Monday, June 24, 2013

၂၀၁၅ အကူးအပြောင်းကို စိတ်ပူကြောင်းဦးလှမောင်ရွှေ ပြောကြား.....

ကမ္ဘာပေါ်တွင် တပ်မတော်မှ ကမကထ ပြုပေးသည့် အသွင်ကူးပြောင်းမှုများ၏ တစ်ဝက်မှာ အောင်မြင်မှု မရရှိသောကြောင့် ၂၀၁၅ အကူးအပြောင်းကို စိတ်ပူကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေ ပြောကြား.....

ကမ္ဘာပေါ်တွင် တပ်မတော်မှ ကမကထ ပြုပေးသည့် အသွင်ကူးပြောင်းမှုများ၏ တစ်ဝက်မှာ အောင်မြင်မှု မရရှိသောကြောင့် ၂၀၁၅ အကူးအပြောင်းကို စိတ်ပူကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် Myanmar Peace Center မှ အထူးအကြံပေး အရာရှိ ဦးလှမောင်ရွှေက ပြောကြားသည်။

ဇွန် ၂၂ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့ နယ် ရွှေဂုံတိုင်ရှိ ယုဇနဟိုတယ်တွင် ကျင်းပခဲ့သည့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေနှင့် သတင်းမီဒီယာ အသီးသီးမှ သတင်းသမားများ တွေ့ဆုံဆွေးနွေးသည့် အခမ်းအနားတွင် ဦးလှမောင်ရွှေက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဦးလှမောင်ရွှေက "၂၀၁၅ အကူးအပြောင်းဟာ ၂၀၁၀ အကူးအပြောင်းထက် ပိုအရေးကြီးပါတယ်။ ၂၀၁၀ အကူးအပြောင်းက ပြီးလည်းပြီးသွားပြီ။ ကျွန်တော် အခုစိတ်ပူတာက ၂၀၁၅ အကူးအပြောင်းကို စိတ်ပူတာပါ။ ဘာကြောင့်လဲလို့ ပြောရရင် ကျွန်တော်တို့နိုင်ငံရဲ့ အကူးအပြောင်းဟာ ထင်သလောက် မလွယ်ပါဘူး။ ကျွန်တော်တို့ဆီမှာရှိတဲ့ ဒေါက်တာမင်းဇော်ဦးပြောတာ ရှိပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ တပ်မတော်များက စပွန်ဆာ လုပ်ပေးလိုက်တဲ့ အသွင်ကူးပြောင်းမှုတွေရဲ့ တစ်ဝက်ဟာ မအောင်မြင်ဘူးလို့ ပြောပါတယ်။ တစ်ဝက် မအောင်မြင်ဘူးဆိုလို့ ကျွန်တော်တို့ဆီမှာ အောင်မြင်ဖို့ တစ်ဝက်ပဲ ရှိတာလား။ ဖန်ခွက်ထဲမှာ ရေတစ်ဝက်ပဲ ရှိတာလား တစ်ဝက်ရှိနေတယ်လို့ ပြောရမလားဆိုပြီး ပြောတဲ့သူတွေ ရှိပါတယ်" ဟု ပြောကြားသည်။

တပ်မတော်မှ ကမကထပြု၍ အသွင်ကူးပြောင်းမှု ပြုလုပ်ရာတွင် မအောင်မြင်သည့် နိုင်ငံအများစုတွင်ရှိသည့် သတ်မှတ်ချက်များ မြန်မာနိုင်ငံတွင် ရှိနေသည့်အပြင် မြန်မာနိုင်ငံတွင် ယင်းမအောင်မြင်သည့် နိုင်ငံများထက် လက်နက်ကိုင် အဖွဲ့အစည်း ပိုမိုများပြားနေသောကြောင့် ၂၀၁၅ အသွင်ကူးပြောင်းမှုသည် အရေးကြီးပြီး မီဒီယာများ အပါအ၀င် အားလုံးဝိုင်းဝန်း လုပ်ဆောင်ရန် လိုအပ်သည်ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

"မအောင်မြင်တဲ့ နိုင်ငံတွေမှာရှိတဲ့ Criteria အကုန်လုံး ဒီမှာရှိတယ်။ ပိုများတဲ့ Criteria ကတော့ ဒီလောက်များတဲ့ လက်နက်ကိုင် အဖွဲ့အစည်း သူတို့မှာမရှိဘူး။ ကျွန်တော်တို့နိုင်ငံမှာ ရှိတယ်။ ဒါကြောင့် ဒီအသွင်ကူးပြောင်းမှုဟာ သိပ်ကိုအရေးကြီးပါတယ်။ ဒီလုပ်ငန်းတွေ လုပ်ရင်းလုပ်ရင်းနဲ့ ကျွန်တော့်စိတ်ထဲမှာ ခံစားရတာကို ပြန်ပြီးဝေမျှပေးတာပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ စကားလုံး တစ်လုံးကြောင့် ငြိမ်းချမ်းရေး ပျက်နိုင်တယ်။ စာကြောင်းတစ်ကြောင်းကြောင့် ငြိမ်းချမ်းရေး ပျက်နိုင်တယ်။ မီဒီယာအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် အကူးအပြောင်းမှာ အားလုံးဝိုင်းကူပေးဖို့ မေတ္တာရပ်ခံပါတယ်" ဟု ဦးလှမောင်ရွှေက ပြောကြားသည်။

လက်ရှိအချိန်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၃ ဖွဲ့တို့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားပြီးဖြစ်ပြီး အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးသည့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် သဘောတူညီမှု ရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိကာ တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

EMG

No comments: