ပဲ မှန်ပါတယ်။ ဥပမာ- မင်း ဘယ်သူ့သားလဲလို့ မေးရင် ကျွန်တော် ဦးလှ + ဒေါ်မြရဲ့ သားပါ လို့ပြန်ဖြေတယ်ဆိုပါစို့။ မင်းဆိုတာလည်း သမုတိ၊ ဘယ်သူဘယ်ဝါဆိုတာလည်း သမုတိ၊ သား ဆိုတာလည်း သမုတိ၊ ကျွန်တော်ဆိုတာလည်း သမုတိ၊ ဦးလှဆိုတာလည်း သမုတိ၊ ဒေါ်မြဆိုတာလည်း သမုတိတွေ ပါပဲ။ ဒီသမုတိတွေ ပညတ်နာမည်တွေဟာ မှားသလားဆိုတော့လည်း မမှားပါဘူး။ အားလုံးဟာ အမှန်တရားတွေပါပဲ။ ဒါပေမယ့် ကိုယ့်မိဘနာမည်တွေကို အမှန်အတိုင်း မပြောဘဲ ဦးမြ + ဒေါ်လှရဲ့ သားပါးလို့ အမှားကို ပြောလိုက်မယ်ဆိုရင်တော့ မုသားစကားဖြစ်သွားတာပေါ့။ သမုတိအလွဲအမှားကြောင့် မုသားစကားဖြစ်ရတာပါပဲ။ ဥပမာ- မင်း ဘယ်ဇာတိလဲ လို့မေးလိုက်တဲ့အခါ အမှန်တကယ်က ကိုယ်က မုံရွာဇာတိ၊ တကယ်ဖြေလိုက်တာက ကျွန်တော် ရန်ကုန်ဇာတိပါ လို့ဆိုရင် ဒါဟာ မမှန်တဲ့အမှားပါပဲ။ ရန်ကုန်ဖြစ်ဖြစ်၊ မုံရွာဖြစ်ဖြစ် အရေးစိုက်စရာမလိုပါဘူး၊ အားလုံးဟာ သမုတိတွေချည်းပဲ၊ ကိုယ်ဖြေချင်ရာ ဖြေလိုက်မယ်ဆိုရင် အမှားဖြစ်ကုန်တာပေါ့။ ဒါကြောင့် သမုတိဆိုတာလည်း သူ့အတိုင်းအတာတစ်ခုအထိတော့ မှန်ကန်မှုတွေ ရှိနေတယ်ဆိုတာ သိထားရမှာပါ။ မိဘ ဆိုတာ သမုတိ၊ ဒီသမုတိကို လက်မခံဘူးဆိုရင် မိဘလည်း ဓာတ်ကြီးလေးပါးပဲ ဘာထည့်တွက်စရာလိုလဲလို့ ပြစ်မှားလိုက်တော့ အပါယ်ကျရတယ်လေ။ ဘုရား ရဟန္တာဆိုတာလည်း ပညတ်တွေ သမုတိတွေပါပဲ။ ဒီတော့ လောကမှာ ဘုရားမရှိ၊ ရဟန္တာမရှိ၊ နာမ်နဲ့ ရုပ်သာရှိတယ်ဆိုရင် ဒါ ပရမတ်ရှုထောင့်က ပြောတာဖြစ်တဲ့အတွက်တော့ မမှားဘူး။ သို့သော် အဲဒီအမြင်ကို ရောထွေးယှက်တင်ပြုပြီး သမုတိပယ်လိုက်တဲ့အနေနဲ့ ဘုရားဆိုတာ လက်မခံနိုင်ပါဘူးဆိုရင် သမုတိပယ်ရာ ရောက်သွားပြန်တယ်။ ပြစ်မှားမိမယ်ဆိုရင် အပါယ်ကျရတော့မယ်။ ဒါကြောင့် သမုတိကိုလည်း မပယ်လေနဲ့၊ သမုတိပယ်က အပါယ်ကျတတ်တယ်။ ပရမတ်ကိုလည်း မကွယ်စေနဲ့၊ ပရမတ်ကွယ်က နိဗ္ဗာန်မရဘူးလို့ ပြောရတာပေါ့။
လူ၊ နတ်၊ ဗြဟ္မာ စသည်ခေါ်ဝေါ်ပြောဆိုနေကြတာဟာ တကယ်တော့ သမုတိနယ်ကနေ ပညတ်ဝေါဟာရတွေနဲ့ ခေါ်ဝေါ်ပြောဆိုနေကြတာပါပဲ။ တကယ်အရှိတရားက ရုပ်နဲ့နာမ်သာဖြစ်တယ်။ ဒီတော့ အခေါ်ရှိအပြောရှိတွေကလည်း သူ့နယ်ပယ်နဲ့သူ မှန်နေကြတာချည်းပဲ။ အမှန်အတိုင်း ခေါ်ကြ ပြောကြ ဆိုကြတဲ့အခါကျတော့ မုသားလွတ်တယ်။ ဒါပေမယ့်နိဗ္ဗာန်ရောက်တဲ့အမှန်တရား အစစ်တော့ မဟုတ်သေးဘူးလေ။ ဒီ သမုတိ ပညတ်တွေ ခွါနိုင်အောင် အတော်ကြိုးစားယူကြရတယ်။ ဘာလို့လဲဆိုတော့ အပြောနောက် သဘောပါနေကြတာကိုး။ ပြောလည်း ပြောတယ်၊ ထင်လည်းထင်တယ်။ ဒီလိုဖြစ်နေကြတာ။ ဒါကြောင့် အပြောနဲ့သဘော မရောစေနဲ့။ အပြောကတော့ မပြောမဖြစ်လို့ ပြောကြရတယ်။ သဘောကတော့ အရှိတရား ခန္ဓာငါးပါး၊ ရုပ်နာမ်တရားပါပဲ။ သူလို့ပြောတယ်၊ ငါလို့ပြောတယ်၊ ပုဂ္ဂိုလ်သတ္တ၀ါ၊ သူငါတစ်ပါး ယောက်ျားမိန်းမ စသည်ပြောနေကြတယ်။ ပြောတဲ့အတိုင်းလည်း ဒါဟာ တကယ့်အရှိတရားအဖြစ်နဲ့ ထင်မြင်ယူဆနေကြတယ်ဆိုရင် အဲဒါ တကယ်မရှိတာကို တကယ်ရှိထင်နေလို့ သက္ကာယဒိဋ္ဌိလို့ ခေါ်တယ်။ ဒီသက္ကာယဒိဋ္ဌိဟာ တစ်သံသရာလုံးက ကပ်ငြိစွဲပါလာတဲ့ အယူအဆပါပဲ။ တကယ့်အရှိခန္ဓာကို မသိမမြင်နိုင်အောင် ဒိဋ္ဌိကဖုံးထားတာပေါ့။ ဒီဒိဋ္ဌိဘာကြောင့် ဖုန်းအားကောင်းရပါလိမ့်မလဲဆိုတော့ သမုတိတွေ ပညတ်တွေကို အဟုတ်ရှိ တကယ်ရှိထင်နေလို့ပါပဲ။ ဒါကြောင့် သမုတိမကွာရင်၊ ပညတ်မသိရင် ဒိဋ္ဌိမပြုတ်၊ ဒိဋ္ဌိမပြုတ်ရင် ရုပ်နာမ်မမြင်နိုင်ပါဘူး။ ရုပ်နာမ်မမြင်ရင် ဖြစ်ပျက်လည်း မမြင်၊ ဖြစ်ပျက်မမြင်တော့ သစ္စာမသိ၊ သစ္စာမသိတော့ နိဗ္ဗာန်မရောက်။ ဒါဆို နိဗ္ဗာန်ဘာကြောင့် မရောက်ကြပါလိမ့်မလဲဆိုတော့ မရောက်ခြင်းရဲ့ အကြောင်းတွေက အဆင့်ဆင့်ရှိနေတာလေ။
ဒါကြောင့် နိဗ္ဗာန်ရောက်ကြောင်းတရား အားထုတ်ချင်ရင် သမုတိနဲ့ ပရမတ်ကွဲဖို့၊ ပညတ်နဲ့ ပရမတ်ကွဲပြားစွာ နားလည်ဖို့ ရှေးဦးစွာအရေးကြီးပါတယ်။ သဘောဉာဏ်ထဲမှာ အဲလို ကွဲနေအောင် နားလည်ထားပြီဆိုရင် အပြောပညတ်ကိုလည်း အမှန်သိ၊ သဘောပရမတ်ကိုလည်း အမှန်သိဖြစ်လာတဲ့အခါ ပညတ်ပရမတ်ကွဲတဲ့အဆင့်ရောက်လာတယ်။ ဒီလို ကွဲကွဲပြားပြား နားလည်ထားပြီဆိုရင် ရုပ်ကိုလည်း ရုပ်မှန်းသိ၊ နာမ်ကိုလည်း နာမ်မှန်းသိလာတယ်။ ဒီလို သိနားလည်လာတဲ့အခါ ရုပ်ကို ရုပ်မှန်းသိတော့ ရုပ်အပေါ်မှာ ငါထင်တတ်တဲ့ ဒိဋ္ဌိမ၀င်တော့သလို နာမ်ပေါ်မှာ ငါထင်တတ်တဲ့ ဒိဋ္ဌိလည်း မ၀င်တော့ ရုပ်နာမ်ပေါ်မှာ ငါစွဲ သူစွဲ ပုဂ္ဂိုလ်သတ္တ၀ါစွဲ ဒိဋ္ဌိပြုတ်တာပေါ့။ ဒါကြောင့် ရှေးဦးစွာ ရုပ်ကို ရုပ်မှန်းသိဖို့လိုပါတယ်။ နာမ်ကို နာမ်မှန်းသိနေဖို့လည်း လိုပါတယ်။ ဒီလို သိသိပေးနေရင် နာမ်ရုပ်ကွဲတဲ့ နာမရူပပရိစ္ဆေဒဉာဏ် ကိုယ့်သန္တာန်မှာ ဖြစ်နေတာပါပဲ။ ဒီဉာဏ်လေးတောင်မှ အခုပြောတော့လွယ်သလိုလိုနဲ့ ဘုရားသာသနာနဲ့ ကြုံလို့သာ သိခွင့်ရတဲ့အသိ၊ မြင်ခွင့်ရတဲ့ အမြင်။ ဒီလိုမှ သာသနာနဲ့ မကြုံ မဆုံရရင် ဒီလိုလေး ခွဲခြားစွာ မြင်နိုင်ဖို့တောင် မလွယ်လှပါဘူး။ ဒီအမြင်လေးနဲ့သာ နေလို့ ဒီအမြင်လေးနဲ့သာ သေသွားဦးတောင်မှ မှန်ကန်တဲ့အမြင်လေးရှိနေတဲ့အတွက် ဒိဋ္ဌိရှင်းနေတယ်။ ဒိဋ္ဌိရှင်းနေတော့ ဘာပဲဖြစ်ဖြစ် သုဂတိတော့ ဘ၀ကူးစိတ်ချရတယ်လေ။ ဒီအမြင်လေးဟာ သာမန်တွေးရင် ဘာမှမဆန်းဘူးထင်ရပေမယ့် ဒိဋ္ဌိပြုတ်တဲ့အမြင်လေးဖြစ်နေတယ်၊ အကျိုးပေးကလည်း သုဂတိသို့ တန်းနေတယ်။ ဒါကြောင့် ရုပ်နာမ်ကွဲရင် ဒိဋ္ဌိပြုတ်တယ်၊ အပါယ်မကျဘူး။ ဒါပေမယ့် နိဗ္ဗာန်တော့ မရောက်သေးဘူးလို့ မှတ်လိုက်တာပေါ့။
နိဗ္ဗာန်ရောက်ချင်ရင်တော့ တစ်ဆင့် ထပ်တက်ရပေလိမ့်မယ်။ အဲဒီရုပ် အဲဒီနာမ်တွေဟာ ဒီအတိုင်းနေသလား၊ ပြောင်းလဲနေသလားဆိုတာလေးတွေ ဆက်တွေးပေးရလိမ့်မယ်။ အတွေးလေးထည့်ပေးပြီး အလုပ်လုပ်လိုက်တာပေါ့။ ပကတိမျက်စိနဲ့ မြင်နေရတဲ့ ရုပ်ခန္ဓာကြီးကို မဆိုလိုဘူး။ အဲဒါက မျက်မြင်ခန္ဓာသာ ဖြစ်တယ်။ မျက်မြင်ခန္ဓာကို သဘောပြောင်းလဲမှု မြင်အောင် ကြည့်လို့ မဖြစ်နိုင်ဘူးလေ။ အခုကြည့်ရမှာက အတွေးထဲမှာ မြင်နေရမယ့် ခန္ဓာ၊ သဘောခန္ဓာမျှသာဖြစ်တယ်။ အဲဒီခန္ဓာကို ဉာဏ်မြင်ခန္ဓာလို့ မှတ်လိုက်တာပေါ့။ ဥပါဒါနက္ခန္ဓာပါပဲ။ ရုပ်ဆိုတာလည်း သဘောတရားပဲ၊ နာမ်ဆိုတာလည်း သဘောတရားပဲ။ ဒီသဘောတရားလေးတွေကို အတွေးအာရုံထဲ ခေါ်ယူပြီး မြဲလား မမြဲလား၊ ပျက်လား မပျက်လားဆိုတာ စဉ်းစားဆင်ခြင်ကြည့်တာပေါ့။ အဲလို စူးစူးစိုက်စိုက် စဉ်းစားလိုက်တဲ့အခါ သူတို့က မမြဲဘူး၊ ပျက်တယ်လို့ဆိုတာ အမှန်အတိုင်း အရှိအတိုင်း ပြောပြောသွားလိမ့်မယ်။ ရုပ်မှန်း နာမ်မှန်းသိတုန်းက အရှိကိုသိနေတာ။ ပရမတ်ကို သိနေတာ။ ဒါလည်းပဲ အမှန်တရားပါပဲ။ ဒါကြောင့် အရှိက ပရမတ်၊ အမှန်တရားက သစ္စာ၊ ပေါင်းလိုက်တော့ ပရမတ္ထသစ္စာပေါ့။ အဲဒီလို ပရမတ်အရှိတရားကို သိနေတဲ့အသိလေးဟာ ရုပ်နာမ်ကွဲတဲ့အသိ၊ ပရမတ်စစ်စစ်ကို မြင်နေတဲ့အမြင်ပါပဲ။ ပရမတ်မြင်မှ ဒိဋ္ဌိစင်၊ ဒိဋ္ဌိစင်မှ ဖြစ်ပျက်မြင်၊ ဖြစ်ပျက်မြင်မှ သစ္စာသိ၊ သစ္စာသိမှ နိဗ္ဗာန်ရောက်။ ဒီလို ဆင့်ကဲတက်ယူရမှာကိုး။ ဒီပရမတ်ကို မမြင်နိုင်အောင် ပညတ်ကကွယ်တယ်၊ သမုတိကကွယ်တယ်၊ ဒိဋ္ဌိက ကွယ်ထားတယ်။ ဒီအကွယ်တွေ ဖယ်ရှားနိုင်မှ ပရမတ်ကို ဖောက်ထွင်းမြင်နိုင်ပြီး သဘောဆိုက်အောင် ကြည့်လို့ ရမယ်လေ။ ဒီလိုကြည့်လိုက်လို့ သဘောပြောင်းလဲမှုလေးတွေ မြင်လာပြီဆိုရင် ပရမတ်အရှိသိတုန်းက အဖြစ်ကိုမြင်တာ၊ ပြောင်းလဲမှုကို သိတော့ အပျက်ကို မြင်တာ။ ဖြစ်ပျက်အစုံမြင်လာတာပေါ့။ ဒီတော့ ဖြစ်ပျက်က ဒုက္ခသစ္စာ၊ မြင်တာက မဂ္ဂသစ္စာ၊ သေသွားတဲ့ ဒိဋ္ဌိက သမုဒယသစ္စာ၊ ဒိဋ္ဌိလုပ်မှရောက်မယ့် အပါယ်ခန္ဓာ မလာတော့တာက နိရောဓသစ္စာပါပဲ။ ဒါဖြင့် ဖြစ်ပျက်မြင်ရင် သစ္စာမြင်တယ်။ ဖြစ်ပျက်သိရင် သစ္စာသိတယ်။ ဒီဖြစ်ပျက်တွေ မြင်ဖန်များအောင်လုပ်နိုင်ရင် ဒီဖြစ်ပျက်ခန္ဓာ ဒုက္ခသစ္စာတွေ မုန်းတဲ့ ဉာဏ်တက်လာလို့ မုန်းဉာဏ်ရင့်သန်လာရင် ဖြစ်ပျက်ပျောက်ဆုံးသွားတဲ့အခါ နိဗ္ဗာန်တံခါး ပွင့်ပြီပေါ့။ ဒါကြောင့် ရုပ်နာမ်သိတော့ ဒိဋ္ဌိပြုတ်၊ ဒိဋ္ဌိပြုတ်တော့ အပါယ်တံခါးပိတ်တယ်။ နိဗ္ဗာန်တော့ မရောက်သေးဘူး။ ဖြစ်ပျက်မြင်အောင်လုပ်မှ သစ္စာသိ၊ သစ္စာသိမှ နိဗ္ဗာန်ရောက်ပါလိမ့်မယ်။ သစ္စာမသိဘဲနဲ့ ဘယ်သူမှ နိဗ္ဗာန်မရောက်နိုင်ပါဘူး။
ဒါကြောင့် ပညတ်နဲ့ ပရမတ်၊ သမုတိနဲ့ ပရမတ်ကွဲမှ ရုပ်နာမ်သိ။ ရုပ်နာမ်သိမှ ဒိဋ္ဌိကွာ။ ဒိဋ္ဌိကွာမှ ရုပ်သဘော နာမ်သဘော အမှန်သိ၊ အမှန်သိမှ ဖြစ်ပျက်မြင်။ ဖြစ်ပျက်မြင်တော့ သစ္စာသိ၊ သစ္စာသိတော့ နိဗ္ဗာန်တံခါးပွင့်ပြီပေါ့။
ဒေါက်တာအရှင်ပါရမီ
http://www.myakyunthar.comမှတဆင့်ခံစားတင်ပြသည်။မူကြိုဆရာ၏ဘလော့များကို www.damanady.tk တွင်လဲဖတ်ရှုနိင်သည်။

No comments: